ပထမတန်း သိပ္ပံသင်ရိုးသစ် ကျောင်းသားများအတွက် အိမ်စာမပါ
ရန်ကုန်၊ ဇန်နဝါရီ ၂၈
လာမည့် ပညာသင်နှစ်စတင်မည့် ပထမတန်းသင်ရိုးသစ် သိပ္ပံဘာသာရပ် သင်ကြား၊ သင်ယူမှု ကျောင်းသားများအတွက် အိမ်စာ မရှိကြောင်း မူလတန်း သိပ္ပံသင်ရိုးရေးဆွဲရေး အဖွဲ့တွင်ပါဝင်သူ တောင်ငူပညာရေး ကောလိပ်သိပ္ပံသင်ပြနည်းဌာန ကထိက ဒေါက်တာ ကေသီမော်က The Voice သို့ ပြောကြားသည်။
လက်ရှိ ပထမတန်း သိပ္ပံသင်ရိုးနှင့် လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် စတင်ပြဋ္ဌာန်းသင်ကြားမည့် သိပ္ပံသင်ရိုးသစ် မည်သို့ ကွာခြားသည်ကို မေးမြန်းရာ ၎င်းက ထိုသို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“(ပထမတန်း သိပ္ပံသင်ရိုးသစ်ရဲ့) အားသာချက် အနေနဲ့ပြောရင် အိမ်စာမပါပါဘူး။ ကလေးက ကျက်စရာမလိုဘဲ သူ့ဟာသူ လုပ်ကိုင်တဲ့အတွက် သိပ္ပံအယူအဆကို တစ်ခါတည်း ရသွားတာ။ အဲဒီအချိန်မှာ အတွေးအခေါ်လည်း လုပ်ခိုင်းတယ်။ အဲဒီအတွက်ကြောင့် သစ်ရိုးသစ်နဲ့ သင်ရိုးဟောင်း ကွာခြားချက်က ကလေးကို အတွေးအခေါ် လုပ်ဖို့ လုပ်ပေးတယ်။ ကလေးကို လက်တွေ့လုပ်ရင်း လေ့လာစေတာ”ဟု ဒေါက်တာ ကေသီမော်က ပြောကြားသည်။
ပထမတန်းနှင့် ဒုတိယတန်းတွင် ကလေးများကို ပတ်ဝန်းကျင်နှင့် မိတ်ဆက်သင်ကြားမည်ဖြစ်သည်။ တတိယတန်း၊ စတုတ္ထတန်းနှင့် ပဉ္စမတန်းဆင့်တွင် သိပ္ပံ၏ အခြေခံသဘောကို စတင် သင်ကြားမည်ဖြစ်ကြောင်း မူလတန်းအဆင့် သိပ္ပံသင်ရိုးရေးဆွဲရေးအဖွဲ့ထံမှ သိရှိရသည်။
စနစ်သစ် မူလတန်းဆင့် (ပထမတန်းမှ ပဉ္စမတန်းအထိ) သိပ္ပံသင်ရိုးသစ်သည် သိပ္ပံကို သိပ္ပံနည်းကျသင်ကြား၊ သင်ယူမှုပြုနိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်ပြီး၊ သိပ္ပံနည်းကျ သင်ကြားရာတွင် သီအိုရီမှ လက်တွေ့၊ လက်တွေ့မှ သီအိုရီနည်း နှစ်မျိုးလုံးဖြင့် သင်ကြားစေမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။
ကလေးများ ကိုယ်တိုင် လက်တွေ့ပြုလုပ်ပြီး ၎င်းတို့ဘာသာ ပြန်လည် သုံးသပ်ခြင်းဖြင့် သီအိုရီ အယူအဆကို ပြန်လည် ချိတ်ဆက် ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် သိပ္ပံသင်ရိုးသစ်တွင် သိပ္ပံအယူအဆသာမက သိပ္ပံလုပ်ငန်း ကျွမ်းကျင်မှုကိုလည်း အတန်းစဉ်အလိုက် ပေးနိုင်ရန် ပြင်ဆင်ထားသည်ဟု ယင်းအဖွဲ့ထံမှ သိရှိရသည်။
Sources: : The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment