မော်လမြိုင်ရှိ အပန်းဖြေသည့် နေရာများ၌ အရက်သေစာ မူး
ယစ်သောက်စားမှုများ မပြုလုပ်ကြရန် ပညာပေး လုပ်ဆောင်
၂၅.၁.၂၀၁၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်သူများအပန်းဖြေသည့်နေရာများ၌ လူငယ်များ အရက်သေစာ မူးယစ် သောက်စားမှုများ မပြုလုပ်ကြရန် မော်လမြိုင်မြို့မရဲစခန်းမှ ပညာပေးလုပ်ငန်းများဆောင်ရွက်နေကြောင်း သိရှိရသည်။ပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်နှင့် သံလွင်ဥယျာဉ်ပန်းခြံများ တွင် လူငယ်များ အရက်သေစာမူးယစ်သောက်စားမှုများ မပြုလုပ်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။“အရက်သေစာသောက်စားတဲ့ လူငယ်တွေကြောင့် အပန်းဖြေတဲ့ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်တာတွေ ပပျောက်ဖို့အတွက် ကျွန်တော်တို့ဆောင်ရွက်ရတာဖြစ်တယ်။ အခုချိန်မှာတော့ ပညာပေးကာလဖြစ်တဲ့အတွက် သောက်စားနေတာတွေ့ရင် မသောက်စားဖို့ပြောတယ်။ နောက်ပိုင်းကာလတွေမှာတော့ သက်ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်ဖို့အစီစဉ်ရှိတယ်။”ဟု မော်လမြိုင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးမှူး၊ မော်လမြိုင်မြို့နယ် မြို့မရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်(၅)ဦးအပါအဝင် မော်လမြိုင်မြို့ရှိ မုပွန်၊ ဇေယျာသီရိ၊ မြိုင်သာယာ၊ ဒိုင်းဝန်ကွင်း၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်(၁၂)ဦး၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ် ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့အင်အား(၃၀)ဖြင့် ဇန်နဝါရီ ၁၆ ရက်မှစတင်၍ ည(၈)နာရီခွဲမှ ည(၁၂)နာရီအ ထိ ကင်းလှည့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ “ကမ်းနားလမ်းတလျှောက်မှာ အုပ်စုဖွဲ့ပြီးအရက်သေစာသောက်စားနေတဲ့သူတွေကို တွေ့ပါတယ်။ အေးဆေး သောက်တဲ့လူရှိသလို တချို့တွေကျတော့ မူးလာရင် သွေးဆိုးတတ်တဲ့သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ဒီ လိုသောက်စားနေတဲ့အုပ်စုနားကို မိန်းကလေးသက်ကြီးရွယ်အိုတွေမပြောနဲ့ ကျွန်တော်တို့လိုလူငယ်တွေတောင် မသွားရဲပါဘူး။ အခုလိုရဲတပ်ဖွဲ့က ဒီလိုသောက်စားတဲ့လူငယ်တွေကို တွေ့ရင် မသောက်စားဖို့ပညာပေးတာက တော့ အရမ်းကောင်းသလို လုပ်လည်းလုပ်သင့်တဲ့ကိစ္စပါပဲ။”ဟု မော်လမြိုင်ဒေသခံ ကိုဥာဏ်စိုးဝင်းက ပြောသည်။မော်လမြိုင်မြို့၊ ကမ်းနားလမ်း၌ ညအချိန်အရက်သေစာသောက်စားမှုများရှိသကဲ့သို့ အုပ်စုလိုက် အသံဆူညံစွာ ကားမောင်းသူများ၊ သံကျယ်အိပ်ဇောတပ်ဆင်၍ အုပ်စုလိုက်ဆိုင်ကယ်မောင်းနှင်မှုများကြောင့် လက်ရှိတွင် ဒေသခံများအနေဖြင့် စိတ်အနှောင့်အယှက်များဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
ရတနာပုံ
Wednesday, January 25, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment