Latest News

Monday, January 9, 2017

ဒီမိုကရေစီလိုလားသော ဟောင်ကောင်ဥပဒေပြု အမတ်တစ်ဦး လေဆိပ်တွင် တိုက်ခိုက်ခံရ

ဒီမိုကရေစီလိုလားသော ဟောင်ကောင်ဥပဒေပြု အမတ်တစ်ဦး လေဆိပ်တွင် တိုက်ခိုက်ခံရ



ဟောင်ကောင်၏ အသက်ငယ်ဆုံး ဥပဒေပြုအမတ် နသန်လောသည် ထိုင်ဝမ်တွင် နိုင်ငံရေးဖိုရမ်တစ်ခု တက်ရောက်ပြီး ပြန်လာစဉ် ဇန်န၀ါရီ ၈ ရက်နှောင်းပိုင်းတွင် ဟောင်ကောင်လေဆိပ်၌ လွတ်လပ်ရေးဆန့်ကျင်သော ဆန္ဒပြသူများ၏ တိုက်ခိုက်မှုခံခဲ့ရကြောင်း သိရသည်။

အသက် ၂၃ နှစ်ရှိ လောသည် လေဆိပ်ဆိုက်ရောက် ခန်းမဆောင်သို့ ရောက်ရှိစဉ် ပေကျင်းလိုလားသောဆန္ဒပြ လူအုပ်ကြီးနှင့် ရင်ဆိုင်ခဲ့ရပြီး ရဲများက ၎င်းအား ဆွဲထုတ်ခေါ်ဆောင်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရစဉ် ဆန္ဒပြသူများက အော်ဟစ်ခြင်း၊ ၎င်း၏မျက်နှာအား အရည်ဖြင့် ပက်ခြင်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်ရန် ကြိုးစားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ လောကအကြမ်းဖက်မှု ပြုလုပ်ရန်အတွက် တရားမျှတသည်ဟု မည်သည့်အခါမျှ မရှိခဲ့ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ဟု အမည်ခံ၍ပင်လုပ်၍ မရကြောင်း ဇန်န၀ါရီ ၉ ရက်တွင်  ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ယင်းတိုက်ခိုက်သူများသည် “လူရမ်းကား နိုင်ငံရေး” ၏ ဥပမာတစ်ရပ်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် ဒီမိုကရေစီ လှုပ်ရှားမှုများအား ဖိနှိပ်ရန် ကြိုးစားနေကြောင်း လောကပြောကြားခဲ့သည်။

လောနှင့် ဂျိုရှာဝေါင်အပါအ၀င် အခြား တက်ကြွလှုပ်ရှားသူအချို့သည် တိုင်ပေသို့ သွားရောက်စဉ် ထိုင်ဝမ်ကျွန်းစုအား တရုတ်နှင့် ပြန်လည်ပေါင်းစည်းရန် လိုလားသည့် အဖွဲ့များ၏ ဆန္ဒပြမှုများ နှင့်လည်း ကြုံတွေ့ ခဲ့ရသည်။ ဇန်န၀ါရီ ၇ ရက်မှစ၍ နှစ်ရက်ကြာကျင်းပခဲ့သော ယင်းဖိုရမ်သည် ဟောင်ကောင်နှင့် ထိုင်ဝမ်တို့အကြား ဒီမိုကရေစီ လှုပ်ရှားမှုများ ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုင်ဝမ်အား နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ် ပြုခံရရန်အတွက် လှုံ့ဆော်ကြိုးပမ်းနေသော New Power Party က တိုင်ပေတွင် ယင်းဖိုရမ်အား ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်။

အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်တွင် ပေကျင်းကို ဒေါသထွက်စေသည့် အယူအဆတစ်ခုဖြစ်သော ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး ခံယူချက်အား ထောက်ခံသည့် ဥပဒေပြုအမတ်များတွင် လောက တစ်ဦးအပါအ၀င်ဖြစ်သည်။

ထိုင်ဝမ်သို့ လောနှင့်အတူ သွားရောက်ခဲ့သော ဒီမိုကရေစီလိုလားသည့် ဥပဒေပြု အမတ်အက်ဒီချူးကလည်း ယခုအခါ တရုတ်က ထိန်းချုပ်ထားသော ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီဆန့်ကျင်သည့် အကြမ်းဖက်ကွန်ရက် တစ်ခုရှိနေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း လောသည် ကုတ်ခြစ်ဒဏ်ရာများနှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည်ဟု သိရသည်။ ယင်းဖြစ်စဉ်အား သတင်းယူနေသည့် ဂျာနယ်လစ်များကို တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က လူနှစ်ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

ယခင်က မပြောအပ်ဟု တားမြစ်ထားသည့် အယူအဆတစ်ခုဖြစ်သည့် ဟောင်ကောင်လွတ်လပ်ရေး စိတ်ကူးသည် ၂၀၁၄ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ဧရာမ ထီးလှုပ်ရှားမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အရှိန်အဟုန် ပို၍ အားကောင်းလာခဲ့သည်။

Sources; AFP/Eleven Media Group

No comments:

Post a Comment