Latest News

Monday, January 16, 2017

ချစ်ကိုကြီးရေ

ချစ်ကိုကြီးရေ

ဒီမနက် သွားစရာတွေ ရှိတယ်။ မနက်စောစော လမ်းလျှောက်ကတည်းက လုပ်အားပေးကလေးတွေ ဂိတ်မှာ ရောက်နေပြီ။ ၇ နာရီလောက်မှာ ကားဂိတ် လူတွေပုံနေပြီ။ ကားတွေကနည်းတော့ လူတွေများပြီး ပုံနေတယ်။ ကားတွေ ဆိုက်လာတော့လည်း လူတွေ ပြည့်လာတာပဲ။

ဒါပေမဲ့ ဆဲသံ၊ ဆူသံ၊ အော်သံ၊ ငေါက်သံတွေ မကြားရတော့ပါဘူး။ စပယ်ယာတွေက လေသံတွေ ပြောင်းလာတယ်။ ဆံ့သလောက်တော့ တင်သွားပါ့မယ်။ မျှဝေစီးကြတာပေါ့တဲ့။ ကြားရတာ ဟုတ်မှ ဟုတ်ရဲ့လားတောင်ထင်ရတယ်။

ကျွန်တော်ကတော့ ဆုံးဖြတ်ထားပြီးသား။ တက္ကစီပဲစီးမယ်လို့။ ဘာဖြစ်ဖြစ် ခုလို အချိန်မှာ တက္ကစီခ အကုန်ခံပြီး ကိုယ့်ပြဿနာ ကိုယ်ရှင်းမယ်။ ဒါလည်း ကူညီတာပဲ။ တက္ကစီခအတွက် စာအုပ်တွေအဝယ်လျှော့ပြီး ဖယ်ထား တယ်။

တက္ကစီဆရာနဲ့ စကားပြောလာတယ်။ မနက်ခင်း ခါတိုင်းဆိုရင် ဒီအချိန် ဈေးဦးမပေါက်သေးဘူးတဲ့။ ခုတော့ တစ်မနက်တည်းနဲ့ ၁၈၀၀၀ ကျပ်ရနေပြီဆိုပဲ။

“ကျွန်တော် ဈေးလည်း မတက်ဘူး။ မနက်က မြို့ထဲကို တစ်ဦး ၅၀၀ ကျပ်နဲ့ စုပေါင်း နှစ်ခေါက် ပို့ပေးပြီပြီ” တဲ့။

ကျွန်တော်က ဒိုင်နာတွေ၊ ပေါက်ကရကားတွေ မရှိတော့တာတောင် ဘာဖြစ်လို့ ကားလမ်းတွေက ပိုကြပ်နေတာလဲလို့ မေးကြည့်မိတယ်။

“ဆရာကြီး ဘေးပတ်လည်ကြည့်လိုက်။ ဒီနေ့ ကားကောင်းတွေ အများကြီး တွေ့ရလိမ့်မယ်။ အိမ်စီးကားတွေ ဒီနေ့ အများကြီး ထွက်လာကြတယ်။ သူတို့လည်း သူတို့ ပြဿနာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းနေတာ ဖြစ်မယ်” တဲ့။ သူ့အမြင်ပေါ့လေ။

ဒါပေမဲ့ ဖြတ်လာတဲ့ လမ်းတစ်လျှောက် ကားဂိတ်တွေမှာ စောင့်ဆိုင်းနေကြတဲ့ ခရီးသည်တွေဆီကနေ မကျေ နပ်သံတွေ၊ ဆဲဆိုသံတွေ မကြားရဘူးဗျ။ ချစ်ရင် အပြစ်မမြင်ဘူးဆိုတာပေါ့။

အရင် အစိုးရခေတ်တုန်းက ဆီဈေးလေးတက်မယ်ဆိုတာနဲ့ လမ်းပေါ် ထွက်အော်ကြပြီ။ အစိုးရဘာ လုပ်လုပ် လမ်းပေါ် ထွက်ဆန္ဒပြဖို့ တာစူနေကြတာပဲရှိတယ်။ အစိုးရသစ်လက်ထက်မှာတော့ သောက်ရေး မပါတာကို သောက်ရာလုပ်ပြီး ထောက်ခံပွဲတွေ လုပ်နေကြတာ တစ်ဖွဲ့ပဲရှိတော့တယ်။

ရန်ကုန်မှာ “မထသ” ကို ဖျက်သိမ်းပြီး ကားလောကသစ် “YBS” ဆိုတာကို ထူထောင်လိုက်တာ နည်းတဲ့ တော်လှန် ပြောင်းလဲရေးကြီးမှ မဟုတ်တာ။ အကြီးကြီးဗျ။ တကယ့် အကြီးကြီးကို CHANGE လုပ်လိုက်ရတာ။

ဒီလို ပြောင်းလဲမှုကြီးလုပ်နေတာကို ပြည်သူတွေက အစိုးရနဲ့ လက်တွဲပြီး ဒုက္ခတွေ ရင်ဆိုင်မယ်၊ အခက် အခဲတွေ ကျော်ဖြတ်မယ်လို့ဆိုကာ ပြုံးပြုံးကြီး တိုက်ပွဲဝင်နေကြတာ နည်းနည်းနောနော ယုံကြည်မှုလို့ တော့ မမှတ်လိုက်ကြနဲ့ဗျ။

ဘာပြောပြော ဒီ ပြောင်းလဲမှုကြီးကို လုပ်ကိုလုပ်ဖို့ ထောက်ခံပြီး ကြည်ဖြူစွာ လက်ခံနေတာကိုက ရန်ကုန်သူ ရန်ကုန်သားတွေကို “People of the Year” ဆိုတဲ့ ဂုဏ်ပြုဆုတွေတောင် ပေးအပ် ဂုဏ်ပြုကြရမှာ။

 ပြောင်းလဲမှုတစ်ခုဆိုတာ ပြည်သူမပါရင် အလကားပဲဗျ။ အစိုးရသစ် ပြောင်းလဲမှုကို ပြည်သူတွေပါခဲ့လို့ ကိုယ်လိုချင်တဲ့ အစိုးရ၊ ပြည်သူနဲ့ အထိုက်တန်ဆုံး အစိုးရကို ရခဲ့ကြတာ။

ခုလည်း “မထသ” ဆိုတာကို ပြည်သူတွေ နှစ်ပေါင်းများစွာ ဒုက္ခတွေခံပြီး ရင်ဆိုင်ခဲ့ကြတာ။ မထသ အလိုမရှိ ဆိုတာလည်း ပြည်သူ့ရင်ထဲကစကား။ ပြည်သူ့အသံအတိုင်း မထသကို အမြစ်ဖြုတ်ခဲ့တာလည်း အစိုးရသစ်ပဲ။

ဒီတစ်ရက်စောင့်ကြည့်မိတယ်။ ပြည်သူတွေ ရင်ဆိုင် ခံစားနေရတဲ့ ဒုက္ခဆိုတာ သေးသေးလေး။ တစ်ပတ် လောက်ဆိုရင် အားလုံး အသားကျသွားမှာ ကျိန်းသေတယ်။

ဘယ်နှယ်ဗျာ နှစ်ပေါင်းများစွာ ပြည်သူတွေ ဂုတ်ပေါ် တုတ်မိုးထားတာခံပြီး သွားလာခဲ့ရ ကြောက်နေကြရတာ။ ဘာပြောပြော YBS ခေတ်မှာ ပြည်သူတွေကို လူကို လူလို သဘောထားတဲ့ အရိပ်အယောင်တွေ ထွက်ပေါ် လာရင်ပဲ ကျေနပ်ကြရမှာ။ ကျွန်တော့်ကို တက္ကစီဆရာက

“ဆရာကြီး ဘာတစ်ခု သတိထားမိလဲ”

“ဘာလဲဗျ”

“ချစ်ကိုကြီးရေ တစ်စီးလောက်ဆိုတဲ့ လိုင်းကျော်ရမ်းကားသံတွေ မကြားရတော့ဘူး”

သြော် သူပြောတာလည်း ဟုတ်တုတ်တုတ်။

၁၆.၁.၂၀၁၇

ဆရာတင်ညွှန့်

No comments:

Post a Comment