Latest News

Sunday, January 22, 2017

အမေရိကန်သံအမတ် ချင်းပြည်နယ်သို့ ပထမဆုံးခရီးစဉ် သွားမည်

အမေရိကန်သံအမတ် ချင်းပြည်နယ်သို့ ပထမဆုံးခရီးစဉ် သွားမည်


အမေရိကန်သံအမတ်ကြီး မာစီရယ်လ်က ချင်းပြည်နယ်သို့ ပထမဆုံးခရီးစဉ်အဖြစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှ စပြီး သွားရောက်မည်ဟု အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

"အဲဒီခရီးစဉ်မှာဒေသခံအစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ၊ အသိပညာပေးလုပ်ငန်းဆောင်ရွက်နေသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ရပ်ကျေးအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းတွေ၊ ချင်းပြည်နယ်အတွင်းမှာအကူအညီပေးနိုင်မယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး နားထောင်ဆွေးနွေးသွားမှာပါ။" ဟု သံရုံးက ထုတ်ပြန်ထားသည်။

အမေရိကန်သံအမတ်၏ ချင်းပြည်နယ်ခရီးစဉ်အတွင်း မြို့တော်ဟားခါး နှင့် ဖလမ်းသို့ အဓိက လာရောက်မည်ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

သံအမတ်ကြီးသည် ဇန်နဝါရီလ ၂၃ ရက်တွင် ဖလမ်းမြို့သို့ သွားရောက်မည်ဖြစ်ကာ ဇန်နဝါရီလ ၂၄ ရက်တွင် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံသွားရန် ရှိသည်ဟု သိရသည်။

“အထူးသဖြင့်ကတော့ ချင်းပြည်နယ်ကတော့ ဖွံ့ဖြိုးတိုးတက်မှုအများကြီးလုပ်ဖို့ လိုအပ်တဲ့နေရာဖြစ်တော့ ဒီဖွံ့ ဖြိုးရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်မျိုးပေါ့နော်။ အဲ့ဒါကို အမေရိကန်သံအမတ်ကြီးအနေနဲ့ သူစိတ်ဝင်စားတဲ့ ကဏ္ဍတွေမှာ ချင်းပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်အနေအထားမျိုးကိုပဲ ကျွန်တော်တို့ ဆွေးနွေးသွားဖို့ ရှိပါတယ်။”ဟု ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ရှင်းပြသည်။

NLD အစိုးရတက်လာသည့်အချိန်မှစပြီး အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံတွင်လည်း ချင်းတိုင်းရင်းသားများ အနည်းဆုံး သောင်းဂဏန်းဝန်းကျင် နေထိုင်နေလျက်ရှိရာ ယခုကဲ့သို့ အမေရိကန်သံအမတ်ကြီး ချင်းပြည်နယ်သို့လာရောက်မည့် ခရီးစဉ်အား ဝမ်းသာကြိုဆိုကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ပြောပြချက်အရ သိရသည်။


Sources: Mizzima

No comments:

Post a Comment