Latest News

Thursday, January 26, 2017

မြို့နယ်အုပ်ချုပ်ရေးမှူးက သတင်းထောက်များကို ဆဲဆို

မြို့နယ်အုပ်ချုပ်ရေးမှူးက သတင်းထောက်များကို ဆဲဆို


မန္တလေး၊ ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးက သတင်းရယူနေသည့် သတင်းထောက်များကို ဇန်နဝါရီလ၂၆ ရက်နေ့က ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုသွားခဲ့သည်။

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးက သတင်းထောက်များကို ဆဲဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့တွေက ဓာတ်ပုံရိုက်တဲ့သူက ရိုက်တယ်။ ဗီဒီယို ရိုက်တဲ့သူလည်း ရှိတယ်။ အဲဒီလို ရိုက်နေတာကို ဦးတင်နိုင်စိုးက ငါကိုင်တုတ်ခဲ့တာပါ၊ တော်တော်ကြမ်းကြမ်းတမ်းတမ်းကို ဆဲခဲ့တာ” ဟု အဆိုပါ တရားရုံးချိန်းတွင် သတင်းရယူခဲ့သည့် ဒီမိုကရေစီတူဒေး သတင်းစာမှ သတင်းထောက် ဦးမြတ်သစ်ခိုင်က ပြောကြားသည်။

ဦးတင်နိုင်စိုးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မန္တလးတိုင်းဒေသကြီး တရားရုံးတွင် တရားစွဲဆိုထားသည့်အတွက် အမှုရင်ဆိုင်နေရခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့က တရားခွင်မှ ပြန်လည်ထွက်ခွာလာစဉ် သတင်းရယူနေသူများကို ဆဲဆိုခဲ့ခြင်း ဖြစ်သည်။

“တရားစွဲခံထားရတဲ့သူက ဘယ်သူ့ကိုမှ ဆဲဆိုခွင့်လည်း မရှိဘူး၊ ရိုက်ပုတ်ခွင့်လည်း မရှိပါဘူး၊ သူ့ကို ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာ မခံချင်ရင် မျက်နှာကို ကွယ်ထားတာတို့၊ ပြေပြေလည်လည်နဲ့ မရိုက်ဖို့ ပြောတာတို့တော့ လုပ်ခွင့်ရှိပါတယ်။ သတင်းထောက်တွေ အနေနဲ့က တရားခွင်ပြင်ပမှာ ဓာတ်ပုံရိုက်ခွင့် ရှိပြီးသား ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးလှကိုက မှတ်ချက်ပြုသည်။

ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုတိယဦးစီးမှူး ဦကျော်ကျော်နိုင်တို့ ကို အဂတိလိုက်စားမှူး တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူးက တရားစွဲဆိုထားခြင်း ဖြစ်ရာ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့က ဦးတိုင်နိုင်စိုးကို (ပ)၂၂ဝ/၂ဝ၁၆၊ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ (ပ)၂၁၉/၂၀ဝ၁၆၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် လည်းကောင်း၊ ဦးကျော်ကျော်နိုင်ကို (ပ) ၂၂၁/၂ဝ၁၆ ပုဒ်မ ၅၆၊ (ပ)၂၂၂/၂ဝ၁၆ ပုဒ်မ ၅၆ ဖြင့် လည်းကောင်း အမှုဖွင့်ထားသည်။

Sources: : The Voice

No comments:

Post a Comment