Latest News

Tuesday, January 31, 2017

ရေဆန်မြစ်ထဲ ကြယ်ကြွေရတဲ့ခေတ်

ရေဆန်မြစ်ထဲ ကြယ်ကြွေရတဲ့ခေတ်

(၁)

မြရာပင်ထက်မှာ

ကြယ်တွေကြွေသက်ခဲ့ကြတယ်။

ဆိပ်ဖလူးရနံ့အောက်မှာ

ကြယ်တွေကြွေသက်ခဲ့ကြတယ်။

ပင်လယ်လှိုင်းသံနဲ့

နာကြည်းတောက်ခေါက်သံတွေ ကြားမှာ

ကြယ်တွေကြွေသက်ခဲ့ကြတယ်။

အဓိပတိလမ်းပေါ်က

စိန်ပန်းပွင့်တွေထဲမှာ

ရွှေတိဂုံဘုရားခြေရင်းက

ကတ္တရာခင်းထားတဲ့

နှလုံးသားတွေထက်မှာ

ကြယ်တွေကြွေသက်ခဲ့ကြတယ်။

ဖထီးရေ...

ဒီတစ်ခါကြွေတဲ့

ကြယ်ကတော့

သောင်ရင်းမြစ်ပေါ်မှာပဲလေ။

(ဆရာအောင်ဝေး၏ ကြယ်ကြွေရေဆန်ကဗျာမှ)

ဒီကဗျာစာသားလေးတွေကို ဆရာအောင်ဝေးရဲ့ ‘ကြယ်ကြွေ ရေဆန်’ကဗျာထဲက ကောက်နုတ် ထားတာပါ။ ကရင်တော်လှန်ရေး ခေါင်းဆောင် ဖဒိုမန်းရှာအား ၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်တွင် မသမာသူလူတစ်စုက လုပ်ကြံ သတ်ဖြတ်ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်အရေးအခင်း က စတင်ပြီး အာဏာရှင်ဆန့်ကျင်ရေး၊ ကရင်အပါအ၀င် မြန်မာပြည်သူလူထုလွတ်မြောက်ရေးတို့အ တွက် စွမ်းစွမ်းတမံကြိုးပမ်းခဲ့သူ ဖဒိုမန်းရှာအတွက် ဆရာအောင် ဝေးက ရင်နင့်ကြေကွဲစွာ ရေးစပ် ခဲ့တဲ့ ကဗျာရှည်တစ်ပုဒ် ဖြစ်ပါ တယ်။

 ဆရာ့ရဲ့ ကဗျာကို သက်ဝင်ခံစားရင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သမိုင်းတစ်လျှောက်မှာ နေရာအ မျိုးမျိုး၊ အချိန်အခါအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ကြွေခဲ့ရတဲ့ ကြယ် တွေမရေမတွက်နိုင်လိုက်အောင် များပြားလှပါလားလို့ ညည်းတွားမိပါတယ်။

သက်ဦးဆံပိုင်ပဒေသရာဇ် ခေတ်ကို ခဏမေ့ထားပြီး ခေတ် သစ်မြန်မာ့သမိုင်းကို လေ့လာမယ် ဆိုရင်တောင်မှ နိုင်ငံရေးပြဿနာ အရပ်ရပ်ကို ဖြေရှင်းရာမှာ စားပွဲ ၀ိုင်းမှာထိုင်ပြီး ဆွေးနွေးငြင်းခုံဖြေ ရှင်းရမယ့်အစား ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက လက်မခံတော့တဲ့ သတ်ဖြတ်သုတ်သင်တဲ့ နည်းကို ခပ်လွယ်လွယ် သုံးခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာ့ လွတ်လပ်ရေးအတွက် အလွန်အ ရေးကြီးတဲ့ကာလ၊ အကူးပြောင်းကာလမှာ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းနဲ့တကွ အာဇာနည်ကြီးတွေ လုပ်ကြံခံခဲ့ရပါတယ်။ လွတ်လပ်ရေးရ ပြီးချိန်ကနေ ယနေ့အချိန်အထိ ပြန်ပြောင်းစဉ်းစားမယ်ဆိုရင်လည်း သွေးစွန်းတဲ့ အဖြစ်အပျက်တွေက ဒုနဲ့ ဒေးပါပဲ။၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးဟာ မျက်မှောက်ခေတ် မြန်မာ့သမိုင်းအတွက် အကြီးမားဆုံးလုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပါတယ်။

 ဆရာအောင်ဝေးကတော့ သူဖြတ်သန်းခဲ့တဲ့ သွေးစွန်းတဲ့ အ ဖြစ်အပျက်တွေနဲ့ ခေတ်ကို ‘ရေ ဆန်မြစ်ထဲကြယ်ကြွေရတဲ့ခေတ်’လို့ သူ့ရဲ့  ကြယ်ကြွေရေဆန် ကဗျာမှာ တင်စားခဲ့ပါတယ်။ မှန်ပါတယ်။အကောင်းဘက်ကို ဦးတည်တဲ့ တိုင်းပြည်ရဲ့ ရေဆန်လမ်းမှာ ကြွေလွင့်ခဲ့ရတဲ့ ကြယ်တွေ မရေမတွက်နိုင်အောင်ပါပဲ။

(၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရရဲ့ မူဝါဒတွေဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက် ဒရယ်ပြည်ထောင်စုပေါ်ပေါက် လာရေးစတာတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ တိုက် ရိုက်ပတ်သက်နေတဲ့ အရာတွေ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေးထိုးထား ခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ စုပေါင်းဖွဲ့ စည်းထားတဲ့ ညီညွတ်သော တိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အနေနဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ရဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒ ခုနစ်ရပ်ကို လက်တွေ့ကျကျအကောင်အထည်ဖော်ရာမှာ အ ပြုသဘော ဆောင်ချဉ်းကပ်ပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်မှာ ဖြစ်ကြောင်း ဇန်န၀ါရီ ၇ ရက်က သဘောထားကြေညာချက်ထုတ် ပြန်ခဲ့ပါတယ်။ UNFC ရည်ညွှန်းခဲ့ တဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး မူဝါဒ ခုနစ်ရပ်ကတော့ (၁) နိုင်ငံ ရေးဆွေးနွေးမှု မူဘောင်ပြန်လည် သုံးသပ်ခြင်း၊ (၂) နိုင်ငံရေးဆွေး နွေးမှုမူဘောင်ပြန်လည်ပြင်ဆင် ခြင်း၊ (၃) ပြင်ဆင်အတည်ပြုပြီး သော နိုင်ငံရေးဆွေးနွေးမှုမူဘောင်နှင့် အညီ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ ကျင်းပခြင်း၊ (၄) ၂၁ ရာစုပင်လုံ ညီလာခံရလဒ်များအား စုစည်းပြီး  ပြည်ထောင်စုသဘောတူညီချက် လက်မှတ်ရေးထိုးခြင်း၊ (၅) ပြည် ထောင်စု သဘောတူညီချက်နဲ့ အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးဆွဲအတည်ပြုခြင်း၊ (၆) ပြင်ဆင်ရေးသား အတည်ပြုပြီး ဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ပါတီစုံဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲများကျင်းပ ခြင်း၊ (၇) ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲရလဒ်နှင့်အညီ ဒီမိုက ရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုတဲ့ အချက် တွေပဲ ဖြစ်ပါတယ်။ ဒီမူဝါဒတွေကိုနိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၂၀၁၆ အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပခဲ့တဲ့ NCA လက် မှတ်ရေးထိုးခြင်း တစ်နှစ်ပြည့် နှစ် ပတ်လည်အခမ်းအနားမှာ ရှင်း လင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဖွဲ့စည်းပုံ အ ခြေခံဥပဒေပြင်ဆင်ရေးဟာ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နဲ့အတူ ကျွဲ ကူးရေပါပါဝင်လာတော့မှာ ဖြစ် ပါတယ်။

(၃)

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်လည်းဖြစ်၊ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးဖြိုးမင်းသိန်းကတော့ ‘ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား လုံးအကြောက်တရားကင်းရန်လို ပြီး ကြောက်နေလျှင် ပြင်ဆင်၍ မရနိုင်ကြောင်း’ ပြောကြားခဲ့ပါ တယ်။

ရန်ကုန်မြို့ MICT Park မှာ ဇန်န၀ါရီ ၂၈ ရက်က ကျင်းပခဲ့တဲ့ Barcamp Yangon 2017 မှာ လူ ငယ်တစ်ဦးရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရာမှာ ထည့် သွင်း ပြောဆိုခဲ့တာ ဖြစ်တယ်လို့သတင်းတွေမှာ မှတ်သားရပါတယ်။

နောက်တစ်နေ့ ဇန်န၀ါရီ ၂၉ ရက်မှာတော့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာအကြံ ပေးရှေ့နေကြီး ဦးကိုနီဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ပြီး လုပ်ကြံတာခံခဲ့ ရတယ်ဆိုတဲ့ သတင်းကို စိတ်မ ကောင်းကြီးစွာ ကြားသိခဲ့ရပါ တယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းအတွက် အလွန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်တိုးဖို့ ဆောင်ရွက်နေကြချိန်မှာ ဒီလိုမျိုး သွေးစွန်းတဲ့ လုပ်ကြံမှုမျိုး ဟာ အလွန်အင်မတန်အကျည်း တန်ရုပ်ဆိုးလွန်းလှပါတယ်။ တစ် ပြိုင်နက်တည်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ကျွဲကူးရေပါ တွဲဖက်ဖြစ်ထွန်းလာရမယ့် ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးအတွက် ထဲထဲဝင်ဝင်၊ စစ်စစ်ပေါက်ပေါက်၊ခြေခြေမြစ်မြစ်အကြံပေးနိုင်မယ့် သူတစ်ဦး အလုပ်ကြံခံလိုက်ရခြင်း ဟာ နိုင်ငံအတွက်၊ ပြည်သူအတွက်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါ တယ်။ အခုချိန်ထိ ဘာကြောင့် လုပ်ကြံခံရတယ်၊ လုပ်ကြံသူဟာ ဘယ်သူဖြစ်တယ်၊ နောက်ကွယ် မှာ ဘယ်သူတွေရှိတယ် စသည် ဖြင့် တိကျသေချာတဲ့ အဖြေကို ရှာ မတွေ့သေးတာမို့ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရနိုင်သေးပေမယ့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီအကူးအပြောင်းအ တွက် လက်နက်ကိုင်အကြမ်းဖက် ခြင်းဟာ မှန်ကန်ကောင်းမွန်တဲ့ အဖြေကို ရှာဖွေနိုင်မှာ မဟုတ်ဘူး ဆိုတာကတော့ အသေအချာပါ ပဲ။

(၄)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရရဲ့ မူဝါဒ (၃) ရပ်၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးမူဝါဒ (၇) ရပ်တို့ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဖြတ်သန်းရမယ့် ရေဆန်လမ်းဖြစ် ပါတယ်။ အဲဒီရေဆန်မြစ်ထဲမှာ ဦးကိုနီဆိုတဲ့ ကြယ်တစ်ပွင့်က တော့ဖြင့် ကြွေလွင့်ခဲ့ရပြန်ပါပြီ။ တကယ်လို့များ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူဟာ သူရူးတစ် ယောက်မဟုတ်ခဲ့ဘဲ သူကိုယ်တိုင် က ဖြစ်စေ၊ သူ့ကိုစေခိုင်းသူတွေ က ဖြစ်စေ တိုင်းပြည်ရဲ့ လမ်း ကြောင်းကို ရွေ့စောင်းစေဖို့ ရည် ရွယ်ပြီး ဒီလိုသွေးစွန်းတဲ့ တနင်္ဂနွေကို ဖန်တီးခဲ့ကြတာဆိုရင် သူတို့ ဟာ အကြောက်တရားက မနိုးထ နိုင်သေးတဲ့ သူရဲဘောကြောင်သူ တွေဖြစ်ပါလိမ့်မယ်။ အဲဒီသူရဲ ဘောကြောင်သူဟာ သူကိုင်ထား တဲ့ သေနတ်ပြောင်းဝမှာ ပန်းတွေ ပွင့်လာမှာကို တွေးပြီး ကြောက် နေတဲ့သူ ဖြစ်ပါတယ်။    ။

Sources: : 7Day News Journal

No comments:

Post a Comment