Latest News

Monday, January 23, 2017

အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တွင် ကာဂျစ္စတန်၊ အိန္ဒိယ၊ မကာအိုနှင့် မြန်မာအသင်း ဆုံတွေ့

အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တွင် ကာဂျစ္စတန်၊ အိန္ဒိယ၊ မကာအိုနှင့် မြန်မာအသင်း ဆုံတွေ့



၂၀၁၉ အာရှဖလားပြိုင်ပွဲ တတိယအဆင့် ခြေစစ်ပွဲအုပ်စုများ မဲခွဲပွဲ အခမ်းအနားကို ဇန်န၀ါရီ ၂၃ ရက်က ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။ မူလက ယင်း အခမ်းအနားကို ဇန်န၀ါရီ ၁၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ဇန်န၀ါရီ ၂၃ ရက်သို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

အုပ်စုပွဲစဉ်များ ခွဲဝေမှုအရ မြန်မာ့လက်ရွေးစင် အသင်းသည် အုပ်စု (A) တွင် ကာဂျစ္စတန်၊ အိန္ဒိယ၊ မကာအို အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။

အုပ်စု (B) တွင် မြောက်ကိုရီးယား၊ ဟောင်ကောင်၊ လက်ဘနွန်၊ မလေးရှား၊ အုပ်စု (C) တွင် ဂျော်ဒန်၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ အုပ်စု (D) တွင် အိုမန်၊ ပါလက်စတိုင်း၊ မော်လ်ဒိုက်၊ ဘူတန်၊ အုပ်စု (E) တွင် ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ တရုတ်(တိုင်ပေ)၊ စင်ကာပူ၊အုပ်စု (F) တွင် ဖိလစ်ပိုင်၊ တာဂျစ်ကစ္စတန်၊ ယီမင်နှင့် နီပေါအသင်းတို့ ဆုံတွေ့ခဲ့ကြောင်း သိရသည်။

အုပ်စုပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မတ် ၂၈ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၂၇ ရက်အထိ တစ်နှစ်ကြာကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု (A) အဖွင့်ပွဲစဉ်အဖြစ် မတ် ၂၈ ရက်တွင် အိန္ဒိယအသင်းနှင့် အိမ်ကွင်း ပွဲစဉ်စတင်ကစားရမည်ဖြစ်ပြီး ဒုတိယပွဲအဖြစ် ဇွန် ၁၃ ရက်တွင် မကာအိုနှင့် အဝေးကွင်း၊ စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန်နှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၀ ရက်တွင် ကာဂျစ္စတန်နှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၄ ရက် တွင် အိန္ဒိယနှင့် အဝေးကွင်း၊ ၂၀၁၈ ခုနှစ် မတ် ၂၇ ရက်တွင် မကာအိုနှင့် အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ယခုခြေစစ်ပွဲတွင် အုပ်စုတစ်ခုစီမှ ထိပ် ဆုံးနေရာ ရပ်တည်နိုင်သည့်နှစ်သင်းစီမှာ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလအတွင်း ယူအေအီး နိုင်ငံ၌ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ လက်ရှိချန်ပီယံ သြစတြေးလျအပါအ၀င် ၁၂ သင်းမှာလည်း တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိထားသည်။



Sources: Eleven Media Group

No comments:

Post a Comment