Latest News

Monday, January 30, 2017

ဒူတာတေးက ရဲတပ်ဖွဲ့သည် လာဘ်စားကြောင်း ပြောခဲ့သော်လည်း မူးယစ်ဆေး နှိမ်နင်းရေးစစ်ပွဲကို အချိန်တိုးမြှင့်ခဲ့

ဒူတာတေးက ရဲတပ်ဖွဲ့သည် လာဘ်စားကြောင်း ပြောခဲ့သော်လည်း မူးယစ်ဆေး နှိမ်နင်းရေးစစ်ပွဲကို အချိန်တိုးမြှင့်ခဲ့


ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ၎င်း၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအား စီရင်နေသော ရဲတပ်ဖွဲ့၌ လာဘ်စားမှုသည် အတွင်းပိုင်းအထိ လှိုက်စားနေကြောင်း ဇန်န၀ါရီ ၃၀ ရက်တွင် ပြောကြားခဲ့သော်လည်း ၎င်း၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို ၂၀၂၂ ခုနှစ်အထိ အချိန်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မူးယစ်ဆေး နှိမ်နင်းရေးစစ်ပွဲအား ဗန်းပြ၍ ရဲများက လူသတ်မှု၊ ခြိမ်းခြောက်ငွေညှစ်မှုနှင့် ဓားပြတိုက်မှုများ ကျူးလွန်ခဲ့သည့် အရှုပ်တော်ပုံများ ပေါ်ပေါက်ခဲ့ပြီးနောက် ဒူတာတေးက ရဲတပ်ဖွဲ့ သန့်စင်ရေး လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ကြေညာခဲ့သည်။

ရဲတပ်ဖွဲ့ဝင် အားလုံး၏ ရာခိုင်နှုန်း ၄၀ နီးပါးသည် ဥပဒေနှင့် မညီသော လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။ သမ္မတအဖြစ် စတင်တာဝန်ယူပြီး တရားမ၀င် မူးယစ်ဆေးဝါးများအား တိုက်ဖျက်ရန် ရဲတပ်ဖွဲ့ကို ဦးစားပေး အသုံးပြုခဲ့ပြီးနောက် ခုနစ်လခန့်အကြာတွင် ဒူတာတေး၏ ယခုမှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်း ရဲတပ်ဖွဲ့သည် မူးယစ်ဆေးနှင့် ဆက်နွှယ်သည်ဟု သင်္ကာမကင်းဖြစ်ခံရသူဟု စွပ်စွဲပြီး လူ ၂၅၀၀ ကျော်အား ပစ်သတ်ခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

ယင်းမူးယစ်ဆေး နှိမ်နင်းမှုစစ်ပွဲ အတွင်းလူ ၄၀၀၀ နီးပါးသည် မရှင်းပြနိုင်သော အခြေအနေများအောက်တွင် သေဆုံးခဲ့ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်ခဲ့သည်။ ယင်းသေဆုံးသူ အများအပြား၏ ဘေးတွင် မူးယစ်ဆေး မှောင်ခိုကူးသူ သို့မဟုတ် မူးယစ်ဆေးသုံးသူဟု ရေးထားသည့် ကတ်ပြားများကို ချန်ထားလေ့ရှိကြောင်း သိရသည်။

ဒူတာတေးသည် မူးယစ်ဆေးနှိမ်နင်း ရေးစစ်ပွဲအား ယခုနှစ် မတ်အထိ သက်တမ်းတိုးမည်ဟု ပြီးခဲ့သောနှစ်တွင် ကြေညာခဲ့သော်လည်း ယခုအခါ ၎င်းအာဏာရှိနေစဉ်အတွင်း အဆုံးသတ်ရှိမည်မဟုတ်ဟု ဇန်န၀ါရီ ၃၀ ရက်တွင် ကြေညာခဲ့သည်။ မတ်လ သတ်မှတ်ချက်သည် အကျုံးမ၀င်တော့ဘဲ သက်တမ်းကုန်ဆုံးသည့် နောက်ဆုံးနေ့အထိ အချိန်တိုးသွားမည်ဖြစ်ကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသည် ခြောက်နှစ်ကြာမြင့်သော သက်တမ်းကို တစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရမည် ဖြစ်သည်။

ဒူတာတေး၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် ဖိလစ်ပိုင်ရဲချုပ် ရိုနယ်ဒီလာရိုဆာက ရဲတပ်ဖွဲ့ သန့်စင်ရေး လုပ်ငန်းစဉ်အရ နိုင်ငံတစ်ဝန်းရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အားလုံးအား ယာယီဆိုင်းငံ့ သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရှေ့နေအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသော ဒူတာတေးက ရွေးကောက်ပွဲ မဲဆွယ်စဉ်အတွင်းနှင့် သမ္မတ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များသည် ရာဇ၀တ်မှု နှိမ်နင်းရေးစစ်ပွဲ တစ်စိတ်တစ်ပိုင်းအဖြစ် လူသတ်မိပါက တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့် ရရှိစေရန် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားထားသည်။ ရဲတပ်ဖွဲ့ဝင်များသည် အပိုဝင်ငွေရရှိရန်အတွက် မူးယစ်ဆေး မှောင်ခိုကူးမှုမှလွဲ၍ အခြားဥပဒေနှင့် မညီသော အလုပ်များအား လုပ်ဆောင်မှုကို သည်းခံသွားမည်ဖြစ်ကြောင်း ယခုလအတွင်း ကျင်းပခဲ့သော ဒီလာရိုဆာ၏ မွေးနေ့ပွဲပါတီတွင် ဒူတာတေးက ရဲများကိုပြောကြားခဲ့သည်။ “မှောင်ခိုကူးတာတွေ လုပ်ကြ။ မူးယစ်ဆေးကိုတော့ မလုပ်ကြနဲ့” ဟု ဒူတာတေးက ပြောကြားခဲ့သည်။ ရဲများ လစာနည်းပါးစွာရ သည့်အတွက် စိတ်မကောင်းကြောင်း၊ ၎င်းတို့သည် အခြားနည်းလမ်းဖြင့် အပိုဝင်ငွေရှာဖွေရန် လိုအပ်ကြောင်းကို နားလည်ကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။

Ref ; AFP

===========

Eleven Media Group

No comments:

Post a Comment