Latest News

Thursday, January 26, 2017

တူရကီစစ်သားများကို ပြန်လွှဲမပေးရန် ဂရိတရားရုံး ဆုံးဖြတ်

တူရကီစစ်သားများကို ပြန်လွှဲမပေးရန် ဂရိတရားရုံး ဆုံးဖြတ်

တူရကီစစ်သား ၈ ဦးက ၎င်းတို့ကို ပြန်လွှဲပေးပါက အသက်အန္တရာယ်ရှိကြောင်း ဂရိတရားရုံးမှာ ပြောခဲ့ကြပါတယ်။

ဂရိနိုင်ငံ တရားရုံးချုပ်က တူရကီမှာဖြစ်ပွားခဲတဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ ပါဝင်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ တူရကီစစ်သား ၈ ဦးကို ပြန်လည် လွှဲပြောင်းပေးခြင်းမပြုရန် အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။ အဆိုပါ တူရကီစစ်သား ၈ ဦးဟာ ယမနှစ် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုမှာ ပါဝင်ခဲ့ကြောင်း တူရကီအစိုးရက စွပ်စွဲထားပြီး ၎င်းတို့ကို ပြန်လည် လွှဲပြောင်းပေးရန် တောင်းဆိုထားပါတယ်။

တူရကီစစ်သား ၈ ဦးဟာ အာဏာသိမ်းမှုဖြစ်ပြီးနောက် ရဟတ်ယာဉ်တစ်စီးဖြင့် ဂရိနိုင်ငံအတွင်းသို့ ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း ပြောကြားထားပါတယ်။ ဂရိတရားသူကြီးချုပ် ဂျီယိုဂေါ့စ်ဆက်ကက်စ်က အဆိုပါ စစ်သားတွေဟာ တူရကီမှာ တရားရင်ဆိုင်ရပါက မျှတမှုရှိတဲ့ တရားစီရင်မှု ခံယူရနိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ တူရကီအစိုးရက ဂရိတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီးဖြစ်ခဲ့ပြီး နိုင်ငံရေးဆက်နွယ်တဲ့ လုပ်ဆေင်မှုအဖြစ် တုံ့ပြန်ခဲ့ပါတယ်။

"ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်၊ ဂရိတရားရုံးရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့သမ္မတရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့ပြီး အရပ်သား ၂၄၈ ဦး သေဆုံးခဲ့ရတဲ့ အာဏာသိမ်းမှုမှာ ပါဝင်သူတွေကို တူရကီ တရားစီရင်ရေးအရ စစ်ဆေးအရေးယူဖို့အတွက် အတားအဆီး ဖြစ်စေခဲ့တယ်" လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်မှာ ပြောကြားပါတယ်။ ဂရိနိုင်ငံဟာ အိမ်နီးချင်းနဲ့ မဟာမိတ်အနေဖြင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရေးအတွက် ဖြည့်ဆည်းကူညီရန် ပျက်ကွက်ခဲ့ကြောင်း တူရကီက ဆိုပါတယ်။

တူရကီသမ္မတ အာဒိုဂန်


တူရကီစစ်သား ၈ ဦး ကိစ္စဟာ ဂရိနဲ့တူရကီကြား သံတမန်ရေးကို ထိခိုက်စေပြီး ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဂရိနိုင်ငံ တရားရေးဝန်ကြီး စတက်ဗ်ရော့စ် ကွန်တိုနစ်ကလည်း တရားရုံးဆုံးဖြတ်ချက်ကို အသိအမှတ်ပြုမှာဖြစ်ကြောင်း အမိန့်မချမှတ်မီ ပြောကြားထားပါတယ်။ တူရကီမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပြီးနောက် ဂရိနိုင်ငံအတွင်း ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားသူတွေမှာ ဗိုလ်မှူးအဆင့် ၃ ဦး၊ ဗိုလ်ကြီး ၃ ဦးနဲ့ တပ်ကြပ်ကြီး ၂ ဦးတို့ ဖြစ်ပါတယ်။

၎င်းတို့ဟာ နိုင်ငံတော်သစ္စာ ဖောက်ဖျက်သူတွေဖြစ်ကြောင်းနဲ့ ပြန်လည်လွှဲပြောင်းပေးရန် တူရကီက တောင်းဆိုထားခဲ့ပါတယ်။ အဆိုပါ တူရကီစစ်သား ၈ ဦးက ၎င်းတို့ကို ပြန်လွှဲပေးပါက အသက်အန္တရာယ်ရှိကြောင်း ဂရိတရားရုံးမှာ ပြောခဲ့ကြပါတယ်။ ၎င်းတို့ရဲ့ ဆွေမျိုးတွေဟာ တူရကီမှာ အလုပ်ထုတ်ခံကြရပြီး နိုင်ငံကူးလက်မှတ်များလည်း အသိမ်းခံခဲ့ရကြောင်း စစ်သား ၈ ဦးက ဂရိတရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

တူရကီမှထွက်ပြေးလာတဲ့ စစ်သား ၈ ဦးကို ဂရိရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ၂ လစီ ချမှတ်ထားခဲ့ပါတယ်။ တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပြီးနောက် သမ္မတအာဒိုဂန်အစိုးရက စစ်ဘက်အရာရှိများ၊ အစိုးရအရာရှိများနဲ့ ကျောင်းဆရာ ဆရာမမျာ အပါအဝင် သောင်းနဲ့ချီတဲ့ လူတွေကို အလုပ်မှထုတ်ပယ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

တူရကီအစိုးရက အာဏာသိမ်းရန် ကြံစည်သူတွေကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ပြောဆိုထားပြီး အရင်းအမြစ်အထိ ရှာဖွေဖော်ထုတ်မယ်လို့ ပြောထားပါတယ်။ ယမန်နှစ် ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းရန်ကြိုးပမ်းမှုကို မရိကန်မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဖက်သူလာဂူလင်က ကြိုးကိုင်စီစဉ်ခဲ့ကြောင်း တူရကီအစိုးရက စွပ်စွဲထားပါတယ်။ ဖက်သူလာဂူလင်ကတော့ အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။

တူရကီ (Turkey) မှာ အာဏာသိမ်းရန် ကြိုးပမ်းခဲ့မှု အချက်အလက်အချို့ဇူလိုင် ၁၅ ရက် ညပိုင်းမှ လိုင် ၁၆ ရက်အထိ ဖြစ်ခဲ့ပြီး မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။

အဓိကအားဖြင့် အန်ကာရာ၊ အစ္စတန်ဘူလ်၊ မာမာရစ်၊ မာလတ်ယာတို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး အခြားနေရာတွေမှာ ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။

စစ်တပ်ခေါင်းဆောင်ပိုင်းကို အာဏာသိမ်းရန်ကြိုးပမ်းတဲ့ စစ်သားတွေက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် တူရကီလွှတ်တော်နဲ့ သမ္မတနန်းတော် ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။

အန်ကာရာနဲ့ အစ္စတန်ဘူလ် မြို့တွင်းလမ်းတွေပေါ်မှာ အာဏာသိမ်းမှုမှာ ပါဝင်တဲ့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

အန်ကာရာမြို့ ကောင်းကင်ယံမှာ လေယာဉ်မပျံသန်းရဇုန်အဖြစ် တူရကီလေတပ်က ကြေညာခဲ့ပါတယ်။

မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပြီးနောက် သမ္မတအာဒိုဂန်က နိုင်ငံကို ၃ လကြာ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
သမ္မတအာဒိုဂန်အစိုးရကို ထောက်ခံတဲ့ တူရကီပြည်သူတွေက လမ်းပေါ်ထွက်ကာ အာဏာသိမ်းရန် ကြိုးပမ်းခဲ့တဲ့ စစ်သားတွေကို တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

Source & Photo: Reuters : Duwun

No comments:

Post a Comment