အသုံးမှ မကျတာ
YBS လိုင်းကားစီးရတာ အဆင်မပြေဘူး။
ဘယ်ပြေမလဲ။
အသုံးမှ မကျတာ။
အသုံးသာကျရင် ဒီလိုဘယ်ဖြစ်မလဲ။
သူများကိုပြောတယ်မထင်နဲ့။ ခင်ဗျားတို့ကိုပြောနေတာ။
အစိုးရကို ဘာမှ ပြောနေစရာမလိုဘူး။
အစိုးရကိုတော့ ထိမယ်မကြံနဲ့။
အစိုးရက ကောင်းအောင်လုပ်နေတာ။ ငြိမ်ငြိမ်နေ။ ငြိမ်ငြိမ်မနေရင် မအေနှမစုံအောင် ဆဲပလိုက်မယ်။
ခင်ဗျားတို့ အသုံးမကျလို့ အခုလိုဖြစ်ရတာ။
ခင်ဗျားတို့ဆိုတာ ခင်ဗျားတစ်ယောက်ထဲကို ပြောနေတာမဟုတ်ဘူး။
လိုင်းကားစီးနေတဲ့ လူတွေအကုန်လုံးကို ပြောနေတာ။
ခင်ဗျားတို့သာ အသုံးကျရင် ဒီလိုဘယ်ဖြစ်မလဲ။
ခင်ဗျားတစ်ယောက်ထဲ အသုံးမကျတာမဟုတ်ဘူး။ ခင်ဗျား မိဘ။ ခင်ဗျား ဘိုးဘွားတွေ အသုံးမကျတာလည်း ပါတယ်။
ခင်ဗျားဘိုးဘွားတွေသာ အသုံးကျမယ်ဆိုရင်ပေါ့လေ။
သူတို့ အသုံးကျရင် သူတို့ လုပ်ငန်းတွေ အဆင်ပြေမယ်။ ငွေတွေ ၀င်မယ်။
ပိုက်ဆံတွေ ချမ်းသာမယ်။ ပိုက်ဆံချမ်းသာရင် အိမ်ကောင်းကောင်းနဲ့ နေနိုင်မယ်။
ကားကောင်းကောင်းတွေ ၀ယ်စီးနိုင်မယ်။
ခင်ဗျားတို့ မိဘတွေကလည်း အဲ့ဒါတွေကို ဆက်ထိန်းသိမ်း။
သူတို့လည်း ကားလေးနဲ့။ လုပ်ငန်းလေးနဲ့။
ဒါဆို ခင်ဗျား အလှည့်ကျရင်လည်း ကားလေးနဲ့ ဖြစ်နေမှာပဲ။
မိဘလက်ထက်မှာ ကားလေးနဲ့ ဖြစ်ပြီး ခင်ဗျားလက်ထက်မှာ ကားမရှိတော့ရင် ခင်ဗျားက ပိုအသုံးမကျတာ ဖြစ်သွားပြီ။
အဲ့လိုမှ မဟုတ်ဘဲ မိဘတွေမှာ ပိုက်ဆံမရှိဘူး။ ကားမရှိဘူးဆိုရင် ခင်ဗျား ဘာသာ ကျိုးစားလေ။
အခြားလူတွေလည်း ဒီလိုကျိုးစားရင်း သူဌေးတွေ ဖြစ်လာတာပဲ။
အဲ့ဒါဆို ကားကောင်းကောင်း ၀ယ်စီးနိုင်မယ်။
ကားကောင်းကောင်း စီးနိုင်ရင် YBS စီးစရာလိုမလား။
မလိုဘူးလေ။
ကားအကောင်းစားကြီးပေါ်ကနေ
"မင်းတို့တွေ ဒါလောက်လေးတောင် သည်းမခံနိုင်ဘူးလား" ဆိုပြီး ဟိန်းဟောက်နိုင်မယ်။
အခုတော့ ခင်ဗျားတို့ အသုံးမကျ။ မိဘတွေက အသုံးမကျတော့ လိုင်းကား တိုးစီးနေရတယ်။
အဲ့ဒါကို သည်းမခံနိုင်ဘဲ ဟိုအော် ဒီအော် လုပ်နေမလဲ။
လိုင်းကားကြပ်ရင် တက္ကစီ စီးကြလေ။ လိုင်းကားမလာရင် ကားငှားလေ။
တက္ကစီ ခ မတတ်နိုင်ရင် လာသမျှကားတွေကို တားပြီး ပြောစီးကြ။
လမ်းကြုံရင် ခေါ်တင်သွားချင်လည်း တင်သွားမှာပေါ့။
အခုလည်း အခမဲ့ကားတွေ ရှိနေတာပဲ။ အဲ့ဒါတွေ စီးကြပေါ့။
အခုတော့ ခင်ဗျားတို့ ကားဝယ်မစီးလို့ အစိုးရခမြာ သိပ်စိတ်ညစ်ရတယ်။
ကားပိုင်တဲ့ အခြားလူတွေပါ စိတ်ညစ်ရတယ်။ မြင်ရတာ စိတ်မချမ်းသာဘူး။ အဲ့တော့ အခမဲ့ကားတွေ ထွက်ရတယ်။
အဲ့ဒါတွေနဲ့ မလုံလောက်တော့ ရဲကားတွေကပါ ခင်ဗျားတို့ကို တင်ခေါ်သွားရတယ်။
မကြာခင် စစ်ကားတွေပါ ရောက်လာတော့မယ်။
စစ်ကားတွေ ရောက်လာပြီး တီဗွီမှာ စစ်သီချင်းတွေပါ ကြားရင်တော့ ခင်ဗျားတို့ ဒုက္ခရောက်ပြီ။
အစိုးရလည်း ဒုက္ခရောက်ပြီ။
ခင်ဗျားတို့ဟာ အစိုးရကို ဒုက္ခပေးနေတာပဲ။
ကိုယ့်ဟာကိုယ် ကားဝယ် မစီးနိုင်တာနဲ့ အစိုးရကို ဒုက္ခပေးရလားဗျာ။
ခင်ဗျားတို့ အစိုးရကို ဒုက္ခမပေးချင်ဘူး။ YBS ကိုလည်း တိုးကြိတ်ပြီး မစီးချင်ဘူးဆိုရင်
ကျိုးစားကြ။
ကိုယ်ပိုင်ကား ၀ယ်စီးနိုင်အောင် ကျိုးစား။
ဒါဆို အစိုးရကိုလည်း ကူညီရာရောက်မယ်။
ခင်ဗျားတို့လည်း အဆင်ပြေမယ်။
အခုတော့ ခင်ဗျားတို့ ကိုယ်ပိုင်ကား ၀ယ်မစီးနိုင်၊ တက္ကစီ မစီးနိုင်တိုင်း အစိုးရကို အပြစ်တင်နေကြတယ်။
အဲ့ဒါကောင်းလား။
ပြီးတော့ ကားဂိတ်မှာ ရပ်မနေကြနဲ့။ YBS ကားတွေ မနိုင်နင်းဘူးဆိုပြီး ထင်ကုန်ကြမယ်။
အစိုးရ သိက္ခာကျတယ်။ လမ်းလျှောက်ပြန်ကြ။
ခင်ဗျားတို့ကြောင် အစိုးရမှာ သိက္ခာတွေ အောက်ပြုတ်ကျလွန်းလို့ ရှိသေးရဲ့လားတောင် မသိဘူး။
ခင်ဗျားတို့ ကိုယ့်ဟာကိုယ် အသုံးမကျလို့ ဆင်းရဲတာ အစိုးရကို ဒုက္ခမပေးကြနဲ့။
အစိုးရက ကောင်းအောင်လုပ်နေတာ။
ခဏတော့ သည်းခံ။ အကြာကြီး သည်းခံခြင်လည်း ခံ။
နှစ်ပေါင်း ၆၀ လောက်တောင် ခံခဲ့သေးတာပဲ။ အခုလည်း နှစ်ပေါင်း ခြောက်ဆယ်လောက် ဆက်ခံ။
သည်းမခံနိုင်ရင် ရန်ကုန်မှာ မနေကြနဲ့။
အခြားမြို့တွေ သွားနေကြ။
အဲ့တော့မှ ရန်ကုန် အစိုးရကို သတိရလှပါချည်ရဲ့ ဆိုပြီး တမ်းတနေမှာ မြင်ယောင်သေးတယ်။
မြန်မာတနိုင်ငံလုံး မထူးဘူးဆိုရင်လည်း မြန်မာပြည်မှာကို မနေကြနဲ့။
လိုင်းကား ကောင်းတဲ့ နိုင်ငံတွေကို သွားနေကြ။
ထပ်ပြောမယ်နော်.....။
အစိုးရ အသုံးမကျတာမဟုတ်ဘူး။
ခင်ဗျားတို့ အသုံးမကျတာ.....။
စိုပြေ
Sources: The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment