Latest News

Monday, January 16, 2017

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်သစ် စတင်ဆောင်ရွက်လိုက်ပြီလိုအပ်ချက်များအပေါ် ပြန်လည်သုံးသပ် ဖြည့်စွက်ဆောင်ရွက်သွားမည်ဖြစ်

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်သစ် စတင်ဆောင်ရွက်လိုက်ပြီလိုအပ်ချက်များအပေါ် ပြန်လည်သုံးသပ် ဖြည့်စွက်ဆောင်ရွက်သွားမည်ဖြစ်


ရန်ကုန်မြို့၏ ခရီးသည်သယ်ယူပို့ဆောင်ရေးကဏ္ဍကို နှစ်ပေါင်း ၅ဝ ကျော်ကြာ တာဝန်ယူလုပ်ကိုင်ခဲ့သည့် မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ) ကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့၏ကြီးကြပ်မှုဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်သစ်ကို ယနေ့ နံနက်ပိုင်းက စတင်လိုက်သည်။

အလားတူ ရန်ကုန်မြို့ရှိ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ) မြို့တွင်း(ရုံးချုပ်)၌ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(ဗဟို) ရုံးကို တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အခက်အခဲရှိနိုင်

'' ပထမဦးဆုံးနေ့မှာ အားလုံးအဆင်ပြေချောမွေ့လိမ့် မယ်လို့ မထင်ဘူး။ ယာဉ်ပိုင်ရှင်ဘက်မှာလည်း အခက်အခဲ တစ်ခုရှိတယ်။ ယာဉ်ပိုင်ရှင်ကလည်း မူလပုံစံအတိုင်းပဲ သွား ချင်တယ်။ ယာဉ်စီးနေတဲ့သူတွေကလည်း အသစ်ဖြစ်သွားတဲ့ အတွက် ပုံစံမကျသေးဘူး။ ‘ဒီအခြေအနေလေးတွေ အခက် အခဲရှိနိုင်တယ်။ တစ်ချက်ကတော့ ကားတွေမှာ လူတွေ တော်တော်$ကျပ်နေတယ်။ လွှတ်ပေးလိုက်တဲ့အချိန်က နည်းနည်းလေးမစိပ်ဘူးဖြစ်နေတော့ အနည်းငယ်$ကျပ်တယ်။ ဒီအခြေအနေလေးမှာ အဆင်ပြေအောင် ဆောင်ရွက်မယ်။ မနေ့တုန်းကမှ ကားတွေကို စတစ်ကာကပ်ရတဲ့အတွက် နည်းနည်းကျဲ သွားတယ်။ ဒီအခြေအနေပေါ်မှာ ကျွန်တော်တို့ အဆင်ပြေအောင် ဆောင်ရွက်မယ်'' ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါရုံးဖွင့်ပွဲသို့ တက်ရောက် လာစဉ် မီဒီယာများကို ပြောကြားသည်။

ယင်းသို့ပြေးဆွဲရာတွင် ယာဉ်လိုင်းပေါင်း ၇ဝ မှ ကနဦး စာရင်းများအရ ယာဉ်အစီးရေ ၄ဝဝဝ ခန့်ဖြင့် စတင် ပြေးဆွဲသွားမည်ဖြစ်ပြီး ခရီးစဉ်တိုသည့် ယာဉ်လမ်းကြောင်း တွင် ယာဉ်အစီးရေ ၅၅ စီးခန့်ဖြင့်လည်းကောင်း၊ ခရီးစဉ်ရှည် သည့်လမ်းကြောင်းတွင် ယာဉ်အစီးရေ ၁၁ဝ ကျော်ခန့်ဖြင့် လည်းကောင်း အသုံးပြုပြေးဆွဲသွားမည်ဖြစ်သည့်အပြင် ခရီးသွားပြည်သူ အများဆုံးဖြစ်သည့် ရုံးတက်၊ ရုံးဆင်းချိန် များတွင် နှစ်မိနစ်၊ သုံးမိနစ်ခြား တစ်စီးနှုန်းဖြင့် လည်းကောင်း၊ ကျန်အချိန်များတွင် ငါးမိနစ်ခြား တစ်စီးနှုန်းဖြင့် လည်းကောင်း လွှတ်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော် က ပြောကြားထားသည်။

စနစ်ပြောင်းတာ ကြိုဆိုပါတယ်

ဘတ်စ်ကားလိုင်း စနစ်ပြောင်းလဲ ပြေးဆွဲသည့် ယနေ့ နံနက်ပိုင်းတွင် ပြည်သူတို့အနေဖြင့် အခက်အခဲတချို့ ကြုံတွေ့ခဲ့ကြရသည့်အပေါ် မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူ ကုမ္ပဏီဝန်ထမ်းကိုးဦးက “ ''မနက်အစောပိုင်းတုန်းက မှတ်တိုင်မှာ လူတစ်ရာကျော်လောက် ကိုယ်စီးမယ့်ကားကို စောင့်နေရတယ်။ လိုင်းကားကလည်း တစ်စီးနဲ့တစ်စီး တော်တော်ခြားတယ်။ လာတော့လည်း ခရီးသည်တွေအပြည့် နဲ့ဆိုတော့ တက်လို့တောင်မရဘူး။ တစ်နာရီကျော်လောက် စောင့်ပြီးမှ ကျပ်ကျပ်တည်းတည်း စီးခဲ့ရတယ်။ တချို့ဆိုရင် ကားပေါ်မှာ သတိလစ်သွားတဲ့သူတွေတောင်ရှိတယ်။ အခုလို လိုင်းကားစနစ်တွေပြောင်းတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ မြန်မြန်ပြောင်းလိုက်တဲ့ အတွက် အခက်အခဲတွေကတော့ အများကြီးပါပဲ'' ဟု ပြောသည်။

အားလုံးအဆင်ပြေသွားမှာပါ

''ရုံးချိန်ဖြစ်တဲ့ မနက်ပိုင်းမှာတော့ မှတ်တိုင်တွေမှာ ခရီးသည်တွေ စုပုံသွားတယ်လို့ကြားတယ်။ တချို့ကတော့ ရုံးချိန်မမီမှာစိုးရိမ်လို့ မဖြစ်မနွှေထေင နဲ့ သွားတာတွေ လည်းရှိကြတယ်။ ရုံးချိန်နောက်ပိုင်းမှာတော့ ပုံမှန်ပြန်ဖြစ် သွားပါတယ်။ အငှားယာဉ်မောင်းတွေအနေနဲ့ သိပ်မထူးခြား သွားပါဘူး။ အခုပြောင်းလဲလိုက်တဲ့ စနစ်က ကောင်းပါတယ်။ အချိန်ကြာလာရင် အားလုံးအဆင်ပြေသွားမှာပါ'' ဟု အငှား ယာဉ်မောင်း ဦးသစ်ဆန်းက ပြောသည်။

ကူညီပို့ဆောင်ပေး

ရန်ကုန်မြို့၌ ဘတ်စ်ကားလိုင်း စနစ်ပြောင်းလဲ ပြေးဆွဲလိုက်သည့် ယနေ့ နံနက်ပိုင်းတွင် ခရီးသွားပြည်သူတို့ အနေဖြင့် အခက်အခဲတချို့ကို ကြုံတွေ့ကြရာ မှတ်တိုင်များ တွင် စေတနာ့ဝန်ထမ်းများက လမ်းညွှန်ကူညီမှုများပြုလုပ် ပေးလျက်ရှိသည့်အပြင် ပရဟိတအသင်းအဖွဲ့များ၊ စေတနာ ရှင်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက အခမဲ့ကြိုပို့ ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးကြသည်။

ထိုသို့ ကူညီဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်းဆုံမှတ်တိုင်တွင် ပြည်သူ များသွားလာမှုလွယ်ကူ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေး နေသည့်စေတနာ့ဝန်ထမ်း ဦးထိန်ဝင်းက '' ပြည်သူတွေအနေ နဲ့ ဘတ်စ်ကားစီးတဲ့အခါမှာ လမ်းကြောင်းတွေပြောင်းသွားတဲ့ အတွက် အခက်အခဲတွေတော့ရှိပါတယ်။ သူတို့ သွားမယ့် လမ်းကြောင်းအပေါ် လိုရာခရီးရောက်ဖို့ ကျွန်တော်တို့အနေနဲ့ လမ်းညွှန်မှုတွေလုပ်ပေးပါတယ်။ အများစုကတော့ လမ်းညွှန် ဆိုင်းဘုတ်ကိုကြည့်ပြီး မစီးတတ်သေးပါဘူး။ ‘ဒီမှတ်တိုင်မှာ ဘယ်လို ယာဉ်လိုင်းတွေရပ်မယ်ဆိုတာကို မသိကြဘူးဖြစ်နေ တယ်။ တကယ်ဆိုရင် သက်ဆိုင်ရာမှတ်တိုင်မှာရပ်မယ့် ယာဉ်လိုင်းတွေကို လမ်းညွှန်ဆိုင်းဘုတ်မှာ အမှတ်အသားတစ်ခုနဲ့ဖော်ပြထားသင့်ပါတယ်။ ဒါမှလည်း ပြည်သူတွေအနေ နဲ့ အလွယ်တကူနားလည်မှာပါ။ ဒီစနစ်က ကောင်းမွန်တဲ့ စနစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ကြိုဆိုတယ်။ နောက်ပိုင်းမှာတော့ အဆင်ပြေသွားမှာပါ'' ဟု ပြောသည်။
ပြည်သူတို့အနေဖြင့် ဘတ်စ်ကားလိုင်းစနစ်ပြောင်းလဲ ပြေးဆွဲမှုနှင့် ပတ်သက်၍ ကြိုတင်လေ့လာသိရှိထားသူများရှိ သကဲ့သို့ ဘတ်စ်ကားလိုင်းစနစ်ပြောင်းလဲပြေးဆွဲမှုကိုပင် မသိရှိသေးသော ပြည်သူများပင်ရှိနေကြောင်း၊ ပြည်သူတို့ အနေဖြင့် အခက်အခဲတချို့ကြုံတွေ့ခဲ့ရသော်လည်း ကြိုဆို ထောက်ခံမှုများရှိကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုသည်။
''အခုလို ပြောင်းလဲလိုက်တာကို ပြည်သူအများစု နားလည်ဖို့လိုပါတယ်၊ မနက်ပိုင်းမှာ လိုင်းကားစီးရင်$ ကျပ် တာက အခုမှမဟုတ်ပါဘူး၊ အရင်တုန်းကလည်း ကျပ်တာပါပဲ၊ ကျန်တဲ့အချိန်တွေမှာတော့ လူနည်းသွားပါတယ်၊ ကောင်းဖို့ လုပ်တာကို ကျွန်တော်တို့က ကြိုဆိုရမယ်လေ၊ မနက်ပိုင်းမှာ မှတ်တိုင် တွေမှာ လူတွေပြည့်နေတယ်ဆိုတာကလည်း ကိုယ်စီးရမယ့် ကားကို မသိလို့စောင့်နေတာတွေများပါတယ်၊ ဘယ်ကားစီးရမယ် ဆိုတာမသိရင် စေတနာ့ဝန်ထမ်းတွေ ကိုမေး၊ ဒါမှမဟုတ် လမ်းညွှန်ဆိုင်းဘုတ်ကို ဖတ်ဖို့လိုပါတယ်၊ အခုမှစတဲ့ သဘောဖြစ်လို့ အဖြေမထွက်သေးပါဘူး၊ အစိုးရအနေနဲ့လည်း ပြည်သူတွေရဲ့ အသံတွေကိုနားထောင် ပြီး အားနည်းချက် အားသာချက်တွေကို ပြန်လည်ပြင်ဆင်သွား မယ်လို့ ပြောထားတဲ့အတွက် အားလုံးအဆင်ပြေသွားမှာပါ'' ဟု ပွဲရုံလုပ်ငန်းရှင် ဦးကျော်ခိုင်က ပြောသည်။

ယာဉ်လမ်းပိတ်ဆို့မှုများပင် ပြုလုပ်ခဲ့
ဘတ်စ်ကားလိုင်းများ စတင်ပြေးဆွဲသည့် ယနေ့တွင် မြို့နယ်တချို့အတွင်း၌ ဘတ်စ်ကားလိုင်းပြေးဆွဲပေးမှု အစီး ရေနှင့် စီးနင်းသူအရေအတွက်မမျှတသည့်အတွက် အခက် အခဲကို ပြည်သူတချို့ ကြုံတွေ့ခဲ့ကြရာ ယနေ့နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်းလမ်းမ (၅)ထိပ် မှတ်တိုင်နှင့် ၃ ထိပ်မှတ်တိုင်ကြားတွင် ခရီးသွားပြည်သူများက လမ်းမပေါ်တက်ကာ ယာဉ်လမ်းပိတ်ဆို့မှုများပင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
ရုံးသွားချိန်နှင့် အများပြည်သူ အလုပ်သွားချိန်ဖြစ်သော နံနက် ၇ နာရီခန့်တွင် အဆိုပါနေရာသို့ပြေးဆွဲသော ယာဉ်နှင့် ခရီးသွားပြည်သူများ လုံလောက်မျှတမှုမရှိသောကြောင့် ခရီးသွားပြည်သူ ၃ဝဝ ခန့်မှာ (၅) ထိပ် မှတ်တိုင်နှင့် (၃) ထိပ် မှတ်တိုင်တို့၌စောင့်ဆိုင်းနေစဉ် ယာဉ်များအား အလု အယက်စီးနင်းရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့သဖြင့် လှိုင်သာယာ မြို့မရဲစခန်းမှ တာဝန်ရှိသူတို့နှင့်အတူ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်း များမှ အသင်းဝင်များက လာရောက်ရှင်းလင်းပေးရာ နံနက် ၇ နာရီ ၃၅ မိနစ်တွင် ယာဉ်လမ်းကြောင်း ပြန်လည်ပွင့်သွား ခဲ့ကြောင်း သိရသည်။
အော်ဟစ်တာမျိုးတွေ ပြုလုပ်
''လိုင်းကားတွေက တစ်စီးပြီးတစ်စီး လာတယ်၊ ဒါပေ မယ့် ခရီးသည်တွေအပြည့်ပါလာလို့ ကားပေါ်တက်လို့မရဘူး၊ အချို့ကားတွေကျတော့လည်း လူပြည့်နေတော့ မှတ်တိုင်မှာ မရပ်တော့ဘူး၊ အဲဒါကြောင့် စောင့်နေတဲ့ခရီးသည်တွေက ဒေါသတွေထွက်ပြီး ကားလမ်းပေါ် ပိတ်ထိုင်တဲ့သူကထိုင်၊ အချို့တွေက ထမင်းချိုင့်တွေဖွင့်စားကြတာမျိုး လုပ်နေတဲ့ အပြင် အော်ဟစ်တာမျိုးတွေ ပြုလုပ်ကြတာပါ''ဟု အဆိုပါ ဖြစ်ပွားမှုကို မျက်မြင်တွေ့ရှိသူတစ်ဦးဖြစ်သူ ဦးမြတ်သူက ပြောသည်။
ထိုသို့ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ “'' ခရီးသွားပြည်သူတွေ အနေနဲ့ အလုပ်ချိန်နောက်ကျမှာကို စိုးရိမ်ပြီး လိုင်းကား တွေပေါ် အလုအယက်တက်ကြရင်းနဲ့ ဖြစ်သွားတာပါ၊ ဆန္ဒပြ တာမဟုတ်ပါဘူး၊ ပထမဆုံးနေ့ဖြစ်လို့ ဘာတွေအခက်အခဲ ရှိနေလဲဆိုတာကို ကျွန်တော်တို့အနေနဲ့ အဖြေရှာနေပါတယ်။ နောက်နေ့တွေမှာ အဆင်ပြေသွားမှာပါ'' ဟု လှိုင်သာယာ (မြို့မ) ရဲစခန်းမှူးက အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့သတင်းစဉ်၏ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားသည်။
စတစ်ကာတွေ ကပ်ထားပေးသင့်
ထို့အတူ ယနေ့ ဘတ်စ်ကားလိုင်းစနစ်ပြောင်းလဲ ပြေးဆွဲ သည့် ပထမနေ့တွင် ပြည်သူများ အခက်အခဲတချို့ ကြုံတွေ့ရမှု နှင့်ပတ်သက်၍ “''အပြောင်းအလဲကို လက်ခံပါတယ်။ အခု တော့ စည်းစနစ်သိပ်မကျသလိုဖြစ်နေတယ်၊ အရင်လိုင်းကား တွေမှာဆိုရင် ဘယ်ကနေ ဘယ်ခရီးအထိရောက်တယ်ဆိုတဲ့ ဂိတ်စ၊ ဂိတ်ဆုံးလမ်းကြောင်းတွေ ကပ်ထားတော့ ကြည့်ပြီးစီး လို့ရတယ်။ အခုကျတော့ ယာဉ်လိုင်းနံပါတ်တွေပဲ ရေးထား တော့ တစ်နေရာသွားဖို့အတွက် ပတ်ဝန်းကျင်ကိုမေးပြီး စီးနေရတယ်။ တကယ်ဆိုရင် မှန်အောက်မှာ ခရီးစဉ် လမ်းကြောင်း စတစ်ကာတွေ ကပ်ထားပေးသင့်တယ်၊ နောက်ပြီး အရင်တုန်းက ခရီးစဉ်တစ်ခုထဲ အိမ်ကိုရောက်တယ်၊ အခုတော့ နှစ်ဆင့်၊ သုံးဆင့် စီးရတယ်။ နောက်ပိုင်းမှာတော့ အကုန်အဆင်ပြေသွားမယ်လို့မြင်ပါတယ်'' ဟု သာကေတ မြို့နယ်တွင်နေထိုင်သူ ခရီးသည်တစ်ဦးက ပြောသည်။
ကူညီမှုများ ပြုလုပ်ပေး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ်စ်ကားလိုင်းစနစ် ပြောင်းလဲပြေးဆွဲလိုက်သည့်ပထမနေ့တွင် ပြည်သူများအနေ ဖြင့် ခရီးသည်တင်ယာဉ်နှင့် စီးနင်းသူဦးရေ မမျှတမှုများကို သာကေတ၊ သန်လျင်၊ လှိုင်သာယာမြို့နယ်နေပြည်သူတို့က အထူးကြုံတွေ့ခဲ့ရသဖြင့် မြို့တွင်းဘတ်စ်ကားမှတ်တိုင် တချို့အနီးတွင် ဒေသခံစေတနာ့ဝန်ထမ်းတချို့က အခမဲ့ယာဉ် များကို အကူအညီတောင်းခံ၍ ခရီးသည်များအတွက် ကူညီမှု များ ပြုလုပ်ပေးခဲ့ကြသည်။
ယာဉ်လိုင်းများများ ချထားပေးဖို့လို
ထိုသို့ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ “'' သာကေတနဲ့ သန်လျင်ဘက်ကို ပြန်မယ့်သူတွေအတွက် ပြေးဆွဲနေတဲ့ လိုင်းကားနဲ့ ခရီးသည်အင်အားမမျှတမှုတွေဖြစ်နေလို့ မှတ်တိုင်မှာ ခရီးသည်တွေပုံနေတယ်။ လာတဲ့ကားတွေက လည်း လူအပြည့်နဲ့ဆိုတော့ ကျွန်တော်တို့အနေနဲ့ အခမဲ့ယာဉ် တွေကို ခရီးသည်တွေအတွက် ဆိုင်းဘုတ်ထောင်ပြီး အကူအညီတောင်းနေတာပါ။ အစိုးရအနေနဲ့ အခုလို ခရီးသည် များတဲ့ မြို့နယ်တွေကို ယာဉ်လိုင်းများများ ချထားပေးဖို့လို ပါတယ်'' ဟု မဟာဗန္ဓုလလမ်းပေါ်ရှိ ဘိုကလေးဈေးကား မှတ်တိုင်တွင် ခရီးသည်များသွားလာမှုအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးနေသူ ဗိုလ်တထောင်မြို့နယ် (၈) ရပ်ကွက်မှ ဦးမျိုးမြင့်က ပြောသည်။
ဖြည့်စွက်ဆောင်ရွက်သွားမည်
ရန်ကုန်မြို့တွင်း ဘတ်စ်ကားလိုင်း စနစ်ပြောင်းလဲပြေးဆွဲ မှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများထံမှ ထွက်ပေါ်လာသည့်လိုအပ်ချက်များအပေါ် ပြန်လည်သုံးသပ် ဖြည့်စွက်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ယာဉ်လိုင်း ပြေးဆွဲမှုများအပေါ် တစ်ဆင့်ချင်းအလိုက် အဆင့်မြှင့်တင်မှု များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။

Sources; သတင်းဆောင်းပါး-ဇော်ကြီး(ပဏီတ)၊ ဓာတ်ပုံ-ရဲထွဋ်၊ မင်းသစ်

No comments:

Post a Comment