Latest News

Monday, January 23, 2017

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တရားစွဲခံရမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တရားစွဲခံရမည်



အိမ်ဖြူတော်ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှေ့နေဟောင်းများ အပါအဝင် အုပ်စုတစ်စုက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) ကို ယနေ့ (ဇန်နဝါရီ ၂၃ ရက်) တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ ရှေ့နေများပါဝင်တဲ့ အုပ်စုက သမ္မတထရန့်ဟာ ၎င်းရဲ့စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံခြားအစိုးရများထံမှ ငွေပေးချေမှုများကို လက်ခံခဲ့ကြောင်းနဲ့ ထိုအချက်ဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ကြောင်းဖြင့် စွပ်စွဲထားပြီး တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

ပူပူနွေးနွေ အမေရိကန်သမ္မတကို ဝါရှင်တန်အခြေစိုက် တာဝန်နဲ့ကျင့်ဝတ်အတွက် နိုင်ငံသားများအဖွဲ့ (Citizens for Respnosibility and Ethics) က တရားစွဲဆိုမှာဖြစ်ပြီး အခြေခံဥပဒေအရ တားမြစ်ပိတ်ပင်ထားတဲ့ ငွေပေးချေမှုတွေကို ထရန့်ရဲ့စီးပွားရေးလုပ်ငန်းတွေက လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ထရန့်ဟာ တရုတ်၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံတွေနဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြောင်း အဆိုပါအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ထရန့်က သမ္မတဖြစ်လာတဲ့အခါ ဒီ နိုင်ငံတွေနဲ့ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးပြီဆိုရင် သူရဲ့အကျိုးအမြတ်အတွက် ထည့်တွက်တာမျိုးရှိ မရှိ အမေရိကန်ပြည်သူတွေ သိနိုင်မှာ မဟုတ်ဘူး" လို့ ထရန့်ကို တရားစွဲမယ့် အဖွဲ့က ပြောထားပါတယ်။ ထရန့်ရဲ့ ကိုယ်စားလှယ်ကတော့ ယခု တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စတွေကို ကိုယ်စားပြုဆောင်ရွက်တဲ့ ဥပဒေဆိုင်ရာအဖွဲ့ထံ လွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။

ယခုကိစ္စကို သမ္မတအတွက် ဆောင်ရွက်ပေးတဲ့ Morgan Lewis & Bockius ဥပဒေရေးရာအဖွဲ့က "ကျွန်တော်တို့ အမှုသည်တွေအကြောင်း ဒါမှမဟုတ် သူတို့အတွက် ကျွန်တော်တို့ လုပ်ပေးနေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးမှာ" လို့ ပြောပါတယ်။ မက်ဟတ်တန်ရှိ ပြည်ထောင်စုတရားရုံးမှာ သမ္မတထရန့်ကို တရားစွဲဆိုမယ့် အုပ်စုမှာ သမ္မတဟောင်း ဂျော့ဂ်ျဒဗလျူဘုရှ် လက်ထက်က အိမ်ဖြူတော် ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သူ ရစ်ချတ်ပိန့်တာလည်း ပါဝင်ပါတယ်။ ထရန့်ဟာ အမေရိကန်သမ္မတ တရားဝင်ဖြစ်ပြီး ၄ ရက်မြောက်နေ့မှာ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။

သမ္မတထရန့်ကို ရှေ့နေများပါဝင်တဲ့အုပ်စုက တရားစွဲဆိုမယ့် သတင်းကို New York Times က စတင်ဖော်ပြခဲ့ကြောင်းလည်း သိရပါတယ်။ ထရန်ရဲ့သားဖြစ်သူ Trump Organization ဒုတိယဥက္ကဋ္ဌ အဲရစ်ထရန့်က ၎င်းတို့အနေနဲ့ ဥပဒေကြောင်းအရ မိသားစု စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေပေးချေမှုမှာ အရှုပ်အရှင်း ဖြစ်လာမှာကို ကြိုတင်ဖြေရှင်းမှုတွေ လုပ်သွားမယ်လို့ ဇန်နဝါရီ ၂၂ ရက်က ပြောပါတယ်။ သမ္မတထရန့်က "ဒါဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် နှောင့်ယှက် တိုက်ခိုက်မှုသက်သက်ပဲ" လို့ မှတ်ချက်ပေး တုံ့ပြန်ထားပါတယ်။

အမေရိကန်ရဲ့ ၄၅ ယောက်မြောက်သမ္မတ ထရန့်ဟာ နယူယော့ခ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်မြင်သံကြားအစီအစဉ် ထုတ်လုပ်တင်ဆက်သူ ဘီလျံနာတစ်ဦးလည်း ဖြစ်ပါတယ်။ ထရန့်ဟာ ဖို့ဒ်ဟမ်းတက္ကသိုလ်နဲ့ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့သူ ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ယခုနှစ် စာရင်းအရ ဘီလျံနာထရန့်ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုဟာ ၃.၇ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ ထရန့်ဟာ ဇန်နဝါရီ ၂၀ရက်မှာ အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Source & Photo: NY Times, Reuters, BBC: duwun


No comments:

Post a Comment