ရွှေမှုံရတီနဲ့ တွေ့ဆုံခြင်း
နာမည်ကျော် သရုပ်ဆောင် ရွှေမှုံရတီနဲ့ တွေ့ဆုံပြီး ဖေဖော်ဝါရီလ အတွင်းမှာ ရုံတင်ပြသတော့မယ့် ကြီးကြီးကျယ်ကျယ် ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဖက်ရှင်ပုံစံ အပြောင်းအလဲများ အကြောင်းနဲ့ အနုပညာလောကမှာ ကြုံတွေ့ရတဲ့ ဝေဖန်မှုတွေအပေါ် သူ့အမြင်တွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။
Voice : ကြီးကြီးကျယ်ကျယ် ရုပ်ရှင်မှာ ရွှေမှုံက ယောက်ျားလျာပုံစံ သရုပ်ဆောင်ထားတာနော်။ ဒီလိုဇာတ် ရုပ်မျိုးက ပထမဆုံး လုပ်ဖူးတာလား။
SHYT : ယောက်ျားလျာပုံစံကတော့ ဗီဒီယို ဇာတ်ကားတွေမှာ လုပ်ပါတယ်။ ဒီကားမှာတော့တောက ယောက်ျားလျာ ဖြစ်တဲ့အတွက် ကာရိုက်တာလေးကတော့ နည်းနည်းတော့ ကွဲတာပေါ့။ ဇာတ်ရုပ်အတွက် ပြင်ဆင်မှုကတော့ ဒီကားမရိုက်ခင် ရက်နှစ်ဆယ်လောက်ကတည်းက ဇာတ်ညွှန်းက ကြိုရထားပြီးသားလေ။ အဲ့ဒီကတည်းက ကြိုပြီးတော့ ပြင်ဆင်ထားပါတယ်။
Voice : ယောက်ျားလျာ ပုံစံပေါက်အောင် ဆံပင်ပုံစံကိုလည်း ဖိုသီဖတ်သီ ပုံစံလေး လုပ်ထားတယ်နော်။
SHYT : ဟုတ်ပါတယ်။ အမှန်တကယ်တော့ ဒီကားအတွက် ယောက်ျားလေးကေ ညှပ်လိုက်ချင်တာ။ ဒါပေမဲ့ အမေရော၊ ဒါရိုက်တာကရော မညှပ်ပါနဲ့တဲ့။ အဲ့ဒီလောက် မလိုဘူးတဲ့။ ဒီကားမှာ ညီမရဲ့ ဇာတ်ရုပ်က မိန်းကလေး ပြန်ဖြစ်သွားတဲ့ အခန်းတွေရိုက်ရင် ဒုက္ခ ရောက်လိမ့်မယ်တဲ့။ အဲ့ဒါကြောင့် ဆံပင်လေးတွေကို ယောက်ျားလေး ပုံစံ ပြောင်းလိုက်တယ်။ ပုဆိုးလေး ဝတ်ချင်တယ်လို့ ခွင့်တောင်းတော့ ဒါရိုက်တာကလည်း ခွင့်ပြုပါတယ်။
Voice : ဒီကားမှာ မြင့်မြတ်နဲ့ မောင်နှမအဖြစ် သရုပ်ဆောင်ရတာဆိုတော့ အပေးအယူ မျှအောင် ဘယ်လို ညှိနှိုင်း တိုင်ပင်ခဲ့တာမျိုးရောရှိလဲ။
SHYT : ကိုမြင့်မြတ်က ကိုယ့်ဆရာသမားပဲ ဆိုတော့ သိပ်ပြီးတော့ ထွေထွေထူးထူး ညှိရတာမျိုးတော့ မရှိပါဘူး။ ဆရာသမားက လိုအပ်တာရှိရင် သင်ပြတယ်လေ။ ဟာသအခန်းတွေနဲ့ ပတ်သက်ရင်လည်း ဒါရိုက်တာ ကိုပြည်ဟိန်းသီဟက သင်ပြပေးတော့ သိပ်ပြီးတော့ စိတ်မပူရဘူးပေါ့။ ဒီကားလေးက ပရိသတ်တွေအတွက် ကြည့်ရတာ ပျော်စရာ ကောင်းမှာပါ။ ဇာတ်လမ်းရဲ့ ဆိုလိုရင်းကတော့ သဘာဝဟာ သဘာဝပဲ ဆိုတာကို ပြချင်တာပါ။ ညီမ အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေကတော့ ကိုမြင့်မြတ်နဲ့ အဖေတွေ အမေတွေ ဆူတာကို မောင်နှမ နှစ်ယောက်ခံရတဲ့ အခန်းရယ်၊ ကိုဟိန်းဝေယံက ကိုယ့်ကို ရည်းစားစကား ပြောတဲ့အခန်းတွေကို ကြိုက်ပါတယ်။
Voice : ကိုယ့်ရဲ့ ကျန်းမာရေးကြောင့် ကားရိုက်တွေ ခဏနားမယ်လို့လည်း ကြားတယ်လေ။ ဘယ်လောက်ကြာကြာ နားဖြစ်မှာလဲ။
SHYT : ညီမရဲ့ ကျန်းမာရေးအတွက် အနားယူဖို့ ဆယ့်ငါးရက်၊ ရက်နှစ်ဆယ်လောက်တော့ အချိန်ယူထားပါတယ်။ ညီမရဲ့ ကျန်းမာရေးကလည်း အဲ့ဒီလောက် နားဖို့ လိုအပ်နေလို့ပါ။ ဆရာဝန်ကတော့ ရက်ရှည်နားဖို့ လိုတယ်လို့ ပြောပါတယ်။ ညီမကကျတော့ သုံးလလောက် ကားရိုက်ပြီးရင် ရက်ရှည်တစ်ခါ နားတာမျိုး ပုံမှန် လုပ်ပေးပါတယ်။ သုံးလ တစ်ခါလောက် ဆေးခန်းပြပေးရတယ်။ အခုက အလုပ်များလာတော့ ဆေးခန်းပြရတဲ့ အကြိမ်ရေကလည်း ပိုစိပ်လာတယ်။ ဆေးတွေကလည်း မတိုးတော့သလို ဖြစ်နေတယ်။ ဒီလိုမျိုး ခဏခဏ ဖြစ်တာ မကောင်းဘူးပေါ့နော်။ အသက်ငယ်ငယ်နဲ့ ဆေးတွေ အများကြီး သောက်နေရတာ သိပ်မကောင်းဘူးလို့တော့ ဆရာဝန်က ပြောတယ်။
Voice : ကိုယ့်ရောဂါကလည်း နှလုံးနဲ့ ပတ်သက်ပြီး ဖြစ်တာနော်။ အနုပညာအလုပ် ဆိုတာကလည်း စိတ်ခံစားမှုတွေ ထည့်ပြီး လုပ်ရတာဆိုတော့ အဆင်ပြေရဲ့လား။
SHYT : ညီမတို့ အနုပညာရှင်တွေက အလုပ်လုပ်ပြီဆိုရင် ဘာမှ သိကြတော့တာ မဟုတ်ဘူး။ ကိုယ့်ကျန်းမာရေးတင်မကပါဘူး။ အစားစားချိန်လည်း မသိတော့ဘူး။ အိပ်ချိန်လည်း မသိတော့ဘူး။ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အနုပညာ အလုပ်ကိုတော့ သိပ်မညှာဖြစ်ဘူး။ ကိုယ်တာဝန် ယူထားတဲ့ အလုပ်တစ်ခုကို ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ပါစေ။ အကောင်းဆုံး လုပ်ပါတယ်။
Voice : ဒီနှစ်အတွင်းမှာ ဖက်ရှင်ပုံစံ အပြောင်းအလဲတွေ လုပ်ထားတာလည်း တွေ့ရပါတယ်။ ရေကူးဝတ်စုံနဲ့ ရိုက်ထားတဲ့ပုံတွေ Facebook မှာ တင်တော့လည်း ပရိသတ်တွေ အားပေးကြတယ်နော်။
SHYT : ညီမရဲ့ ဓာတ်ပုံတွေ Facebook မှာ တင်တာနဲ့ ပတ်သက်ပြီး ကောင်းသောအားပေးခြင်းပဲဖြစ်ဖြစ်၊ ဝေဖန်မှုတွေကိုပဲဖြစ်ဖြစ် ညီမ လက်ခံပါတယ်။ ညီမတို့က အနုပညာရှင်တွေက ကိုယ်နဲ့ ပတ်သက်ပြီး ကောင်းသော ဝေဖန်ခြင်း၊ မကောင်းသော ဝေဖန်ခြင်းတွေ အားလုံးကို ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပါ။ ညီမကကျတော့ ခေတ်ရေစီးကြောင်းအပေါ် လိုက်ပြီးတော့ပဲ ကိုယ်နဲ့လိုက်တဲ့ ဖက်ရှင်မျိုးကို ရွေးဝတ်ပါတယ်။ ညီမက အသက်ငယ်တော့ ပိုဆိုးတယ်လေ။ အင်္ကျီအဝတ်အစားနဲ့ ပတ်သက်ရင် အရမ်းကို ကြိုက်တယ်။ ဖက်ရှင်ရှိုးတွေမှာ ကိုယ်ကြိုက်တဲ့ အဝတ်အစား ပုံစံမျိုးတွေ တွေ့ရင် မှတ်ထားပြီး လိုက်ရှာတယ်။ ကိုယ်က ဖက်ရှင်ကို ဝါသနာပါတော့ ပုံစံလေးတွေ ပြောင်းဖြစ်တယ်ပေါ့။
Voice : အရင်က ရွှေမှုံ ဝတ်နေကျ ဖက်ရှင်မျိုးတွေနဲ့ တော်တော်လေး ကွဲထွက်နေတာကိုလည်း တွေ့ရတယ်။ အဲ့ဒါက ၂၀၁၇ အတွက် ရွှေမှုံရတီရဲ့ ဖက်ရှင်ပုံစံသစ်လား။
SHYT : အဲ့ဒီလို ပြောရင်လည်း ရပါတယ်။ Fashion Week တွေမှာတောင် ရှိတယ်လေ။ ၂၀၁၆ အတွက် ခေတ်စားတဲ့ ဖက်ရှင်ပုံစံကတစ်ခု၊ ၂၀၁၇ အတွက် ဖက်ရှင်ပုံစံကတစ်ခုဆိုပြီး ထွင်ကြတာမျိုးတွေ ရှိတယ်လေ။ တစ်နှစ်နဲ့ တစ်နှစ်က ဖက်ရှင်ပုံစံတွေ မတူကြဘူး။ အဲ့ဒီသဘောကို ညီမက လေ့လာဖြစ်တဲ့အခါကျတော့ ကိုယ့်ရဲ့ ဖက်ရှင်ပုံစံကိုလည်း ပြောင်းဖြစ်သွားတယ်ပေါ့နော်။ ညီမတို့ အရပ်အမောင်းနဲ့ကျတော့ အနောက်တိုင်းဘက်က ဖက်ရှင်တွေက အဆင်ပြေတယ်လေ။ အဲ့ဒါကြောင့် အနောက်တိုင်းက ဖက်ရှင်တွေကို ပိုပြီးကြည့်ဖြစ်တယ်။
Voice : ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး တချို့ ပရိသတ်တွေက လိုအပ်ချက်လေးတွေကို ဝေဖန် ထောက်ပြကြတဲ့ အပေါ်မှာရော ဘယ်လို မြင်မိလဲ။
SHYT : ညီမက ကိုယ့်ကိုယ်ကိုယ် သဘောကျတယ်။ လူတစ်ယောက်မှာ အဓိက အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေဖို့ပဲ လိုတယ်လို့ ညီမ ထင်တယ်။ ဒါကတော့ မိန်းကလေးတိုင်းအတွက်ပါ။ ကိုယ့်ကိုယ်ကိုယ် လှတယ်ထင်ရင် ကျန်တဲ့သူတွေ ကြည့်ရတာလည်း အဆင်ပြေမယ်လို့ ယုံတယ်။ ကိုယ့်ကို ဝေဖန်တာကိုလည်း လက်ခံပါတယ်။ လိုအပ်တာတွေ ထောက်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဒီ့ထက်ပိုပြီး အချိုးအစားကျအောင် လေ့ကျင့်ခန်းတွေ လုပ်သွားဖို့ ရှိပါတယ်။
Voice : ကိုယ်နဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ ထွက်လာရင် ရွှေမှုံ့ဘက်က ပြန်ရှင်းတာမျိုးတွေ မတွေ့ရဘူးနော်။ ဝေဖန်မှုတွေကို ဘယ်လိုစိတ်နဲ့ လက်ခံဖြစ်လဲ။
SHYT : ညီမက ဝေဖန်မှုတွေကို ပြန်ရှင်းဖို့ ဝါသနာ မပါဘူး။ ညီမတို့ အနုပညာသမားတွေ အားလုံးက ဝေဖန်ခံရမှာပဲ။ အနုပညာရှင် တစ်ယောက်က ပရိသတ်ရဲ့ အချစ်လည်း ခံရမယ်၊ အမုန်းလည်း ခံရမယ်။ အဲ့ဒါတွေ အားလုံးကို ခံနိုင်ရည်ရှိမှပဲ အနုပညာလောကထဲမှာ ရေရှည် ရပ်တည်လို့ ရမှာလေ။ ညီမ အနုပညာ လောကထဲမှာ ဒီအချိန်အထိ ရှိနေတာက အဲ့ဒီဝေဖန်မှုတွေကို ခံနိုင်ရည်ရှိလို့ပါ။ ကိုယ်တင်တဲ့ Post အောက်မှာ လာရေးတဲ့ Comment တွေကိုလည်း ညီမ ဖတ်တယ်။ ဒီအပေါ်မှာ စိတ်လည်း မဆိုးဘူး။ ဒီတိုင်းပဲ ဖတ်ဖြစ်တာပါ။
Sources: : သန့်ဇင်ဦး(The Voice)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment