Latest News

Monday, January 23, 2017

အပစ်ရပ်အဖွဲ့ ၈ဖွဲ့ ကိုယ်စားလှယ်တွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံ

အပစ်ရပ်အဖွဲ့ ၈ဖွဲ့ ကိုယ်စားလှယ်တွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံ

မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေအကြောင်း၊ ဒုတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံ အကြောင်းနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်တချို့ရဲ့ အမှု ကိစ္စတွေကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်က NRPC ရုံးမှာ ဒီနေ့မနက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့က KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီနီးပါးကြာတွေ့ဆုံခဲ့ပါတယ်။

အစိုးရဖက်က လက်မှတ်မထိုးရသေးတဲ့ KIA ၊ TNLA ၊ MNDAA၊ AA စတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေအပြင် မိုင်းလား၊ ၀ တပ်ဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေကို အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ရှင်းပြကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ အကောင်းဖက်ကို ဦးတည်နေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒါ့အပြင် NCA မှာ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စတွေကို လည်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပြီးနောက် ALPနဲ့ ABSDF က ကိုယ်စားလှယ်တွေဟာ ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေး ဖမ်းဆီးခံရတဲ့ကိစ္စ၊ ALP က တပ်ဖွဲ့ဝင်တွေဖမ်းဆီးတရားစွဲ ဆိုခံထား ရတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့ နေပြည်တော်က သင်္ဂဟဟိုတယ် မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ဖက်က KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ ၊ ABSDF ဥက္ကဌ ဦးသံခဲ၊ ALP က ခိုင်စိုးနိုင်အောင်၊ RCSS က ဦးခွန်ဆိုင်းတို့ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်က ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။

Photo: Myanmar State Counsellor Office/ Facebook

(  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်အဖွဲ့ ၈ဖွဲ့ ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၂၃ ရက်နေ့က  နေပြည်တော်က NRPC ရုံးမှာ တွေ့ဆုံနေစဉ် )
Sources:RFA

No comments:

Post a Comment