Latest News

Tuesday, January 31, 2017

ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ်

ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ်



ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ် xxx တမာပင် သရက်ပင်  xxx ဘယ်အပင်မှာဆွဲဆွဲ xxx ချိုမြဲအရသာ xxx မစွန့်သည်သာပင် (မြို့မငြိမ်း)

ကျန်းမာရေး ချို့ယွင်း၍ ဘန်ကောက် ဆေးရုံကြီးတွင် နှစ်ပတ်ခန့် ဆေးကုသပြီး မန္တလေး ပြန်ရောက်သည်။ (၂၁-၂၂) ရက်တွင် ရန်ကုန်၌ ဟန်ဆိုင်ဒယ် ဖောင်ဒေးရှင်းက စီစဉ်ထားသည့် Federalism workshop ၌ပြည်တွင်းပညာရှင် (Local Expert) အဖြစ်ပါ ၀င်ရန်စီစဉ်ထားခဲ့သည်။ စီစဉ်သူ ကိုအောင်စိုးမင်းနှင့် ကျွန်တော်သည် ၁၉၉၇ က မန္တလေး အိုးဘိုထောင်တွင် ဆုံစည်းခဲ့ကြသည်။ ထိုစဉ်က ဤလူငယ်လေး၏ အသက် ၂၀ ဖြစ်သော်လည်း ထောင်ဒဏ်က အသက် ၃ ဆကျော် ရှိနေသည်။ ယခုစီစဉ်သည့်ပွဲတွင် "Federlism in the Name of Peace" ခေါင်းစဉ်ဖြင့် ပါဝင်ရန် စီစဉ်ထားသဖြင့် မပျက်ကွက်လို။ သို့ဖြင့် ကျန်းမာရေး မကောင်းသော်လည်း Power Point အကူအညီဖြင့် (၂၂.၁.၂၀၁၇)၊ ရန်ကုန်အင်လျားကန် ဟိုတယ် အလုပ်ရုံ ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့သည်။ ယင်းစာတမ်း အကျဉ်းကို တင်ပြပါသည်။        

ဖက်ဒရယ်စနစ်နှင့် ငြိမ်းချမ်းရေး

Federalism in the Name of Peace I. ဖက်ဒရယ်၊ ပင်လုံစာချုပ်နှင့် ပြည်တွင်းစစ်၏ ရင်းမြစ် (Federalism, 1947 Panlong Conference; The Root Cause of civil war)

၁၉၄၇ ပင်လုံစာချုပ်သည် ညီညွတ်ရေးနှင့် လွတ်လပ်ရေးအတွက် အခြေခံမုခ်ဦး ဖြစ်သကဲ့သို့ ပြည်တွင်းစစ် မြစ်ဖျားခံရာလည်း ဖြစ်နေသည်။ ၁၉၄၇ ပင်လုံစာချုပ် မချုပ်ဆိုမီ မြန်မာနိုင်ငံအတွင်း အုပ်ချုပ်ရေးစနစ် ၄ မျိုးနှင့် ဗြိတိသျှ ကိုလိုနီဒေသ အစိတ်အပိုင်းကြီး ၄ ခုရှိနေသည်။ ယင်းတို့မှာ -

(၁) ၁၈၉၃ ခုနှစ်တွင် ရေးဆွဲ ပြဋ္ဌာန်းခဲ့သော "Kachin Hills Tribes Regulation" အရ အုပ်ချုပ်ခဲ့သော ကချင်တောင်တန်းဒေသ

(၂) ၁၈၉၆ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော "Chin Hills Regulation" အရ အုပ်ချုပ်ခဲ့သည့် ချင်းတောင်တန်းဒေသ

(၃) ၁၈၈၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော "Shan States Act" ကို ၁၉၂၂ ခုနှစ်တွင် "Fededral Shan States Act" ဖြင့်ပြင်ဆင် အုပ်ချုပ်ခဲ့သည့် "Federated Shan States" ပြည်ထောင်စု ရှမ်းပြည်

(၄) ၁၉၃၅ Burma Act အရ အုပ်ချုပ်သည့် ဗမာပြည် (Burma Proper) တို့ဖြစ်ကြသည်။

ဗမာပြည် (Burma Proper) တွင် မွန်၊ ကရင်၊ ရခိုင်နှင့် မြန်မာမင်းများ လက်ထက် အုပ်စိုးဒေသများ ပါဝင်သည်။

ဤကိုလိုနီ အစိတ်ပိုင်းကြီး ၄ ခုကို အင်္ဂလိပ်နယ်ချဲ့သမားက သီးခြားစီ တိုက်ခိုက်သိမ်းပိုက် ကျွန်ပြုခဲ့သည်။ သီးခြားခွဲခြား အုပ်ချုပ်ခဲ့သည်။ သို့ဖြစ်ရာ ဤကိုလိုနီဒေသကြီး ၄ ခုက လွတ်လပ်ရေး သီးခြားရယူပြီး သီးခြားနိုင်ငံ ထူထောင်ရန် အခွင့်အရေး ရရှိခဲ့သည်။ သို့ဖြစ်ရာ ဤကိုလိုနီဒေသကြီး ၄ ခုက လွတ်လပ်ရေး သီးခြားရယူပြီး သီးခြားနိုင်ငံ ထူထောင်ရန် အခွင့်အရေး ရှိခဲ့သည်။ ဤအခြေအနေတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဖြောင့် တည်ကြည်မှုနှင့် ကတိကို အလေးထားပြီး ဗြိတိသျှ ကိုလိုနီ အစိတ်အပိုင်းကြီး ၄ ခုစလုံးက “ပြည်ထောင်စု မြန်မာနိုင်ငံ” (Fedral Burma) အဖြစ် တစုတစည်းတည်း လွတ်လပ်ရေး ရယူရန် ဆုံးဖြတ်၍ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရှမ်း၊ ကချင်နှင့် ချင်း တိုင်းရင်းသား ခေါင်းဆောင်တို့က ၁၉၄၆ မတ်လနှင့် ၁၉၄၇ ဖေဖော်ဝါရီတို့တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်၊ နေ့လယ် ၂ နာရီတွင် ရှမ်းနှင့် ကချင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူထုကိုယ်စားလှယ်များက အောက်ပါအချက် ၅ ချက်ကို သဘောတူညီခဲ့ကြသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်၊ နေ့လယ် ၂ နာရီတွင် ရှမ်းနှင့် ကချင် ကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်

ရှမ်းနှင့် ကချင်တို့သည် မြန်မာတို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေးကို ပိုမိုဆောလျင်စွာ ရရှိလိမ့်မည်ဟု ကော်မတီက ထင်မြင်ယူဆသည်။ ယင်းသို့ ထင်မြင်ယူဆသည့် အလျောက် အကူးအပြောင်း ကာလအတွင်းတွင် မြန်မာပြည် အစိုးရအမှုဆောင် ကောင်စီတွင် ပါဝင်ဆောင်ရွက်ရန် မိမိတို့လူမျိုး အသီးသီး၏ ကိုယ်စားလှယ်များကို အောက်ဖော်ပြပါ အချက်အလက်များအရ ပို့လွှတ်မည်။

(၁) မြန်မာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ ဒီမိုကရေစီ ကျကျခံ စားခွင့်ရှိရမည်။

(၂) အမှုဆောင် ကောင်စီတွင် ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့လူမျိုး အသီးသီး၏ ပြည်တွင်းရေးရာ အားလုံးအတွက် တာဝန်ယူ ဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီရထား၊ အကောက်တော် အစရှိသော အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စများအတွက် အားလုံးစုပေါင်း တာဝန်ယူ ဆောင်ရွက်ကြရမည်။

(၃) ကချင်တို့က သီးခြား ကချင်ပြည်နယ် အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။

(၄) မြန်မာ ကိုယ်စားလှယ်တော်များနှင့် ဘုရင်ဧကရာဇ် အစိုးရ၏ သဘောတူညီချက်များသည် ရှမ်း၊ ကချင်တို့နှင့် ပတ်သက်ခြင်း မရှိစေရ။ (အောင်ဆန်း အက်တလီစာချုပ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။)

(၅) လွတ်လပ်ရေး ရပြီးနောက် မြန်မာ “ပြည်ထောင်စု” မှ ကျွန်ုပ်တို့ ခွဲထွက်လိုလျှင် ကျွန်ုပ်တို့ သဘောကျသည့် အချိန်တွင် “ခွဲထွက်နိုင်ခွင့်” ရှိစေမည်။

ထိုဆုံးဖြတ်ချက်ကို နောက်တစ်နေ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ထပ်မံရောက် ရှိလာသော ချင်းကိုယ်စားလှယ်များ ပါဝင်သည့် နယ်စပ်ဒေသ ကိုယ်စားလှယ် စုံညီအစည်းအဝေးမှ အောက်ပါအတိုင်း ထပ်မံအတည်ပြုသည် -

(၁) ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် ကျင်းပသည့် ရှမ်းနှင့် ကချင် ကိုယ်စားလှယ်အဖွဲ့တို့၏ ဆုံးဖြတ်ချက်တို့ကို ဖတ်ကြား ရှင်းလင်းပြရာ၊ ချင်းကိုယ်စားလှယ်အဖွဲ့က အောက်ပါ အချက်များကို ဖြည့်စွက်၍ ထောက်ခံကြသဖြင့် အားလုံး သဘောတူ လက်ခံကြလေသည်။

(က) ဗဟိုအခွန်တော်ငွေနှင့် စပ်လျဉ်း၍ ရှမ်းတို့ ခံစားရသော အခွင့်အရေးနှင့် ရပိုင်ခွင့် အားလုံးတို့အတိုင်း ချင်းနှင့် ကချင်တို့ကလည်း လူဦးရေအလိုက် ခံစားခွင့်ရှိစေရမည်။

(ခ) ချင်းတို့ဒေသတွင် ဘဏ္ဍာရေး မလုံလောက်ရှိခဲ့သော် မြန်မာပြည် အခွန်တော်ငွေများမှ ဖြည့်တင်း သုံးစွဲရမည်။

(ဂ) ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များ ပါဝင်သော တောင်တန်းသားများ စည်းလုံး ညီညွတ်ရေးအဖွဲ့ ဦးစီးအမှုဆောင် ကောင်စီတစ်ရပ်ကို ဖွဲ့စည်း တည်ထောင်ရမည်။

၎င်းအမှုဆောင် ကောင်စီ၌ တောင်တန်းသားများနှင့် မြန်မာပြည် အစိုးရတို့ အကြားတွင် ပေါ်ပေါက်သမျှ ပေါ်လစီဆိုင်ရာ ကိစ္စရပ်အားလုံးနှင့် စပ်လျဉ်း၍ အဆုံးအဖြတ် ပေးနိုင်သော အာဏာအပြည့်အစုံ ရှိရမည်။

အထက်ပါ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်များတွင် ဆုံးဖြတ် ပြဋ္ဌာန်းသည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဗမာခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းရန် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော ဆပ်ကော်မတီသို့ တာဝန်လွှဲအပ်လိုက်သည်။

(၁) ဦးကြာပု (ရှမ်း)

(၂) မိုင်းပွန်စော်ဘွားကြီး (ရှမ်း)

(၃) ဆမားဒူးဝါးဆင်ဝါးနောင် (ကချင်)

(၄) ဒူဝါးဇော်လွန်း (ကချင်)

(၅) ဦးလွှရ်မှုန်း (ချင်း)

(၆) ဦးသောင်ဇာခပ် (ချင်း)

အထက်ဖော်ပြပါ ဆုံးဖြတ်ချက်များသည် ပင်လုံစာချုပ် ရှေ့ပြေးပင် ဖြစ်သည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပင်လုံသို့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာခေါင်းဆောင်များ နှင့်အတူ ဗြိတိသျှအစိုးရ ကိုယ်စားလှယ် မစ္စတာဘော်တွန်လေတို့ ရောက်ရှိလာရာ ပြည်ပနှင့် နယ်စပ်ဒေသ ပူးပေါင်းရေး အထူးဆွေးနွေးရန် မလိုအပ်တော့ဘဲ အပြီးသတ် ဆွေးနွေးကာ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ပင်လုံသဘောတူညီချက် မူရင်းမှာ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်ပြီး တရားဝင် မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်သည်-

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်

မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများ အားလုံးတို့အပြင် ရှမ်းပြည်နယ်များ ကချင်တောင်တန်း ဒေသများနှင့် ချင်းတောင်တန်း ဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီး တစ်ရပ်တွင်-

ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

(၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တ-စ-ည-ဖ) ၏ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များက ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံက ရွေးချယ်၍ နယ်စပ်ဒေသကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

(၂) ဤအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင် တဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာ လက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသ ကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား အုပ်ချုပ်သည့် အာဏာကို ပေးအပ်ရမည်။

(၃) အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၄င်းနှင့် လူမျိုးချင်း မတူသော ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့ အသီးသီး သက်ဆိုင်သည့် နယ်မြေများ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသ အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ မူအတိုင်း ဆောင်ရွက်စေရမည်။

(၄) အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အမှုဆောင် ကောင်စီတွင် အဖွဲ့ဝင်လူကြီး အနေဖြင့် နယ်စပ်ဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည် ဖြစ်သော်လည်း ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်ခွင့် ရှိစေရမည်။

(၅) အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစ်စုံတစ်ရာ လက်လွှတ်စေရန် အဆိုပါ ကောင်စီက ပြုလုပ်ခြင်း မရှိစေရ။ နယ်စပ်ဒေသများတွင် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နိမိတ် သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်း အနေဖြင့် ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော် အစိုးရ၊ နောက်ဆက်တွဲ စာရင်းပါအတိုင်း ၂ ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အား ဆွေးနွေး တိုင်ပင်ရမည်။

(၇) နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ် ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့် ရှိစေရမည်။

(၈) ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရ။

(၉) ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်တို့မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင်တောင်တန်းများနှင့် ချင်းတောင်တန်း နယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေး အကူအညီကို ထိခိုက်ခြင်း မရှိစေရ။ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်/မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

ရှမ်းကော်မတီ

(ပုံ) ခွန်ပန်းစိန်၊ တောင်ပိုင်စပ်ဖလုံ

(ပုံ) စ၀်ရွှေသိုက်၊ ညောင်ရွှေစ၀်ဖလုံ

(ပုံ) စ၀်ဟုမ်ဖ၊ မြောက်သိန္နီစ၀်ဖလုံ

(ပုံ) စ၀်နွံ၊ လဲချားစ၀်ဖလုံ

(ပုံ) စ၀်စံထွန်း၊ မိုင်းပွန်စ၀်ဖလုံ

(ပုံ) စ၀်ထွန်းဧ၊ သာမိုင်းခမ်းစ၀်ဖလုံ

(ပုံ) ဦးဖြူ၊ သထုံစ၀်ဖလုံ ကိုယ်စားလှယ်

(ပုံ) ခွန်ဖုံး (ကချင်ကိုယ်စားလှယ်၊ မြောက်သီန္နီ)

(ပုံ) ဦးတင်ဧ

(ပုံ) ဦးထွန်းမြင့်

(ပုံ) ဦးကြာပု

(ပုံ) ခွန်စော

(ပုံ) စ၀်ရစ်ဖ

(ပုံ) ခွန်ထီး ကချင်ကော်မတီ

(ပုံ) ဆင်ဝါးနောင်၊ မြစ်ကြီးနား

(ပုံ) ဇော်ရစ်၊ မြစ်ကြီးနား

(ပုံ) ဒိန်ရတန်၊ မြစ်ကြီးနား

(ပုံ) ဇော်လ၊ ဗန်းမော်

(ပုံ) ဇော်လွန်း၊ ဗန်းမော်

(ပုံ) လဗန်ဂရောင်၊ ဗန်းမော် ချင်းကော်မတီ

(ပုံ) ဦးလွှရ်မှုန်း (အေတီအမ်၊ အိုင်ဒီအက်စ်အမ်၊ ဘီအီးအမ်၊ ဖလမ်း)

(ပုံ) ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)

(ပုံ) ဦးကီယိုမန်း (အေတီအမ်၊ ဟားခါး) မြန်မာနိုင်ငံတော်အစိုးရ  

(ပုံ) အောင်ဆန်း ၁၂/၂/၄၇

(ဆက်လက်ဖော်ပြပါမည်)

Writer:
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်)

===========

Eleven Media Group

No comments:

Post a Comment