Latest News

Thursday, January 12, 2017

တိမ်းမှောက်သွားသည့် သင်္ဘောမှ မြောက်ကိုရီးယား အမှုထမ်း ၂၆ ဦးကို ဂျပန်ကယ်ဆယ်

တိမ်းမှောက်သွားသည့် သင်္ဘောမှ မြောက်ကိုရီးယား အမှုထမ်း ၂၆ ဦးကို ဂျပန်ကယ်ဆယ်

တိမ်းမှောက်နစ်မြုပ်သွားသည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘော တစ်စီးမှ အမှုထမ်း ၂၆ ဦးကို ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီ ၁၁ ရက် ညပိုင်းက အရေးပေါ် အကူအညီ တောင်းခံမှု တစ်ခုကို လက်ခံရရှိပြီးနောက် ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ကျူရှူးကျွန်း ကမ်းလွန်ရှိ ဂိုတိုကျွန်းစု အနောက်တောင်ဘက် ၃၈ မိုင်အကွာ ရေပြင်သို့ သွားရောက်ကာ မြောက်ကိုရီးယား သင်္ဘောသားများကို ကယ်တင်ခဲ့ရသည်။

ဂျပန် ကမ်းခြေစောင့်တပ် ရောက်သွားချိန်တွင် သင်္ဘောသားများမှာ အဆိုပါ ကုန်တင်သင်္ဘောကို စွန့်ခွာပြီး အသက်ကယ် လှေများဖြင့် ပင်လယ်ပြင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မြောက်ကိုရီးယား ကုန်တင်သင်္ဘောသည် တရွေ့ရွေ့ နစ်မြုပ်နေပြီး ဇန်နဝါရီ ၁၂ ရက် နံနက်အစောပိုင်းတွင် ပင်လယ်ရေအောက်သို့ လုံးဝ ရောက်ရှိသွားခဲ့သည်။

ဂျပန် ကမ်းခြေစောင့်တပ် တာဝန်ရှိသူ တစ်ဦးက မြောက်ကိုရီးယား သင်္ဘောသားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု လုံးဝမရှိကြောင်း ပြောကြားခဲ့သည်။ သင်္ဘောသားများ ပြန်လည် လွှဲပြောင်း
ပေးရေးနှင့် ပတ်သက်၍မူ ဂျပန်၏ အစီအစဉ်ကို တိတိကျကျ မသိရသေးချေ။

ဂျပန်နှင့် မြောက်ကိုရီးယားတို့သည် ဒေသတွင်း တင်းမာသည့် ပြိုင်ဘက်များသဖွယ် ရပ်တည်နေပြီး တရားဝင် သံတမန် ဆက်ဆံရေး ထူထောင်ထားမှုလည်း မရှိချေ။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နှောင်းပိုင်းကာလက ဂျပန်ကမ်းခြေများတွင် တစ္ဆေသင်္ဘောများဟု လူသိများသည့် ရေယာဉ်ဟောင်းများ လာရောက်၍ မျောပါ သောင်တင်သည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ဖူးသည်။ ဟောင်းနွမ်းနေသော အဆိုပါ သင်္ဘောများပေါ်တွင် ပုပ်သိုးဆွေးမြေ့နေပြီး အချို့က အရိုးပင်ကျနေပြီဖြစ်သည့် လူသေအလောင်းများ ပါလာခဲ့သည်။ ထိုသင်္ဘောများ၏ မူလရင်းမြစ်သည် မြောက်ကိုရီးယားမှ ဖြစ်ကြောင်း ယုံကြည်ရသည့်တိုင်
မြောက်ကိုရီးယား ဘက်က ယင်းနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပေးခဲ့ချေ။

SOURCES;  CNN/ 7 Day News Journal

No comments:

Post a Comment