Latest News

Saturday, January 21, 2017

စစ်ပွဲအလိုမရှိ ပြဇာတ်တင်ဆက်ခဲ့သူများကို တပ်မတော် တိုင်ကြား

စစ်ပွဲအလိုမရှိ ပြဇာတ်တင်ဆက်ခဲ့သူများကို တပ်မတော် တိုင်ကြား

ပုသိမ်၊ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်  သဘောထားဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တင်ဆက်ခဲ့သော စစ်ပွဲအလိုမရှိ ပြဇာတ်၌ တပ်မတော်နှင့် တပ်မတော် မိသားစုဝင်များ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသော အသုံးအနှုန်းများကို လှောင်ပြောင်ကာ သရုပ်ဖော်ခဲ့သည်ဟု ဆိုကာ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရုံးမှ  ပုသိမ်မြို့နယ် တရားရုံးထံ ဇန်နဝါရီ ၁၇ ရက်နေ့က တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း မြို့နယ်တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက စစ်ဆေးပေးရန် တိုင်ကြားခဲ့သဖြင့် ကျင့်-၂၀၂ အရ ပုသိမ်မြို့မ ရဲစခန်းထံ လွှဲပြောင်းပေးထားကြောင်း၊ စွပ်စွဲသူ၊ စွပ်စွဲခံရသူများနှင့် သက်သေများကို စစ်ဆေးတွေ့ရှိချက်များအား ပြန်လည်တင်ပြလာပါက ငြိစွန်းသည့် ပုဒ်မတပ်ကာ စစ်ဆေးမည် ဖြစ်ကြောင်း ပုသိမ်မြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ရဲစခန်းတွင် စွပ်စွဲသူနှင့် စွပ်စွဲခံရသူ၊ သက်သေများကို စစ်မေးနေသည်မှာ မပြီးပြတ်သေးသဖြင့် အသေးစိတ် မပြောနိုင်သေးကြောင်း၊ စစ်ဆေးတွေ့ရှိချက်များကို ဇန်နဝါရီ ၂၅ ရက်တွင် တရားရုံးသို့ ပြန်လည်တင်ပြပေးရမည် ဖြစ်ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“ကျွန်တော်တို့ အဖွဲ့ကို မနေ့က (ဇန်နဝါရီ ၂၀ ရက်) ညနေပိုင်းက ခေါ်စစ် တယ်၊ မနေ့ကတော့ ၆ ယောက်ပဲ စစ်ရသေးတယ်၊ ကျန်တာတွေကတော့ မစစ်ရသေးပါဘူး” ဟု စွပ်စွဲခံရသူ ဧရာဝတီ သပိတ်စစ်ကြောင်းတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ဖူးသည့် ကိုအောင်ခန့်ဇော် (ခ) ဂျပန်ကြီးက ရှင်းပြသည်။

ဇန်နဝါရီ ၉ ရက်က ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သဘောထားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကိုအောင်ခန့်ဇော် အပါအဝင် ၉ ဦးအဖွဲ့က တပ်မတော် ထောက်ခံပွဲသို့ တက်ရောက်လာသည့် အကြောင်းကို  ပြဇာတ်တင်ဆက်ခဲ့ကြောင်း၊ တင်ဆက်ရာတွင် တပ်မတော်နှင့် တပ်မတော် မိသားစုဝင် ရဲမေများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် စကားလုံးများဖြင့် သရုပ်ဖော်ခဲ့သဖြင့် တင်ဆက်ခဲ့သူများကို  အရေးယူပေးရန် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိ (ပထမတန်း) မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက တိုင်ကြားခဲ့ကြောင်း၊ အဆိုပါ တိုင်တန်းမှုကို ပုသိမ်မြို့နယ် တရားရုံးက လက်ခံခဲ့ပြီး ကျင့်-၂၀၂ အရ သက်ဆိုင်ရာ ရဲစခန်းက စစ်ဆေးနေကြောင်း မြို့နယ်တရားရုံးနှင့် စွပ်စွဲခံရသူများထံမှ သိရသည်။  

Sources: The Voice

No comments:

Post a Comment