Latest News

Wednesday, January 25, 2017

မြန်မာ ဖူဆယ်အသင်း သုံးပွဲဆက်အနိုင်ဖြင့် ဆီမီးတက်

မြန်မာ ဖူဆယ်အသင်း သုံးပွဲဆက်အနိုင်ဖြင့် ဆီမီးတက်


ဗန်ကောက် ဇန်နဝါရီ ၂၅

အာဆီယံဖူဆယ်ပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းမှစ၍ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပရာ ခြေစွမ်းပြနေသည့် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် မလေးရှားကို ထပ်မံအနိုင်ယူပြီး အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။

အကောင်းဆုံးခြေစွမ်းပြနေသည့် မြန်မာအသင်းသည် ယခုပွဲတွင်လည်း အံ့အားသင့်ဖွယ် စွမ်းဆောင်မှုနှင့်အတူ မလေးရှားကို သုံးဂိုးအရှုံးမှ ငါးဂိုး ပြန်သွင်းကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းအစတွင် တစ်ဂိုးပေးခဲ့ရသည့် မြန်မာအသင်းသည် နောက်မှလိုက် ကစားခဲ့ရသော်လည်း အနိုင်မခံ၊ အရှုံးမပေး စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ ငါးဂိုး ပြန်သွင်းခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်း သည် မိနစ် ၃ဝ ကျော်မှ ဂိုးပြန်ရခဲ့ခြင်းဖြစ်ပြီး ငြိမ်းမင်းစိုးနှင့် ပြည့်ဖြိုးမောင်တို့က နှစ်ဂိုးစီ၊ အောင်အောင်က တစ်ဂိုး သွင်းယူခဲ့သည်။ မြန်မာအသင်းသည် ယခုပြိုင်ပွဲတွင် မလေးရှား၊ အင်ဒိုနီးရှားတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သော်လည်း ပြည်တွင်းနည်းပြ ဦးဌေးမြင့်က ပွဲတိုင်းအနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အုပ်စုပထမနေရာရခဲ့သောကြောင့် ဗိုလ်လုပွဲသို့ ပထမဆုံး တက်ရောက်ရန် အခွင့်အရေးကောင်းသွားခဲ့သည်။

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က)၌ လက်ရှိ ချန်ပီယံထိုင်းက ခြောက်မှတ်ဖြင့် ပထမ၊ တီမောက သုံးမှတ်ဖြင့် ဒုတိယ၊ အုပ်စု(ခ)၌ မြန်မာက ကိုးမှတ်ဖြင့် ပထမ၊ မလေးရှားက ခြောက်မှတ်ဖြင့် ဒုတိယ အသီးသီးရပ်တည်ကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇန်နဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ နှင့်တီမော၊ ထိုင်းနှင့်မလေးရှားတို့ တွေ့ဆုံလျက်ရှိသည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ ဒုတိယအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်သည်။

သတင်း- ရဲရင့်ရှိုင်း၊ ဓာတ်ပုံ- MFF

No comments:

Post a Comment