Latest News

Wednesday, January 18, 2017

ခရီးသည်နဲ့ ယာဉ်လုပ်သားကို တိုက်ရိုက်တွေ့ဆုံခွင့် မပေးတော့ဘူး - ဦးကိုကိုနိုင်

ခရီးသည်နဲ့ ယာဉ်လုပ်သားကို တိုက်ရိုက်တွေ့ဆုံခွင့် မပေးတော့ဘူး - ဦးကိုကိုနိုင်

ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင်းမှာ စတင် ပြေးဆွဲနေတဲ့ အများပိုင်ယာဉ်လိုင်းတွေဟာ အရင် မထသယာဉ်လိုင်းတွေထက် ဘာတွေကွာခြားမှုရှိလဲ၊ ခရီးသွားပြည်သူတွေကို ဘယ်လိုဝန်ဆောင်မှုတွေ ပေးသွားမလဲ၊ ဘာတွေ အားသာချက်တွေရှိမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ (YUPT) ဒါရိုက်တာ ဦးကိုကိုနိုင် ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – အခု အများပိုင်ယာဉ်လိုင်းတွေက ဇန်နဝါရီလ ၁၆ ရက်နေ့ စတင်ပြေးဆွဲမယ်ဆိုတော့ အရင် မထသယာဉ်လိုင်းတွေနဲ့ ပြေးဆွဲမှု ကွာခြားသွားမယ့်ပုံစံတွေ၊ ခရီးသည်တွေကို ဝန်ဆောင်မှုပေးတဲ့စနစ် ကွာခြားသွားမယ့် ပုံစံလေးတွေ ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ – ဝန်ကြီးချုပ်ကတော့ ၁၅ ရက်နေ့ နောက်ဆုံးထားပြီးတော့ မထသကားတွေအားလုံး ရပ်မယ်။ ရပ်ပြီးရင် သက်ဆိုင်ရာဖွဲ့စည်းပေးထားတဲ့ ကုမ္ပဏီ ၈ ခုကနေပြီး ကုမ္ပဏီတံဆိပ်တွေတပ်မယ်။ ၁၆ ရက်နေ့မှာ စတင်ပြေးဆွဲရမယ်လို့ သတင်းစာရှင်းလင်းပွဲတွေအရရော၊ ညွှန်ကြားချက်တွေအရရော သိရပါတယ်။ စနစ်က ဘယ်လိုပြောင်းသွားမလဲဆိုတော့ အခုဖြစ်နေတဲ့စနစ်က မထသ ယာဉ်ပိုင်ရှင်များက ကိုယ်ရ ကိုယ်ယူစနစ်နဲ့ ပြေးဆွဲနေတာ။ အဲဒီအတွက် ကိုယ်ရရှိရေး၊ ကိုယ့်ကားက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကလည်း ကိုယ်ရရှိရေးအတွက်ပဲ ဦးစားပေးပြီးတော့ ပြေးဆွဲခဲ့တဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒါကို ကျနော်တို့ကုမ္ပဏီတွေက သင်ခန်းစာယူပြီးတော့ ကိုယ်ရ ကိုယ်ယူ စနစ်ထက် ဘုံ၊ ဥပမာ ဆိုပါစို့၊ ဒီနေ့ ကားအစီး ၅၀ ထွက်သွားတယ်။ အဲဒီကားအစီး ၅၀ ထွက်သွားတာအားလုံးကို စုပေါင်းလိုက်မယ်။ ညနေကျရင် ပြေးဆွဲတဲ့ အခေါက်ရေနဲ့ စားပြီးရင် ဘုံစနစ်နဲ့ စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကားဖိုက်တာတွေ၊ လုမောင်းတာတွေ၊ ပြိုင်မောင်းတာတွေ မရှိတော့အောင် ကျနော်တို့ ကြိုးစားပြီး လုပ်သွားမှာပါ။

မေး – ဟုတ်ကဲ့ပါခင်ဗျ။ အရင် မထသ ယာဉ်လိုင်းတွေတုန်းက ခရီးသည်တင်ယာဉ်လုပ်သားတွေနဲ့ ခရီးသွားပြည်သူတွေကြားမှာ ပြဿနာတွေ ကြီးကြီးမားမား ရှိခဲ့တယ်။ မချေမငံဆက်ဆံတဲ့ ပြဿနာတွေလည်း ရှိတယ်။ အခု အများပိုင်စနစ်မှာ အခုယာဉ်လုပ်သားတွေရဲ့ ပြဿနာကို ထိန်းချုပ်ဖို့အတွက် ဘယ်လိုတွေ ပြင်ဆင်ထားလဲ ဆိုတာလည်း ရှင်းပြပေးပါဦးခင်ဗျာ။

ဖြေ – အဲဒါက အဓိကက ယာဉ်ပိုင်ရှင်တွေ ဖိအား၊ မောင်းရောင်းတွေရဲ့ ဖိအား။ ဒါပေမယ့် များသောအားဖြင့် ကျနော် တွေ့နေတာကတော့ ယာဉ်ပိုင်ရှင်တွေရဲ့ ဖိအားက ဒီလောက်မရှိဘူး။ မောင်းရောင်းတွေက သူတို့ ဖိအားတွေ ရယူပြီးတော့ အုံနာကို ဘယ်လောက်ပေးရင် သူတို့အတွက် ဘယ်လောက်ကျန်နိုင်တယ်ဆိုတဲ့ ပမာဏအပေါ်မှာ မူတည်ပြီးတော့ ဖိအားပေါင်း မြောက်မြားစွာနဲ့ ကားပြေးဆွဲရတာ။ အဲဒီတော့ သူတို့မှာ ငွေရရှိရေးတခုကလွဲလို့ ကျန်တာကို သိပ်ဂရုမစိုက်ကြတော့ဘူး။ အခု ပြေးဆွဲမယ့်စနစ်မှာကျတော့ ကားတစီးကို ကြိုက်သလောက် တင်သွား။ အဲဒီပိုက်ဆံက သူ အကုန်ရမှာ မဟုတ်ဘူး။ လိုင်းတလိုင်းလုံးနဲ့ဆိုင်တဲ့ အစီးရေ ၅၀ ရှိရင် အစီးရေ ၅၀ လုံးနဲ့ဆိုင်တဲ့ ပိုက်ဆံဖြစ်တယ်။ ကိုယ့်ကားက တယောက်မှ မပါလာလည်း အဲဒီ ပါသွားတဲ့ယာဉ်ပေါ်က ပိုက်ဆံက ကိုယ့်ပိုက်ဆံ ဖြစ်သွားမယ်။ အဲဒီတော့ ဘုံစနစ်နဲ့ ပြေးဆွဲမှာဖြစ်တဲ့အတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေမှာ ဖိအားမရှိတော့ဘူး။ အဲဒီဖိအားတွေ မရှိခဲ့ရင် အဓိကက စနစ်ကို ပြင်လိုက်မှာ။ စနစ်ကို ပြင်လိုက်ရင်တော့ တော်တော်ကောင်းသွားမှာလို့ ကျနော်တို့ ယူဆပါတယ်။

မေး – အရင် မထသယာဉ်လိုင်းတွေတုန်းကတော့ ယာဉ်စီးခကို ငွေစက္ကူနဲ့ ကောက်ခံခဲ့တယ်။ ဒါပေမယ့် နောက်တဆင့်အနေနဲ့ မထသက ဘယ်လိုလုပ်ခဲ့လဲဆိုတော့ iPay ကတ်နဲ့ ကောက်ခံတယ်။ ဒါပေမယ့် အဲဒီစနစ်ကလည်း နောက်ပိုင်းမှာ မအောင်မြင်ဘူး။ ပပျောက်သွားတယ်။ အခု ဒီမှာရော အများပိုင်းယာဉ်လိုင်းတွေ ပြေးဆွဲတဲ့အခါမှာ ယာဉ်စီးခကို ဘယ်လိုကောက်ခံဖို့ စဉ်းစားထားလဲ။ အခု စတင်ပြေးဆွဲတဲ့အခါမှာရော ယာဉ်စီးခကို ဘယ်လိုကောက်ခံသွားမလဲ။ နောက်ပိုင်းမှာရော ယာဉ်စီးခကို ဘယ်လိုကောက်ခံသွားမလဲ ရှင်းပြပေးပါဦးခင်ဗျ။

ဖြေ – အရင်တုန်းက ငွေအကြွေကို စပယ်ယာက ကောက်တယ်။ အခုသွားမယ့်စနစ်မှာ စပယ်ယာက မကောက်တော့ဘူး။ Cash Box ဆိုတဲ့ ငွေပုံးထဲကို သူတို့ထည့်ရမယ်။ ခရီးသည်က တရာတန်တဲ့လမ်းကို တရာထည့်မယ်။ နှစ်ရာတန်တဲ့လမ်းကို နှစ်ရာထည့်မယ်။ သုံးရာတန်တဲ့လမ်းကို သူတို့ သုံးရာထည့်သွားမယ်။ အဲဒီ Cash Box ထဲပဲ ထည့်သွားမှာဖြစ်တဲ့အတွက် စပယ်ယာရဲ့လက်ထဲမှာ ငွေမရှိတော့ဘူး။ အဲဒါက ငွေပိုယူတဲ့ပြဿနာကိုပါ ရှင်းပြီးသား ဖြစ်တယ်။ အဲဒီတော့ ငွေပိုယူတာလည်း မရှိတော့ဘူး။ ပြီးရင် ကျနော်တို့ ဒီတဆင့်ကနေ ဘာမှာထားလဲဆိုတော့ ကတ်စနစ်တွေပေါ့နော်။ ကတ်စနစ်တွေ နိုင်ငံခြားကို မှာထားတာ ရှိပါတယ်။ အစိုးရအဖွဲ့လည်း ကတ်စနစ်ကို ကြိုးစားနေပါတယ်။ ဒုတိယအဆင့်မှာ ကတ်စနစ်နဲ့ အားလုံးသွားမယ်။ ကတ်တခု ဖြစ်မယ်။ အဲဒီကတ်သည် ယာဉ်လိုင်းအားလုံးကို လွှမ်းခြုံနေတဲ့ ကတ်တခု ဖြစ်တယ်။ အဲဒီကတ်နဲ့ပဲ ကျနော်တို့ သွားတော့မယ်။ ငွေပေးချေမှုစနစ်ကို ကျနော်တို့ ရပ်ဆိုင်းမှာ မဟုတ်ဘူး။ ငွေပေးချေမှုစနစ်ကို ဆက်ထားဦးမယ်။ ကတ်မရှိတဲ့သူတွေအတွက်၊ ဥပမာ တခါတရံ ဈေးသွားတဲ့လူတွေ စီးတဲ့အခါ ကတ်မရှိလို့ မစီးရဘူးဆိုတာ မဖြစ်ရဘူး။ Cash Box ကိုလည်း ထားပေးမယ်၊ ကတ်စနစ်ကိုလည်း တပ်မယ်။ တပ်လိုက်ရင် ခရီးသည်တွေ ငွေပေးချေမှုပုံစံက အကုန်လွယ်ကူသွားပြီးတော့ ယာဉ်စီးခ ပိုတောင်းပါတယ်တို့၊ စပယ်ယာက မချေမငံ ဆက်ဆံပါတယ်တို့ နောက်ပိုင်းမှာ မရှိတော့ဘူး။

မေး – ဟုတ်ကဲ့ပါ။ ယာဉ်လုပ်သားပိုင်းဆိုင်ရာကျတော့ ထိန်းချုပ်ဖို့အတွက် ဘယ်လိုပုံစံမျိုးနဲ့ ထိန်းချုပ်သွားမယ်လို့ စဉ်းစားထားလဲခင်ဗျ။

ဖြေ – အဲဒီကိစ္စကို ကျနော် ၁၉ ရက်၊ ၆ လ၊ ၂၀၁၆ ခုနှစ်မှာတွေ့တဲ့ ဝန်ကြီးချုပ်နဲ့ ယာဉ်ပိုင်ရှင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ ကျနော် တင်ပြထားတာတခုရှိတယ်။ အဓိက ယာဉ်မောင်းတွေကို ကျနော်တို့ ထိန်းချုပ်မရဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့မရလဲဆိုတော့ အကြောင်းရင်းက ခတ်ကွင်းကျယ်နေတာ။ သူတို့ ခတ်ကွင်းကျယ်နေတာ။ မထသ မြို့တွင်းက ဖြုတ်လိုက်တဲ့ ယာဉ်မောင်းဟာ ခရိုင်ယာဉ်လိုင်းကို ရောက်သွားတယ်။ ခရိုင်ယာဉ်လိုင်းကို ရောက်သွားရင်၊ အရှေ့ပိုင်းခရိုင်ကို ရောက်သွားတဲ့ ယာဉ်မောင်းဟာ ပြဿနာဖြစ်ရင် အနောက်ပိုင်းခရိုင်ကို ရောက်သွားတယ်။ အဲဒီလိုပဲ။ အခြားလိုင်းတွေ လိုင်းပေါင်းစုံမှာ သူတို့က ပတ်မောင်းနိုင်တဲ့ ခတ်ကွင်းကျယ်နေတဲ့အတွက် ယာဉ်ပိုင်ရှင်ရဲ့ စကားကိုလည်း နားမထောင်ဘူး။ သက်ဆိုင်ရာ ယာဉ်လိုင်းတွေရဲ့ ကြီးကြပ်မှုတွေကိုလည်း နားမထောင်ခဲ့ဘူး။ အခု ဒီစနစ်မှာ ဒီကုမ္ပဏီမှာ မောင်းလို့ ပြုတ်သွားပြီဆိုတာနဲ့ အခြားကုမ္ပဏီ ၈ ခုမှာ သူ မောင်းလို့မရတော့ဘူး။ ဒါကို ကျနော်တို့ တိုင်းဒေသကြီးအစိုးရကနေပြီးတော့ ဒါကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးနေပါတယ်။ ကျနော် တင်ပြခဲ့တာကိုလည်း ဝန်ကြီးချုပ်ကိုယ်တိုင် အကောင်အထည် ဖော်ပေးနေပါတယ်။ ဒါကြောင့်မို့လို့ ဒီစနစ်နဲ့သွားမယ်ဆိုရင် ယာဉ်လုပ်သားတွေကို တဖက်တလမ်းက ထိန်းချုပ်ပြီးသား ဖြစ်သွားမယ်။ နောက်တချက် ကျနော်တို့ကုမ္ပဏီမှာ Basic Pay ကို ၃ သိန်း ပေးတယ်။ ဒီထက်ကောင်းတဲ့ အစီအစဉ်ကိုလည်း ကျနော်တို့ တဆင့်ပြီးတဆင့် လုပ်ပေးသွားမှာပါ။ သူတို့ ယာဉ်လုပ်သားတွေရဲ့ဘဝက  ကားမောင်းနေပြီးတော့ ဘဝခရီး တိုးတက်သွားအောင် လုပ်ပေးဖို့ အစီအမံတွေ စောသေးလို့ ကျနော် မပြောသေးဘူး။ ဒါပေမယ့် အကုန်စီမံထားပါတယ်။ နောက်တခါ ခတ်ကွင်းပြောင်းလို့ မရပါဘူး။ သူတို့ YUPT ကုမ္ပဏီကနေ ထွက်သွားပြီဆိုတာနဲ့ တခြား ဘယ်ခရီးသည်ဘတ်စ်ကားလိုင်းမှ မောင်းလို့မရတော့ဘူး။ အဲဒါနဲ့ ထိန်းချုပ်ထားတဲ့အပြင် အခု အနက်လိုင်စင်ရပြီး ၃ နှစ်ပြည့်တဲ့ ပုဂ္ဂိုလ်များ၊ ယာဉ်မောင်းတာ ကျွမ်းကျင်ရင် ကျနော်တို့ ထောက်ခံပေးပါမယ်။ ဝန်ကြီးချုပ်ကြီးခမျာ၊ ဘတ်စ်ကားမောင်း သီးသန့်လိုင်စင် ကညနနဲ့ညှိပြီး ကျနော်တို့ ယာဉ်မောင်းအင်အားရရှိရေး လုပ်ပေးပါဆိုပြီး ဆောင်ရွက်ပေးပါ့မယ်ဆိုလို့ အခု ၃ နှစ်ပြည့်ပြီးသား လူတွေကို ကျနော်တို့ Collection လုပ်နေပါတယ်။ လျော့သွားတဲ့ယာဉ်မောင်းနေရာကို ဖြည့်သွင်းဖို့ လုပ်နေပါတယ်။ သူတို့သာ ရိုးရိုးသားသား လုပ်စားမယ်ဆိုရင် သူတို့ဘဝ အောင်မြင်မယ်။ ရိုးရိုးသားသား မလုပ်စားဘူးဆိုရင် သူတို့ရဲ့ ငွေရှာစားနိုင်တဲ့အပေါက်ကို ပိတ်သွားမှာ ဖြစ်ပါတယ်။

မေး – အရင် မထသယာဉ်လိုင်းက ယာဉ်လုပ်သားတွေနဲ့ ခရီးသွားပြည်သူတွေ ပြဿနာတက်ရင် ခရီးသွားပြည်သူတွေ တိုင်ကြားတဲ့အခါမှာ အရေးယူမှုက အားနည်းတယ်လို့ ခရီးသွားပြည်သူတွေက ပြောကြတယ်ခင်ဗျ။ အခုရော အများပိုင်ယာဉ်လိုင်းတွေ စတင်ပြေးဆွဲပြီဆိုရင် ယာဉ်လုပ်သားတွေနဲ့ ခရီးသွားပြည်သူတွေကြားမှာ ပြဿနာတွေဖြစ်လာပြီဆိုရင် ဘယ်လိုတိုင်ကြားနိုင်မလဲ ခင်ဗျ။  ဘယ်ကို တိုင်ကြားရမလဲ။ အဲဒါလေးလည်း ရှင်းပြပေးပါဦး။

ဖြေ – အဓိကက ပို့ဆောင်ရေးအာဏာပိုင် YRTA ကနေပဲ အဓိကကိုင်ထားမယ်။ ကားတံဆိပ်တွေကလည်း YRTA တံဆိပ်တွေပဲ ဖြစ်မယ်။ တိုင်ကြားရမယ့် ဖုန်းသည် YRTA ရယ်၊ သက်ဆိုင်ရာကုမ္ပဏီရယ် တိုင်ကြားရမယ်။ အရေးယူမှုကို အရင်လို တလလောက်နေမှ အရေးယူတာမျိုး၊ ရက် ၂၀ ကြာမှ အရေးယူတာမျိုး မဟုတ်တော့ဘူး။ တိုက်ရိုက်ချက်ချင်း အရေးယူရမယ်။ ပြည်သူကို မချေမငံ ဆက်ဆံလာရင်၊ သူတို့ ထမင်းရှင်လို သဘောမထားဘဲ လုပ်လာခဲ့ရင် သူတို့ကို ချက်ချင်းပဲ ကုမ္ပဏီကနေ အရေးယူသွားမယ်။ First Warning ပေးပါမယ်။ Second Warning ပေးပါမယ်။ Third Warning ထုတ်ပယ်လိုက်ပါမယ်။ ဒီယာဉ်လုပ်သားကို ထုတ်ပယ်လိုက်တာနဲ့ ဒီယာဉ်လုပ်သားသည် ခရီးသည်တင် မည်သည့်ကားကိုမှ မောင်းနှင်ခွင့် မရှိတော့ပါဘူး။ အဲဒါကြောင့်မို့ သူတို့ဘက်ကလည်း ထိန်းသွားမယ်။ နောက်တချက်က ခရီးသည်နဲ့  ယာဉ်လုပ်သားကို တိုက်ရိုက်တွေ့ဆုံခွင့် ကျနော်တို့ မပေးတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံထည့်တာကအစ ပုံးထဲမှာ ထည့်ရမှာဆိုတော့ သူနဲ့လည်း စကားပြော ရန်ဖြစ်စရာလည်း မလိုတော့ဘူး။ ကုမ္ပဏီက ပေးနိုင်မယ့် မက်လုံးတွေရှိတယ်။ အဲဒီမက်လုံးတွေကိုလည်း ကျနော် အခုလောလောဆယ် ကုမ္ပဏီတွေ အားပြိုင်နေတဲ့အချိန်မှာ ကျနော်က ထီးတည်းကြီး လုပ်လိုက်ရင် တခြားကုမ္ပဏီတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျနော် မပြောသေးပါဘူး။ ယာဉ်လုပ်သားကို ခေတ်အဆက်ဆက်က လုံးဝမကြည့်ခဲ့ပါဘူး။ ဒုက္ခပဲပေးခဲ့မယ်၊ အရေးပဲ ယူခဲ့မယ်ဆိုတဲ့ စနစ်ကနေပြီးတော့ ကျနော်တို့ယာဉ်လိုင်းမှာ မောင်းပြီးတော့ ပြည်သူကို ကောင်းကောင်းဝန်ဆောင်မှုပေးမယ်ဆိုရင် သူ့အတွက် ကျနော်တို့ ထိုက်တန်တဲ့ ဂုဏ်ပြုဆုကို ပြန်ပေးသွားမှာပါ။ ဒါကြောင့်မို့ သူတို့တွေဟာ ခရီးသည်နဲ့ ရန်ဖြစ်ခြင်းသည် ငါတို့အတွက် ဆိုးပါလားဆိုတာ သူတို့ သိသွားပါလိမ့်မယ်။

မေး – ဇန်နဝါရီလ ၁၆ ရက်နေ့ အများပိုင်ခရီးသည်ယာဉ်တွေ စပြေးမယ်ဆိုရင် ခရီးသွားပြည်သူတွေအနေနဲ့ သတ်မှတ်လမ်းကြောင်းတွေ သူတို့အနေနဲ့ သေချာသဘောပေါက်တဲ့ အနေအထား မရှိဘူးလို့ သိရတယ်။ အဲဒီဟာကိုရော ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေဖို့အတွက်ရော ဘယ်လို စဉ်းစားထားတာတွေရှိလဲ၊ စီစဉ်ထားတာတွေ ရှိလဲ။

ဖြေ – တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ဗော်လံတီယာတွေငှားပြီးတော့ မှတ်တိုင်တိုင်းမှာ ချမယ့်အပြင် ကျနော်တို့ကုမ္ပဏီကလည်း မှတ်တိုင်တိုင်းမှာ ဝန်ထမ်းတွေ ချပြီးတော့ ခရီးသည်တွေ သွားလာရေး အဆင်ပြေစေရေးအတွက် လမ်းညွှန်မှုတွေ၊ ကူညီမှုတွေပေးဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်နေပါတယ် ခင်ဗျ။

မေး – ယာဉ်စီးခ ကောက်ခံမှုအပိုင်းကရော ဘယ်လိုသတ်မှတ်ထားလဲ ခင်ဗျ။ အဲဒါလေးလည်း ရှင်းပြပေးပါဦး။

ဖြေ – အခုက ယာဉ်စီးခကောက်ခံမှုအပိုင်းကတော့ ၃၀၀ ထက်မကျော်တဲ့ ငွေကိုပဲ ကျနော်တို့ လက်ရှိသတ်မှတ်ထားပါတယ်။ ဒါကလည်း ကာလအပိုင်းအခြားတခုအထိပဲ ဖြစ်မှာပါ။ နောက်ပိုင်း ကတ်စနစ်နဲ့ သွားရင်တော့ ကီလိုမီတာနဲ့ ကျနော်တို့ ကောက်သွားမှာပါ။ ၁၀ ကီလိုမီတာကို ၁၀၀ သတ်မှတ်ထားရင် ၁၀ ကီလိုမီတာမှာ ၁၀၀ ပိုကောက်လို့ မရတော့ဘူး။ အဲဒီလိုမျိုးစနစ်နဲ့ သွားမှာ။ အခုလောလောဆယ်တော့ ဖြတ်တဲ့စနစ်ပေါ့။ ၁၀၀ – ၁၀၀ – ၁၀၀။ အဲဒီစနစ်နဲ့ ကျနော်တို့ သွားပါမယ်။ ဒါမှမဟုတ်ရင်လည်း တချို့ယာဉ်လိုင်းတွေကတော့ ပုံသေ ၂၀၀ ယူပြီးတော့၊ ခရီးအကွာအဝေးပေါ် မူတည်ပြီး ၃၀၀ ယူသွားဖို့လည်း ရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့် ဖြစ်သွားမယ့်နှုန်းသည် ခရီးစဉ်တဖြတ်ကို ၁၀၀ နှုန်းသာ ဖြစ်သွားမှ ပြည်သူကလည်း အဆင်ပြေမှာ ဖြစ်တဲ့အတွက် အဲဒါမျိုးပဲ ဖြစ်သွားဖို့ များပါတယ်။

မေး – ခရီးသွားပြည်သူတွေအနေနဲ့ ကားစီးတဲ့အခါမှာ၊ အများပိုင်စနစ် ပြောင်းတဲ့အခါမှာ နှစ်ဆင့်၊ သုံးဆင့် ပြောင်းစီးရမယ့် ပုံစံလေးတွေ ရှိတယ်လို့လည်း သိရတယ်ခင်ဗျ။ အဲဒါကရော ခရီးသွားပြည်သူတွေအတွက် ကုန်ကျစရိတ် ပိုများသွားမလား။ အခြေခံလူတန်းစားတွေအတွက်ရော အရင်လို ကားစီးတဲ့ပုံစံက ကုန်ကျစရိတ်က တွက်ခြေကိုက်တဲ့ အနေအထား ရှိပါ့မလား။ အဲဒါလေးရော တွက်ချက်ပြပါဦး။

ဖြေ – Transit သဘောမျိုး ထားလိုက်တဲ့အတွက် ခရီးသည်ဟာ ငွေကြေးကုန်ကျမှု မရှိရင်တောင် အနှောင့်အယှက်တခုတော့ ဖြစ်သွားတယ်။ အဲဒီ Transit ဧရိယာသည် နိုင်ငံတကာလို ဝင်းကြီးတွေနဲ့ ကျနော်တို့ မလုပ်ပေးနိုင်ဘူး။ အဲဒီတော့ လမ်းပေါ်က မှတ်တိုင်မှာ လမ်းပေါ်က Transit လုပ်သွားရမှာ။ ဥပမာ- ၈ မိုင် Junction လို နေရာမျိုးမှာ သွားပိတ်မယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်မယ်။ ခရီးသည်တွေ ပိတ်ဆို့မှုတွေ ဖြစ်မယ်။ နံပါတ် ၁ အချက် အဲဒီပြဿနာ နည်းနည်းရှိမယ်။ နံပါတ် ၂ အချက်က ခရီးသည်တွေရဲ့ ငွေကြေးကုန်ကျမှုက နည်းနည်းလေးတော့ ပိုပြီးကုန်ကျသွားမယ်။ ၁၀၀ သို့မဟုတ် ၂၀၀ လောက် ပိုကုန်ကျသွားမယ်။ အဲဒါလေး သွားတွေ့တယ်။ ဒါကိုလည်း ကျနော်တို့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းနေတယ်ခင်ဗျ။ ဖြစ်နိုင်တဲ့ လိုင်းတွေကို ဖွင့်ပေးဖို့ပေါ့နော်။ တဆက်တည်းသွားဖို့။ စနစ်သစ်တခုကို သွားမယ်ဆိုရင် အခက်အခဲတော့ ရှိမှာပဲ။ ဒီအခက်အခဲကို ဘယ်လိုနည်းနဲ့ ပြေလည်သွားအောင် ဝိုင်းဝန်းလုပ်ဆောင်ကြမလဲဆိုတဲ့ အဖြေပဲ ကျနော်တို့က ထုတ်ရမှာ။

Sources: တွေ့ဆုံမေးမြန်းသူ - ကျော်ဇေယျ ( DVB )

No comments:

Post a Comment