Latest News

Thursday, January 26, 2017

နိုင်ငံရေး ချန်ပီယံလိဂ်

နိုင်ငံရေး ချန်ပီယံလိဂ်


“ဟုတ်ကဲ့ခင်ဗျာ။ အခုဆိုရင် ရာသီ ဥတုက နိုင်ငံရေး သမားတွေ အကြိုက် ပေါ့ဗျာ။ စောနက မိုးလေး တစ်ပြိုက်နှစ်ပြိုက် ရွာ ထားပေမယ့် အခုတော့ ကြည်ကြည် လင်လင်ပဲ ခင်ဗျ။ မကြာခင် အချိန်အတွင်း နှစ်ဘက် နိုင်ငံရေး သမားတွေ ကွင်းထဲကို ၀င်လာ ပါတော့မယ် ခင်ဗျာ”

အစီအစဉ် ကြေညာသူ၏ စကား မဆုံးမီပင် ချန်ပီယံလိဂ် တီးလုံးနှင့် အတူ ကစားသမားများ ကွင်းထဲ ၀င်လာကြ သည်။ ယနေ့ ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ ခွပ်ဒေါင်း ယူနိုက်တက်နှင့် ခြသေ့င်္ စီးတီး အသင်းတို့၏ ပွဲစဉ် ဖြစ်သည်။

ပြိုင်ပွဲ ရာသီတစ်ခုကို အချိန် ငါးနှစ် ကြာ ကျင်းပ လေ့ရှိသော နိုင်ငံရေး ချန်ပီယံလိဂ်တွင် အင်အား အတောင့်တင်းဆုံး နှစ်သင်း၏ အားပြိုင်ပွဲ ဖြစ်သော ကြောင့် ပရိသတ်များ ကွင်းပြည့်ကွင်းလျှံ လာရောက် အားပေး ကြသည်။ သို့သော် ပရိသတ် အများစုမှာ ခွပ်ဒေါင်း အသင်း၏ ပရိသတ်များသာ ဖြစ်ကြပြီး ခြင်္သေ့အမာခံ ပရိသတ်များ၊ အခြား အသင်းများ၏ ပရိသတ်များနှင့် Anti-ခွပ်ဒေါင်း ပရိသတ်များ ပေါင်းလျှင်ပင် ပွဲကြည့်စင် တစ်ခုမပြည့်။

ကွင်းအတွင်းသို့ ရှေ့ဆုံးမှ ဦးဆောင် ၀င်ရောက် လာသည့် ကစားသမား နှစ်ဦး မှာ နှစ်ဘက် အသင်း ခေါင်းဆောင်များ ဖြစ်ကြသည်။ အရပ်ရှည်ရှည် ကိုင်းကိုင်း နှင့် လူကောင်ထွား သော်လည်း စာပေ သမားပုံစံ ပေါက်နေသည့် ခွပ်ဒေါင်း အသင်း ခေါင်းဆောင်နှင့် နဖူးပြောင်ပြောင်၊ အရပ်ခပ် ပြတ်ပြတ်နှင့် စစ်သားဟန် ပေါက်သည့် ခြသေ့င်္ အသင်း ခေါင်းဆောင်တို့ တစ်ယောက်နှင့် တစ် ယောက် ကွင်းအတွင်း လက်ဆွဲ နှုတ်ဆက် ကြသည်။

ခွပ်ဒေါင်း အသင်း၏ တိုက်စစ်တွင် လူငယ်ဖြစ် သော်လည်း တိုးရဲတိုက်ရဲ ပြီး ကစားအား ကောင်းသည့် ကွီးဖြိုးကို တင်ထားပြီး တည်တည် ငြိမ်ငြိမ်နှင့် အကွက်မြင်မြင် ကစားတတ်သည့် ဒေါက်ဇော်ကိုတော့ ကွင်းလယ် ဖန်တီးရှင်အ ဖြစ် ထားရှိသည်။ ထို့ပြင် ၀ါရင့် ကရင် ကစားသမားကြီး ဘဂျော်နီကို ခံစစ်မှူး အဖြစ် ထားရှိကာ ကျန် ကစားသမား များကိုလည်း သူ့နေရာနှင့်သူ အစီအစဉ် တကျ နေရာပေး ထားသည်။ ခွပ်ဒေါင်း အသင်း၏ နည်းပြမှာ အမျိုးသမီး ဖြစ်သော်လည်း လိုအပ်လျှင် ကိုယ်တိုင် ကွင်းတွင်း ၀င် ကစားနိုင်သည့် ကစားသမား နည်းပြဖြစ် သည်။

တစ်ဘက် ခြသေ့င်္ အသင်းမှာလည်း ချန်ပီယံဟောင်း အသင်း ဖြစ်သဖြင့် ကစားသမား အင်အားက မနည်းလှပေ။ သို့ သော် ကစားသမား အများစုမှာ အာမီ အကယ်ဒမီမှ ထွက်ရှိ လာသူများ ဖြစ်ကြ သည်။ အသင်း ခေါင်းဆောင်မှ အစ တစ် သင်းလုံး နီးပါး အာမီ လူဟောင်းများ ဖြစ် ကြပြီး နည်းပြကြီး ကလည်း အာမီ အကယ်ဒမီကို အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ သို့သော် ၎င်းတို့ အသင်း၏ အားထားရ သည့် ကစားသမား အချို့ ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက ခွပ်ဒေါင်း အသင်းသို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းသွားသဖြင့် အနည်းငယ် အင်အားလျော့နည်း သွားသည်ဟု ဆိုနိုင်သည်။

အပျော်တမ်း စနစ်မှ ပရော်ဖက်ရှင် နယ်လိဂ်အဖြစ်သို့ ကူးပြောင်းသည့် အခါတုန်းက စည်းမျဉ်းစည်းကမ်း များထဲတွင် အာမီ အကယ်ဒမီမှ ကစားသမားများကို လိဂ်၏ ၂၅ ရာခိုင်နှုန်း ထားရှိရမည့် အပြင် ဗိုလ်စွဲသည့် အသင်း၏ ဂိုးသမား တစ် နေရာ ကိုလည်း ပေးရမည်ဟု ထည့်သွင်း ရေးဆွဲထားသည်။ ထို့ကြောင့် လက်ရှိ ခွပ်ဒေါင်း အသင်း၏ ဂိုးသမားမှာ အာမီ အကယ်ဒမီမှ ထွက်လာသူ ဖြစ်သည်။

ဒိုင်လူကြီး ခရာတွတ် သည်နှင့် တိုက် စစ်မှူး ကွီးဖြိုးက သွက်သွက် လက်လက် စတင် ထိုးဖောက် တိုက်စစ် ဆင်သည်။ သင်္ကြန် မဏ္ဍပ်ကွက်ဖြင့် ထိုးဖောက်တိုက် စစ်ဆင်လာသော ကွီးဖြိုးကို ပရိသတ် အများစုက တခဲနက် အားပေးကြသော် လည်း ပရိသတ် အချို့ကမူ ယင်းကစား ကွက် မမှန်ကန်ကြောင်း၊ မသုံးသင့်ကြောင်း ဝေဖန်နေ ကြသည်။ ပထမဆုံး တိုက်စစ်မှာ တစ်ဘက် ဂိုးဧရိယာ အစပ်ထိ ရောက်ရှိခဲ့ သော်လည်း အဆုံးသတ် ဂိုးသွင်းမှု အားနည်းပြီး လွဲ ချော် သွားခဲ့သဖြင့် ပရိသတ်များ အားမ လို အားမရ ဖြစ်ခဲ့ရသည်။

နည်းပြက အသင်း၏ ကစားသမား များကို ကိုယ့်ပုံစံနှင့်ကိုယ် လွတ်လပ်စွာ ကစားခွင့် ပေးထားပြီး အသင်း၏ စုပေါင်း ကစားကွက်ကိုမူ ၂၁ ရာစု ပင်လုံ ဟု အမည်ပေး ထားသည်။ လက်ထောက် နည်းပြအဖြစ် ၀ါရင့် ကစားသမား ဟောင်းကြီး ဘထိန်ကို ခန့်အပ်ထားပြီး ကွင်းဘေးတွင် ကစားသမား များကို အော်ဟစ် ညွှန်ကြားသည့် တာဝန်ပေး ထားသည်။ ထိုအခါ တွေ့သမျှလူ အား လုံးကို ပတ်ချာလည် လိုက်အော် နေသဖြင့် တစ်သင်း တည်းသား အချင်းချင်း ပင် ကြည့်မရ ဖြစ်နေကြသည်။

ပြိုင်ဘက် အသင်းက ၎င်းတို့၏ အကောင်းဆုံး ကစားကွက်ဖြစ်သော ဘာသာရေး ကစားကွက်ဖြင့် ခွပ်ဒေါင်းကို တိုက်စစ် ပြန်ဆင်သည်။ ခြသေ့င်္အသင်း ၏ ကစား သမားဟောင်း ဖြစ်ခဲ့ဖူးသူ ခွပ်ဒေါင်း ခံစစ်မှူး သာဝန်က တုံ့ပြန်မှု နှေးကွေး နေသဖြင့် ကွီးဖြိုးက နောက်တန်း အထိ ဘောလုံး ဆင်းဆည်ကာ တန်ပြန် တိုက်စစ်ပါ ဖွင့်သည်။ တိုက်စစ် လိုက်ကူသော သာဝန်နှင့် အပေးအယူ လုပ်ပြီး မဘသ ခံစစ်တန်းကို ချိုးဖောက်ကာ ဦးဆောင်ဂိုးကို စသွင်းသည်။ ပရိသတ် ၏ သြဘာသံများ တခဲနက် ထွက်ပေါ် လာ လေသည်။

ဦးဆောင်ဂိုး ရပြီးသည့်နောက် ခြသေ့င်္တို့ တိုက်စစ်ပြန်တင် လာသည်။ အထူးသဖြင့် အားနည်းနေသော အနောက် ဘက်စစ်မျက်နှာ အကြိမ်ကြိမ် ထိုးဖောက် ခံနေရသဖြင့် နည်းပြကြီးက နိုင်ငံခြားသား ကစားသမား ကိုဖီအာနန် ကို လူစားလဲ ထည့်သွင်း ကစားစေသည်။ ပြည်တွင်း ပွဲစဉ်ကို နိုင်ငံခြားသား ထည့် ကန်ခွင့် မပေးသင့်ကြောင်း ခြသေ့င်္တို့ ဘက်မှ စောဒက တက်သေးသော်လည်း မအောင်မြင်ခဲ့ပေ။

ခွပ်ဒေါင်း အသင်း၏ ကစားသမား များထဲတွင် ခြေစွမ်းပြသူက ပြနေသလို သိပ်အားမစိုက်ဘဲ သက်သက်သာသာ ကစားသည့် သူကလည်း ကစားနေသည်။ တစ်ချို့ က တစ်ချက် တစ်ချက် ခြေစွမ်း ထပြပြီး ပြန်ငြိမ် သွားသည်လည်း ရှိသည်။ သို့ သော် အဓိက တိုက်စစ်မှူး နေရာတွင် ကစားနေသည့် ကွီးဖြိုးက အလှုပ်ဆုံး ဆုံးကစားသမား ဖြစ်နေသည်။ ပရိသတ် များက ခွပ်ဒေါင်းအသင်းကို ယခုထက် ပို၍ ဂိုးပြတ် သွင်းစေချင် ကြသော်လည်း ထင်တိုင်း မပေါက်၍ အားမလို အားမရ ဖြစ်နေသည်။ တစ်ချို့က နည်းပြကြီး၏ နည်းဗျူဟာ မည်သည့် နေရာတွင် မှား ယွင်း နေသည်ကို အကျယ်တ၀င့် ဆွေး နွေးနေ ကြသည်။

တစ်ကြိမ်တွင် ကွီးဖြိုးကို လူကျွံ နေသည်ဟု စည်းကြပ်ဒိုင် တစ်ဦးက အလံ ထောင်ပြ လိုက်သည်။ ကွီးဖြိုးက သူမကျွံ ကြောင်း ပြန်ငြင်းသည့် အခါ စည်းကြပ် ဒိုင်က နာရီဝတ် ထားသည့်လက် လူကျွံ ခြင်းဖြစ်ကြောင်း  ပြန်ပြောသည်။ ရုပ်သံ မှတ်တမ်းများ ပြန်ကြည့်သည့် အခါ လူ ကျွံကြောင်း တိတိကျကျ ပြနိုင် သည့် အချက် ရှာမတွေ့ခဲ့ သဖြင့် လူကျွံ ဘော မမြောက်ဟု သတ်မှတ်ခဲ့ပြီး စည်း ကြပ်ဒိုင်က ပြန်တောင်းပန်ခဲ့သည်။

ယခုပွဲတွင် ပြိုင်ဘက် ခြသေ့င်္တို့၏ ခြေစွမ်းမှာ သိပ်အကောင်းကြီး မဟုတ် သော်လည်း ခွပ်ဒေါင်းဘက်မှ လွဲချော် မှု များနေသဖြင့် အသာစီး မကစားနိုင် ဘဲ ဖြစ်နေသည်။ တစ်ကြိမ်တွင် ခွပ် ဒေါင်းနောက်တန်းက လုံခြူံရေး ကစားကွက်ကို ဖျက်ထုတ် ရာ မအောင်မမြင် ဖြစ်ပြီး ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သဖြင့် ပရိသတ်၏ ဆဲသံများ မိုးမွှန်သွားသည်။ တစ်ချို့ ကလည်း အာမီ ဂိုးသမားက တမင် လွှတ်ပေးလိုက် ခြင်း ဖြစ်သည်ဟု စွပ်စွဲကြသည်။ ထိုစဉ် နောက်ဆက်တွဲ M-150 ကန်ချက် အနည်း ငယ် အားပျော့ သွား၍သာ ဂိုးထပ် မပေးရ ခြင်း ဖြစ် သည်။

ဒေါ်လာဈေး ကစားကွက်ဖြင့် ခွပ်ဒေါင်း အသင်း ဖိအားပေး ခံရပြန်ရာ ကားတင်သွင်း ခွင့်နှင့် နိုင်ငံခြား အကောင့် လူကပ် ကစားနည်း သုံးလိုက်သဖြင့် အနည်းငယ် အသက်ရှူ ချောင်သွားသည်။ ကွီးဖြိုးကလည်း ညဈေး တန်း ကစားကွက်ဖြင့် တိုက်စစ်ကို ပြန်လည် စတင်ခဲ့ပြီး လမ်းဘေး ဈေးသည် အရေးယူ သည့် အကွက်ကို ခပ်ကြမ်းကြမ်း ကစားခဲ့ သည်။ ခွပ်ဒေါင်း တိုက်စစ် အခြေအနေ ပြန် ကောင်းလာပြီး ဂိုးရရန် နီးစပ်လာခဲ့သည်။

ထို့ကြောင့် ကွီးဖြိုးက ဆက်တိုက်ပင် YBS ကစားကွက်ကို ထုတ်သုံး လိုက်သည်။ သို့သော် ယင်းကစားကွက်ကို လေ့ကျင့်ရေး ကွင်းတွင် ပိုင်နိုင်အောင် မကျင့်ထားသဖြင့် အမှားအယွင်း များနေပြီး ဂိုးကန်သွင်းနိုင် သည့် အနေအထားကို မရောက်ဘဲ ဧရိယာ အစပ်တွင် တ၀ဲလည်လည် ဖြစ်နေသည်။ ပရိသတ်များကလည်း ပထမတော့ သည်းခံ ပြီး စောင့်ကြည့်နေ သေးသည်။ အချိန်ကြာ သည်အထိ ဂိုးပေါက် တည့်အောင် မကန် နိုင်သဖြင့် ဆဲသံများ တဖြည်းဖြည်း ထွက် လာသည်။  ထိုအခါ ယင်းသို့ ဆဲဆိုသူ များကို ပြန်လည် ပြစ်တင်ဝေဖန် သူများလည်း ပေါ်ထွက်လာသည်။

ခွပ်ဒေါင်း ပရိသတ်များ သူတို့ အသင်း သူတို့ ဆဲနေကြသဖြင့် ခြသေ့င်္ ပရိ သတ်များ က သဘောကျ နေကြသည်။ သူတို့ အားစိုက်စရာ မလိုဘဲ ခွပ်ဒေါင်းတို့ သူ့စရိတ်နဲ့သူ  ဒုက္ခရောက် နေသည်ကို အရသာခံပြီး ကြည့်နေသည်။ တစ်ခါတရံ သူတို့ကပင် ခွပ်ဒေါင်းဘက်က ၀င်ပြီး မီးထိုးပေး လိုက် သေးသည်။ ပရိသတ် များ သလောက် တစ်ယောက် တစ်ပေါက် နိုင်လွန်းသည့် ခွပ်ဒေါင်း ပရိသတ်များမှာ သူမှားသည်၊ ငါမှန်သည် အပြန်အလှန် ငြင်းခုန်ရင်း အချင်းချင်း လုံးထွေးသတ် ပုတ် ကုန် ကြလေသည်။

ထိုအခါ အစောင့်များ ရောက်လာပြီး သောင်းကျန်း နေသူများကို ဖမ်းဆီး ထိန်း သိမ်းသည်။ ခြသေ့င်္ အသင်းဘက်က ယခုပွဲ တွင် မိမိတို့ ကစားသမားများ လုံခြုံရေး စိုးရိမ် စရာ ဖြစ်လာသဖြင့် ပွဲကို ရပ်နားပေးရန် တောင်းဆိုခဲ့သည်။  ထို့ ပြင်  ပြိုင်ဘက် အသင်း ၁၃ သင်းက လည်း ခွပ်ဒေါင်း အသင်းကို အမှတ်လျှော့ရန် လက်မှတ်ထိုး တောင်းဆို လာလေသည်။  သို့သော် ကွင်းထဲတွင်တော့ တစ် သင်း တည်းသား ပရိသတ် အချင်းချင်း သတ်ပုတ်၍ ကောင်းနေဆဲ...။

မောင်စူပါ

Sources Writer: : Zin Thaw Naing

No comments:

Post a Comment