အသိပညာ မရှိရှာလို့
လူတွေအတွက် Knowledge is Power ၊ အသိပညာဟာ တန်ခိုးပါ။
မကြာသေးမီက မောင်ဟစ် သူငယ်ချင်း ထော်ကလော့ ဂျာမနီက ပြန်လာ တယ်။ ခုတော့ သူဟာ ဒေါက်တာ ထော်ကလော့ ဖြစ်နေ ပါပြီ။ ဒေါက်တာ ထော်ကလော့က မောင်ဟစ်အတွက် စာအုပ်တစ်အုပ် ယူလာပေးတယ်။
ဘာစာအုပ်လဲ။
စာအုပ်အမည်က ၂၁ ရာစု စီးပွားတဲ့။
၂၁ ရာစုမှာ ဖြစ်လာမယ့် စီးပွားရေးအကြောင်းကို စီးပွားရေးပါရဂူ လက်စတာသားရိုး ( Lester Thurrow ) ရေးသားထားတာပါ တဲ့။
“ထော်ကလော့ရာ၊ ငါက ဟာသစာတွေ သရော်စာတွေ ရေးတာ။ ဒီစာအုပ်က ငါ့အတွက် အသုံးမ၀င်ပါဘူး”
“မင်း အရင်က စစ်ထဲဝင်သေးတယ် မဟုတ်လား”
“တက္ကသိုလ် အရံတပ်ရင်းပါကွာ။ ယူတီစီပါ”
“ဗိုလ်မှူးကြီး ဖေသိန်းဆိုတာ ယူတီစီတပ်ဖွဲ့ကပဲလေ၊ သူတောင် ၀န်ကြီးဖြစ်သေးတယ်”
“ဒေါက်တာဖေသိန်းကို ပြောတာလား”
“ဟုတ်တယ်လေ၊ သူ ယူနီဖောင်းဝတ်လိုက်တာ အားလုံးတတ်တာပဲ”
“မင်းကလည်း ငါယူနီဖောင်းဝတ်ခဲ့တယ်ဆိုပြီး အားလုံးတတ်မယ်လို့ ထင်တာပေါ့ ဟုတ်လား”
“ဒါပေါ့၊ ယူနီဖောင်းဝတ်တွေဟာ သူတို့ကိုယ်သူတို့ အားလုံးသိတယ်၊ တတ်တယ်လို့ ထင်နေတာပဲ”
“ဒါတော့ မင်းလွန်တယ်။ သူတို့က ထရိန်နင် ကောင်းတယ်လေ”
“ဟုတ်ပါတယ်။ သူတို့မှာ အသိပညာတွေ ရှိလာတာကိုး။ လူတွေအတွက် Knowledge is Power အသိပညာဟာ တန်ခိုးပါတဲ့။ မင်း ဒီအထဲက စာတစ်ပုဒ်ကို ဖတ်ကြည့်စမ်း”
မောင်ဟစ်က စာတစ်ပုဒ်ကို ဖတ်ကြည့်တော့ အဖြေကို မြင်လာတယ်။
ဒါကို အောက်ပါအတိုင်း ဘာသာပြန်ကြည့်လိုက်တယ်။
ကျွန်တော်တို့ဟာ ရေပေါ်ကနေ ဆွဲတင်ခံရတဲ့ ငါးလိုပါပဲ။
ဖျတ်ဖျတ်လူးကာ ခုန်နေမှာပါပဲ။ ရေထဲမှာ နေတဲ့ငါး၊ ရေထဲရောက်အောင် သွားချင်တာပေါ့။
ဒီလိုအနေအထားမှာ ငါးဟာ နောက် ဘယ်ကိုရောက်မလဲ ဆိုတာကို ဘယ်တော့မှ မေးမြန်းစုံစမ်းမှာ မဟုတ်ဘူး။
သူခုန်တယ်၊ လူးတယ်။
ဘာကြောင့်လဲ။
ဒီအနေအထားဟာ သူ့အတွက် အဆင်မပြေဘူး။ သူနေလို့မှ မဖြစ်တာပဲလေ။
ဒီတော့ တစ်ခုခုကို ကြိုးစားတာပေါ့တဲ့။
အမည်မသိ တရုတ်ပညာရှင်ကြီး တစ်ယောက် ရေးထားတာတဲ့။
Lester Thurrow ဟာ အမေရိကန် တစ်ယောက်ပါ။
သူက ဒီစာကို တရုတ်ကနေ အင်္ဂလိပ်လို ဘာသာပြန်ထား တယ်။ မောင်ဟစ်ကလည်း ဒါကို စကားအကိုးအကား အနေနဲ့ သဘောကျလို့ မြန်မာဘာသာပြန်လိုက်တယ်။
တို့ မြန်မာပြည်သားတွေလည်း ဒီလိုပါပဲလား။
မောင်ဟစ်တို့ ဒီဘက်ခေတ်မှာ လူတွေဟာ တစ်ကမ္ဘာလုံး လျှောက် သွားနေကြတယ် မဟုတ်ပါလား။
မောင်ဟစ်တို့ဟာ သူ့ကျွန်ဘ၀ရောက်ကတည်းက ရေနည်းငါးလို ဖြစ်ခဲ့တယ်။ ရေမရှိတဲ့ နေရာမှာ ဖျတ်ဖျတ်လူး ဖြစ်နေကြသူတွေ အများကြီးပေါ့။
ခုန်ကြတယ်။
အချို့လည်း ထိုင်းကိုရောက်တယ်။ အချို့လည်း မလေးရှား ရောက်တယ်။ စင်ကာပူကို ရောက်တယ်။ ဥရောပနဲ့ အမေရိကကို ရောက်ကြတယ်။
မောင်ဟစ်တို့ လူတွေမပြောနဲ့ ဘုန်းတော်ကြီးတွေပါ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းနောက်ပိုင်းမှာ နိုင်ငံတကာကို အတော် ရောက်သွားကြတယ်။ ၂၀၁၀ မှာ သန်းခေါင်စာရင်း ကောက်တော့ လူသန်း ၆၀ လို့ ခန့်မှန်းထားရာမှာ သန်း ၅၀ ကျော်ရုံလေး စာရင်းရသတဲ့။ ဘယ်ကို ရောက်ကုန်တာလဲ။
ဖျတ်ဖျတ်လူးနေတဲ့ ငါးဟာ ခုန်သာခုန်သွားတယ်။ သူ ဘယ်ရောက် ဘယ်ပေါက်တယ်ဆိုတာကို မသိကြဘူး။
အင်ဒိုနီးရှားမှာ လူကုန်ကူးခံထားရတဲ့ မြန်မာ ရေလုပ်သားတွေကို ကယ်တင်ခဲ့ရတဲ့ သတင်းတွေကို ဖတ်ရတယ်။ အားကောင်းမောင်း သန်တဲ့ ယောက်ျားလေးတွေတောင် လူကုန်ကူးခံရတယ်ဆိုရင် အားနွဲ့တဲ့ အမျိုးသမီးတွေ ဘယ်သို့ ရှိအံ့နည်း။ ဆင်ခြင်နိုင်ပါသည်။
မောင်ဟစ် မိတ်ဆွေ ဒေါက်တာထော်ကလော့က မောင်ဟစ်ကို ပြုံးပြီး ကြည့်နေသည်။
“အင်း၊ မင်း သဘောကျတယ် မဟုတ်လား။ ဒါကတော့ ဥပမာလေးပါ”
*** *** ***
ဒေါက်တာထော်ကလော့က မောင်ဟစ်ကို ကြည့်ကာ ဆက်ပြောတယ်။
“ဟုတ်တယ်။ ဒီစာအုပ်ဟာ စီးပွားရေးပါရဂူ Lester Thurrow ရဲ့ စာအုပ်ပါ။ လူတွေကို သူက ပြောချင်တာက ပထမအချက်အနေနဲ့ လူတွေဟာ ငါးတွေလိုပဲ။ သူနေလို့မရတဲ့ အခြေအနေမှာဆိုရင် တစ်မျိုးပြီး တစ်မျိုး ပြောင်းနေမှာပဲ တဲ့”
“ရေထဲကနေ ဆွဲထုတ်လိုက်တဲ့ ငါးဟာ ဒီလိုပဲ နေတယ်လေ၊ ခုန်နေတာပေါ့”
“ခုန်ရင်းနဲ့ ရေထဲရောက်သွားရင် အဆင်ပြေတာပေါ့။ ဒါပေမဲ့ မီးပုံထဲ ကျသွားနိုင်သေးတာပဲ”
“အမှန်ပေါ့။ ငါးက ဘယ်လိုခုန်ရမယ်ဆိုတဲ့ အသိဥာဉ်မရှိဘူး။ ဒါပေမဲ့ လူတွေကတော့ အသိဥာဏ်ရှိတာပဲ”
“ဒါတောင် မှားကြသေးတာပဲလို့ Lester Thurrow က ထောက်ပြထားတယ်”
“ဘယ်လိုမျိုးလဲ”
“ခင်ဗျား စက်မှုတော်လှန်ရေးဆိုတာ သိတယ်နော်”
“သိပါတယ်။ လူတွေဟာ စက်ကိုခိုင်းစားလို့ တတ်လာတယ်။ သံမဏိတွေ လုပ်တတ်လာတယ်။ စက်ရုံကြီးတွေ ဆောက်၊ မြို့တွေတည်လာတဲ့ ကာလကို စက်မှုတော်လှန်ရေး ကာလလို့ ခေါ်တာပဲ”
“ဟုတ်တယ်။ လူတွေဟာ အမဲလိုက် အစာစုဆောင်းတဲ့ ခေတ်ကနေ တက်လာတယ်။ စိုက်ပျိုးမွေးမြူရေး ခေတ်ကို ရောက်လာတော့ လူနေမှုအဆင့် မြင့်လာစပြုတယ်။ ဒီကနေ စက်မှုတော်လှန်ရေး ခေတ် ကို ရောက်လာပြီးတဲ့နောက် ပြသ၁နာတွေ အကြီးအကျယ် တက်တော့တာပဲ”
“ဘာဖြစ်လို့လဲ”
“စက်မှု တော်လှန်ရေးခေတ် ဖြစ်လာတော့ လူတန်းစား ပြသ၁နာတွေ ဖြစ် လာကြတယ်။ အကြမ်းအားဖြင့် ပိုင်ရှင်ရယ်၊ ပညာရှင်ရယ်၊ အလုပ်သမားရယ်လို့ အကြမ်း ခွဲထားတာပေါ့။ ပညာရှင်က လူနည်းစုပဲ၊ သူ့ကို ဘေးဖယ်ထား လို့ရတယ်။ ပိုင်ရှင်နဲ့ အလုပ်သမားကြား ပြသ၁နာ က တော်တော်နဲ့ မပြေပျောက်ဘူး။ ပိုင်ရှင်တွေဟာ လုပ်အား ခေါင်းပုံဖြတ် တယ်ဆိုပြီး ဒီလိုစနစ်တွေ ပေါ်လာတယ်”
“ဆိုရှယ်လစ်၊ ကွန်မြူနစ် တို့ပေါ့။ သူတို့က အရင်းရှင်စနစ် Capitalism ကို တိုက်ဖို့ လုပ်ကြတာပေါ့နော်”
“ဟုတ်တယ်၊ ဒီလိုမျိုး အရင်က တစ်ခါမှမရှိခဲ့ဖူးဘူး။ လယ်တွေယာတွေနဲ့ ဆိုင်တဲ့ စိုက်ပျိုးမွေးမြူတဲ့ခေတ်က ဒီလိုမဟုတ်ဘူး။ ဟိုတုန်းက သူဌေးတွေဆိုတာ ဒီလောက် မချမ်းသာသလို အလုပ်သမားတွေဟာလည်း ဒီလောက် မဆင်းရဲဘူး။ မျှမျှတတလေး နေထိုင်ရတယ်”
“အင်း၊ အပြောင်းအလဲတွေ ကြားထဲမှာ အားလုံးဟာ အမှောင်ထဲကို ရောက်နေကြတယ်”
“လူတွေဟာ အသိဥာဏ်ရှိပေမယ့် အမှောင်ထဲမှာဆိုရင် ဘယ်လိုမှ မဆုံးဖြတ်နိုင်တာတွေ ရှိသေးတာပဲ”
ခုန်ရင်းခုန်ရင်း မီးပုံထဲရောက်သွားမလား၊ ဆီပူအိုးထဲ ရောက်သွားမလား။
“ပညာအလင်းတော့ လိုတယ်”
“မျက်စိကန်းနေတယ် ဆိုရင်ကော”
*** *** ***
“အင်း၊ မျက်စိကန်းနေတယ် ပြောတော့ မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ကို သတိရတယ်”
“မျက်မမြင် ပုဏ္ဏားခြောက်ယောက် ဆင်စမ်းတဲ့ပုံပြင်က အားလုံးသိကြတယ် မဟုတ်လား”
“သိကြပါတယ်။ သူတို့ခြောက်ယောက်လုံး ပြောတာဆိုရင် ဘယ် တစ်ယောက်ရဲ့ စကားကမှ ဆင်ကို မဖော်ပြနိုင်ဘူး”
“အားလုံးပေါင်းလိုက်ရင်လည်း အဆင်မပြေပါဘူးဗျာ။ မြင်မှမမြင်ပဲ”
“ဟုတ်တယ်၊ ဒါကြောင့် ပညာအလင်း Enlightenment က အရေးပါ တယ်လို့ ပြောတာ”
ဒေါက်တာထော်ကလော့နဲ့ မောင်ဟစ်တို့ ဆွေးနွေးခြင်းကနေ ၀ါဒရေးရာဘက်ကို ရောက်သွားပါတယ်။
ဒေါက်တာထော်ကလော့ဟာ ဂျာမနီ နိုင်ငံမှာ နှစ်ပေါင်းများစွာ နေ ထိုင်ခဲ့သူဖြစ်တယ်။ သူက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီတို့ ပူးပေါင်းတဲ့ အချိန်မှာ ဂျာမနီမှာ နေထိုင်ခဲ့သူဖြစ်တယ်။
အရှေ့ဂျာမနီ၊ အနောက်ဂျာမနီ ပူးပေါင်းတယ်။ တောင်ဗီယက်နမ်၊ မြောက်ဗီယက်နမ် ပူးပေါင်းတယ်။
သူတို့တစ်တွေဟာ နှစ်ဦးနှစ်ဝ အကျိုးရှိတဲ့ win – win အခြေအနေကို ရသွားပါတယ်။
တောင်ကိုရီးယား၊ မြောက်ကိုရီးယား မပူးပေါင်းဘူး။ ဒီအတွက် သူတို့ဟာ win – lose (သို့) lose – win အခြေအနေမှာပဲ ရှိတယ်။
“အင်မတန်တော်တဲ့ လူမျိုးပေမယ့် ၀ါဒမှိုင်းကြောင့် အလင်းတွေ ဆိတ်သုဉ်းသွားတယ်။ တစ်ချိန်က အရှေ့ဂျာမနီဟာ အင်မတန် ဆင်းရဲသွားတယ်”
“ဟုတ်ပါတယ်၊ အရှေ့ဂျာမနီက လူတွေကို အတော်ပြင်ရတယ်လို့ သိရတယ်”
“ဟုတ်ပါတယ်၊ တစ်ချိန်က ကျွန်စနစ်ကို တိုက်ကြတယ်။ နောက် အရင်းရှင်တွေ၊ ဘူဇွာတွေကို တိုက်ကြတယ်။ အဲဒီကာလမှာ အရင်းရှင်စနစ်နှင့် ကွန်မြူနစ် (ဆိုရှယ်လစ်ဝါဒ) တိုက်ပွဲတွေ ဖြစ်လာတယ်။ ဒါပေမဲ့ အာဏာရလာတဲ့သူတွေက အကျင့်ပျက် ခြစားမှုတွေ ဖြစ်လာတယ်”
“တကယ်တော့ ဆိုရှယ်လစ်ဝါဒက လူတွေအတွက် တကယ်ကောင်းတယ်ဗျ”
“ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ သူ မအောင်မြင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ လူတွေကို အလုပ်လုပ်ဖို့ တွန်းအား (motivate) ပေးတာတွေ မလုပ်နိုင်လို့ပဲ”
“ဟုတ်ပါတယ်၊ လူတွေ အလုပ်လုပ်ကြဖို့အတွက် တွန်းအားဟာ အဓိကဖြစ် တယ်။ ဥပမာ စင်ကာပူနိုင်ငံဆို ဘာပစ္စည်းမှလည်း ထွက်တာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကို အလုပ်လုပ်ဖို့ တွန်းအားတွေ ပေးထားတယ်။ သူတို့ဟာ အရစ်ကျစနစ်နဲ့ ကားဝယ်ခွင့်၊ အိမ်ဝယ်ခွင့် ရှိကြတယ်။ ဒီလိုဝယ်ဖို့အတွက် အလုပ်တွေ လိုတယ်။ အလုပ်တွေလုပ်မှ အိမ်တွေ ကားတွေရဲ့ အကြွေးကို ဆပ်နိုင်မယ်။ ဒီတော့ အလုပ်မပြုတ်ဖို့လည်း လိုတယ်”
“အလုပ်မပြုတ်ဖို့ သူတို့ အလုပ်ကြိုးစားကြမှာပေါ့”
“မှန်ပါတယ်။ သူတို့မှာ ပိုင်ဆိုင်ခွင့်တွေ ရလာတယ်။ အတ္တကို ဖော်ထုတ်ခွင့်ရလာတယ်”
“အဲဒါ Motivation ပေါ့ဗျာ”
“စားဝတ်နေရေးဟာလည်း ဒီလိုကြိုးစားလုပ်ကိုင်ရင်း တိုးတက်လာကြတာပါပဲ။ မမှားအောင်လုပ်မှ အိမ်ပိုင် ကားပိုင်ဖြစ်မှာကိုး”
“သူတို့ဟာ တစ်သက်လုံး အကြွေးတွေနဲ့ပါပဲ”
“ဒါပေမဲ့ အဲဒီအကြွေးကြောင့် အသက်ရှင်နေကြတယ်လေ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကျေနပ်နေကြတယ် မဟုတ်လား။ ဒါက အရင်းရှင် စနစ်ရဲ့ ပြယုဂ်ပေါ့ဗျာ”
“ခု တရုတ်တို့ ဗီယက်နမ်တို့မှာလည်း ကွန်မြူနစ်စနစ်ဟာ အောင်မြင်နေ တာပဲ”
“ဟုတ်တယ်လေ၊ သူတို့က ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလိုက်တယ်။ သူတို့က လူအားရော ငွေအားရော ရှိလေတော့ တိုင်းပြည်တိုးတက် မှုနှုန်း မြန်တာပေါ့”
“ဒါဆို သူတို့လည်း ရေထဲရောက်သွားတဲ့ ငါးလိုဖြစ်တာပေါ့နော်”
“သူတို့ ရေထဲကို ရောက်အောင် သွားနိုင်ခဲ့တယ်”
မောင်ဟစ်တို့တစ်တွေ အာဏာရှင်စနစ်ကနေ ရုန်းထွက်နိုင်ကြပြီ ဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို သွာဖို့အတွက် ဘာတွေ လုပ်နေကြလဲ။
*** *** ***
မောင်ဟစ်တို့ နိုင်ငံဟာလည်း အပြောင်းအလဲတွေကို လုပ်နေကြတယ်။
ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံ လုပ်တယ်။ ယနေ့ ကရင်ပြည်နယ်မှာ ဆွေးနွေးနေကြတယ်။ ရန်ကုန်မှာလည်း ဘတ်စ်ကားစနစ်တွေ ပြောင်းနေတယ်။ လမ်းဘေး ဈေးသည် စနစ်တွေ ပြောင်းနေတယ်။
မကျေနပ်သူတွေ အများကြီးပါပဲ။ မပြောင်းလဲတာတွေလည်း အများကြီးပါပဲ။ ရေထဲမသွားဘဲ ရေနည်းငါးလို ဖြစ်နေသူတွေ အများကြီးပါပဲ။ ဖျတ်ဖျတ်လူးနေတဲ့ ငါးကြီးတွေလိုပဲ။
သူတို့ရမ်းသမ်း ခုန်နေကြတယ်။ အမုန်းတရားနဲ့ အမုန်း စကားတွေ ပြောနေကြတယ်။
ဒီဘက်မှာ ရေရှိတယ်ဟေ့လို့ ပြောပေမယ့် သူတို့မသိကြဘူး။
ရေဘက်ကိုခုန်ကာသွားနိုင်ဖို့ ပညာအလင်းတွေ လိုပါတယ်။
အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။
လောလောဆယ် မောင်ဟစ်လည်း ဘာများတတ်နိုင်ဦးမှာလဲ။
မောင်ဟစ်
Sources: :The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment