Latest News

Monday, January 9, 2017

မထသဖျက်သိမ်းပြီး အများပိုင်ယာဉ်လိုင်းစနစ် စတင်ခြင်းနှင့် ပြည်သူ့အသံ

မထသဖျက်သိမ်းပြီး အများပိုင်ယာဉ်လိုင်းစနစ် စတင်ခြင်းနှင့် ပြည်သူ့အသံ



မထသကို ဖျက်သိမ်းပြီး အများပိုင်ယာဉ်လိုင်းများပြေးဆွဲမှုကို ရန်ကုန်တွင် လာမည့် ဇန်န၀ါရီ ၁၆ ရက်၌ စတင်တော့မည်ဖြစ်ရာ အဆိုပါစနစ်သစ်အရ ပြေးဆွဲမည့် ယာဉ်လိုင်းကြောင်းများဖော်ပြမှု ရှင်းလင်းခြင်းမရှိခြင်း၊ ယာဉ်စီးခသတ်မှတ်ခြင်းများနှင့်ပတ်သက်၍ မြို့ခံပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။ ထို့အပြင် စနစ်သစ်သို့ ပြောင်းလဲမည်ဟု စတင်ကြေညာသည့်အချိန်နှင့် အကောင်အထည်ဖော်မည့်အချိန်မှာ နီးကပ်လွန်းပြီး လုံလောက်သည့် အသိပေးမှုမရှိဟုလည်း ဝေဖန်မှုများရှိနေပြီး ယာဉ်လိုင်းပိုင်ရှင်၊ ယာဉ်နောက်လိုက်အပါအ၀င် ခရီးသွားပြည်သူများအနေဖြင့် ယခုစနစ်သစ်နှင့်ပတ်သက်၍ ၎င်းတို့၏ စိုးရိမ် ပူပန်မှုနှင့် အစိုးရထံ အကြံပြုချက်များကို ပြည်သူ့အသံအဖြစ် စုစည်းဖော်ပြလိုက်ပါသည်။

ကိုချစ်ကိုကိုလွင် (သင်္ဘောသား)

မြို့ထဲသုံးလိုင်းတည်းထားတာကတော့ နည်းလွန်းတယ်ထင်တယ်။ အရင်လို ကားအချင်းချင်း ယှဉ်ဖိုက်မှာကို စိုးရိမ်တယ်။ သုံးလိုင်းတည်း မဟုတ်ဘဲ ထပ်တိုးချဲ့သင့်တယ်။ နောက်ပြီး ခရီးသည်တွေအတွက် အရင်လိုတစ်ဆင့်တည်း မြို့ထဲရောက်တာမျိုးက အဆင်ပြေတယ်။ လောလောဆယ်တော့ ခရီသည်တွေ တော်တော်အခက်တွေ့မယ်။ တော်ရုံသိရုံနဲ့ မြို့ထဲသွားဖို့ အဆင်ပြေမှာမဟုတ်ဘူး။ ကြော်ငြာ ဆိုင်းဘုတ်တွေ၊ စပယ်ယာတွေကိုမေးနိုင်မှ တန်ကာကျမယ်။ စနစ်တကျ ဖြစ်ဖို့ကတော့ သေချာကြပ်မတ်ဖို့လိုမယ်။ အစိုးရအဖွဲ့က တာဝန်ယူမှု တာဝန်ခံမှုရှိရှိ လုပ်ဆောင်ရမယ်။ အရင်လို ယာဉ်မောင်းနဲ့ စပယ်ယာ တွေက ခရီးသည်တွေကို ဆူငေါက်ပြီး အနိုင်ကျင့်ဆက်ဆံနေရင် ဒီစနစ် က အလကားပဲ။ အဲဒီအချက်ကို သိသိသာသာ ပြောင်းလဲပစ်နိုင်ဖို့လိုတယ်။ ပြောင်းနိုင်ရန် ကြိုဆိုရမယ်။ မြို့ထဲကို တစ်မြို့နယ်စီက ယာဉ်လိုင်းတစ်လိုင်း တိုက်ရိုက်ရောက်တဲ့ ယာဉ်လိုင်းတွေရှိရင် ပိုကောင်းမယ်။ ကပ်ကြေညာတာကတော့ အစိုးရအဖွဲ့က သေချာလုပ်သလားပဲ။ ဘာလို့လဲဆိုတော့ တချို့ယာဉ်လိုင်းတွေ ဒီသတင်းထွက်လာတော့ လိုင်းရပ်နားထားကြတယ်။ မကောင်းတာကတော့ ပြည်သူတွေ ကိုယ်စီးမယ့်လိုင်း ရှာရတာခက်ခဲတယ်။ အခုအချိန်အထိ ကိုယ်စီးမယ့်လိုင်းမသိတဲ့ပြည်သူတွေအများကြီးရှိတယ်။

ကိုအောင်မျိုးသူ (ယာဉ်နောက်လိုက်၊ ပါရမီယာဉ်လိုင်း)

ကားတွေပြန်သိမ်းမယ်ဆိုတာကလွဲပြီး ဘယ်ကားထပ်မောင်းရ မယ်။ ဘယ်လမ်းကြောင်း မောင်းရမယ်ဆိုတာ သေချာမသိသေးပါဘူး။ ယာဉ်လိုင်းပိုင်ရှင်တွေကတော့ အစည်းအဝေးတွေလုပ်ပြီး သေချာပြော ပြပေးမယ်လို့ ပြောထားတာပါပဲ။ ကျွန်တော်တို့ကတော့ ဘာမှန်းမသိ သေးလို့ ကောင်းလား၊ဆိုးလား မပြောတတ်သေးဘူး။ သိထားသလောက် ကတော့ ယာဉ်တွေပိုများလာမယ့်အတွက် အလုပ်အကိုင်တော့ မပျက် နိုင်ဘူးလို့ သိထားပါတယ်။ ခရီးသည်တွေကတော့ ရက်ပိုင်းလောက်ဒုက္ခ ရောက်မှာပဲ။ ကျွန်တော်တို့တောင် ဘယ်လိုင်းဆွဲရမယ်၊ ဘယ်ကားတွေ က ဘယ်ရောက်မယ် သေချာမသိသေးဘူး။ တချို့ခရီးသည်တွေ လာ မေးရင်လည်း လတ်တလောတော့ဖြေပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ် တောင် ကားထွက်စီးရင် နည်းနည်းဒုက္ခရောက်နေဦးမှာ။

ကိုကျော်ကျော်ဟန် (ဘာသာပြန်အယ်ဒီတာ)

ယာဉ်လိုင်းတွေထုတ်ထားတာကို အခုထိ သဘောမပေါက်သေးဘူး။ စိုးရိမ်တာက ကိုယ်နေတဲ့နေရာကနေ အလုပ်ရှိရာကို အရင်လို တစ်ဆင့် တည်းရောက်၊ မရောက်ပဲ။ နှစ်ဆင့်ဆိုရင်တော့ အလုပ်ရှုပ်တဲ့အပြင် ကားခကလည်း ပိုကုန်မယ်လေ။ အခုကြားနေတာ အနည်းဆုံး ၃၀၀ ဆိုလားပဲ။ အဆင်မပြေမှုတွေ နည်းနည်းတော့ရှိမှာပေါ့။ စစချင်းဆို တော့။ အရင် မထသလိုင်းအများစု ရမ်းကားနေကြတာ တစ်ခုတည်း နဲ့တင် ကြိုဆိုတယ်လို့ဆိုရမှာပဲ။ ကားစီးရတာ စိတ်ချမ်းသာမယ်ဆိုရင် အဆင်မပြေမှုလေးတွေကို နားလည်ပေးနိုင်ပါတယ်။ လောလောဆယ် အကြံပြုချင်တာက လိုင်းသစ်တွေစမယ့်ရက်ကို အမှန်က သောကြာနေ့ မျိုး စစမ်းသင့်တယ်။ အဲဒါမှ ဘာတွေအဆင်မပြေဘူးလဲဆိုတာ ပိတ် ရက်တွေမှာသိပြီး သုံးသပ်ဖို့အချိန်ရှိမယ်လေ။ အသိပေးချိန်က အရမ်း ကပ်တာပေါ့။ တကယ်ဆို အနည်းဆုံး တစ်လလောက် ကြိုအသိပေးသင့်တယ်။ အခုတော့ အွန်လိုင်းပေါ်မှာရော အပြင်မှာပါ ၀ုန်းဒိုင်းကြဲလို့။ အစိုးရ ဘက်က တတ်နိုင်သလောက် လူသိအောင် လုပ်ပေးနေတယ်ဆိုပေမယ့် အရမ်းကပ်တော့ အခုချိန်အထိ ဘယ်ကဘယ်ရောက်ဆိုတာ သိအောင်အတင်းလိုက်လုပ်နေရတုန်း။

လွှမ်းမိုးအောင် (လှိုင်မြို့နယ်)

လက်ရှိဘတ်စ်ကားစနစ်က အဆင်မပြေတာကတော့ နေ့စဉ်ကြုံ တွေ့နေရတာပဲ။ စပယ်ယာတွေနဲ့ ခရီးသည်တွေ၊ တခြားကားသမား တွေနဲ့ ခရီးသွားတွေကြားမှာ ကတောက်ကဆဖြစ်ရာကနေ မှုခင်းတွေဖြစ် လာတဲ့အထိ ဆိုးလာတယ်။ မထသကလည်း ထိန်းလို့မနိုင်ဘူးလို့ ပြော ထားတော့ ဒီအများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်က မပြောင်းလဲလို့ မဖြစ်တော့ဘူး။ အစမှာတော့ ခရီးသည်တွေအတွက် အခက်အခဲဖြစ် လိမ့်မယ်။ နောက်ပြီး ယာဉ်လိုင်းတွေက အရင်ကထက် ခရီးစဉ်တိုတဲ့ အတွက် နှစ်ဆင့်သုံးဆင့်စီးရမှာတွေကို တွေပူးရတာတွေရှိတယ်။ လမ်း ကြောင်းတွေထုတ်ပြန်ထားပေမယ့် ဖေ့စ်ဘွတ်ခ်မှာပဲ ထင်သာမြင်သာရှိ တယ်။ မှတ်တိုင်တွေမှာ မတွေ့ရသေးဘူး။ ရပ်ကွက်ထဲအထိ ကပ်ထား သင့်တယ်။ နောက်တစ်ခုက လမ်းကြောင်းသတ်မှတ်တာပါ။ ဒီလမ်းကြောင်းက ခရီးသွားအများစုအတွက် အဆင်ပြေလား၊ မပြေဘူးလား ဆိုတာ ကွင်းဆင်းပြီး စစ်တမ်းကောက်ပြီး လမ်းကြောင်းသတ်မှတ်သင့်တယ်လို့ ထင်တယ်။

ဦးသန်းမြင့် ((၃၁) ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်)

အများပိုင်စနစ်ပြောင်းလဲမယ့်အပေါ် ကျွန်တော်ကတော့ သဘော ကျတယ်။ အခုလို လောဘတက်လိုမှုတွေ မရှိကြတော့ဘူး။ အပြိုင်အ ဆိုင်မောင်းနှင်နေစရာလည်း မလိုတော့ဘူး။ ဒီပုံစံနဲ့ဆိုရင် တစ်ရက်တစ် ရက် ဖုန်းလာမှာ ကြောက်နေရတယ်။ ဘယ်တော့များ ကိုယ့်ကားက တစ်ခုခုဖြစ်လေမလဲဆိုပြီး စိုးရိမ်နေရတာ။ မထသလက်အောက်ကနေ ခွဲထွက်လိုက်တဲ့စနစ်ကြောင့် အုပ်ချုပ်မှုအပိုင်း အရင်ကလောက်တော့ သိပ်အသိသာချည်း ပြောင်းသွားလိမ့်မယ်တော့မထင်ဘူး။ မောင်း၊ ရောင်း (ယာဉ်မောင်း၊ စပယ်ယာ) တစ်ရက်တစ်ရက် ရှာနေရတဲ့ဒုက္ခကလည်း လွတ်တဲ့အတွက် ဒီစနစ်က ယာဉ်ပိုင်ရှင်တွေအတွက် အဆင်ပြေ စေတဲ့ စနစ်တစ်ခုပါပဲ။

ကိုမျိုးအောင် (ယာဉ်မောင်း၊ ပါရမီယာဉ်လိုင်း)

အခုက ယာဉ်လိုင်းက အလုပ်သမားတွေအကုန်လုံးအတွက်တော့ အလုပ်ပြန်ပေးနိုင်မယ်လို့ပြောထားကြတာပဲ။ ကားတစ်စီးကို စပယ် ယာတစ်ယောက်ထည့်ပေးမယ့်ပုံစံပေါ့။ အခုက အုံနာစနစ်ကနေ အများ ပိုင်ပုံစံပြောင်းမယ်ဆိုတော့ နေ့စားကြေးတော့ မရတော့ဘူးပေါ့။ လခ စားပုံစံရရမယ်ဆိုရင် ယာဉ်မောင်းအများစုက လေးသိန်းခွဲလောက် တောင်းကြတယ်။ စပယ်ယာတွေက နှစ်သိန်းခွဲလောက် တောင်းကြတယ် ပေါ့။ အဲဒီလောက်မှ မရရင်လည်း မိသားစုနဲ့ကျတော့ အဆင်မပြေဘူး လေ။ အခုလက်ရှိထက်ပိုအဆင်ပြေဖို့ပဲ မျှော်လင့်ပါတယ်။ လခစားဆို တော့ အေးဆေးမောင်းရုံပဲပေါ့။ ငွေပိုရဖို့ ရုန်းကန်ရတာမျိုးတွေ လျော့ သွားမယ်ထင်ပါတယ်။

မယွန်းမီမီအောင် (မရမ်းကုန်းမြို့နယ်)

ယာဉ်လိုင်းအသစ်တွေလာတော့မှာ ကောင်းပါတယ်။ သွားရလာရ တာ ပိုအဆင်ပြေပြီးတော့ အန္တရာယ်ကင်းမယ်လို့ထင်တယ်။ အတင်းပြိုင် မောင်းတာတွေလည်း မရှိတော့ဘူးဆိုတော့ ကိုယ့်ဘက်ကလည်း စည်း ကမ်းရှိဖို့လိုတာပေါ့။ တစ်စီးနဲ့တစ်စီး အကြာကြီးစောင့်ရတာမျိုးမဟုတ် ဘူးဆိုရင်တော့ ပိုကောင်းတယ်။ ဖေ့စ်ဘွတ်ခ်မှာတော့ ယာဉ်လိုင်းအသစ် လိုင်းကြောင်းတွေ တွေ့မိပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်မစီးရသေးတော့ သေချာမသိသေးဘူး။ ယာဉ်လိုင်းအသစ်တွေ ပြောင်းသွားတော့ လက်ရှိ မှာ စီးနေတဲ့မှတ်တိုင်တွေကကော ပြောင်းသွားမှာလား။ အဲဒါဆိုရင်တော့ ရှာဖို့ခက်သွားပြီ။ နောက်တစ်ခုက ခရီးသည်တွေသွားလာလွယ်ကူအောင် လည်း Bus stopတွေမှာ တိကျသေချာတဲ့ direction မျိုးရှင်းရှင်းလင်းလင်း ရေးထားပေးစေချင်ပါတယ်။ အခုလ ၁၅ ရက်နောက်ဆုံးပဲ လိုင်းကားတွေကရှိတော့မှာဆိုတော့ ပြည်သူတွေကို အသိပညာပေးတာ အချိန်နည်းသွားတယ်လို့လည်းထင်တယ်။

မမေမြင့်သူ (Finance Assistant Manager (မြောက်ဒဂုံမြို့နယ်)

အခုလောလောဆယ်မှာ ထုတ်ပြန်ထားတဲ့ ယာဉ်လိုင်းကြောင်းတွေ ရှုပ်တယ်ဆိုတာကတော့ ရုတ်တရက်အပြောင်းအလဲဆိုတော့ အသက် အရွယ်ကြီးတဲ့သူတွေအတွက်တော့ ဒုက္ခဖြစ်နိုင်တယ်။ နောက်တစ်ခုက နယ်ကလာတဲ့သူတွေပေါ့။ ရန်ကုန်သားလူငယ် လူရွယ်တွေကတော့ ခဏတော့ နံပါတ်မှားစီးတာဖြစ်နိုင်တယ်။ အခုလည်း ၁၅ ရက်နေ့အထိပဲ လက်ရှိလိုင်းကားတွေ ပြေးဆွဲမှာကို ပြည်သူတွေကို အသိပညာပေးတာ အချိန်အားဖြင့်ဆိုရင်တော့ မလောက်ဘူး။ ဒါပေမဲ့နောက်ပိုင်း On Job Training လိုမျိုး၊ ခရီးသည်တက်စီးတဲ့အချိန်မှာ ပြေပြေလည်လည် ရှင်း ပြပေးနိုင်ဖို့လိုမယ်ထင်တယ်။ ဥပမာ ကားမှားစီးတယ်ဆို သေချာရှင်းပြဖို့၊ ရှေ့မှတ်တိုင်မှာ သေချာချထားပေးပြီး နောက်ဘယ်နံပါတ်စီးပါ၊  ကားခ မယူပါဘူးဆိုတာမျိုးပေါ့။

ဦးကျော်စိုးမိုး (အငှားယာဉ်မောင်း၊ ရွှေပြည်သာ)

ပြောင်းသွားတဲ့စနစ်က ကောင်းပါတယ်။ အခုနောက်ထွက်လာမယ့် ကားတွေကလည်း ကားသစ်တွေဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒီလို ပြောင်းလိုက်ခြင်းအားဖြင့် ယာဉ်ကြောစနစ်က နည်းနည်းလေးတော့ ပို ပြီးရှင်းသွားမယ်လို့ ထင်တယ်။ လက်ရှိယာဉ်လိုင်းတွေက စည်းကမ်းသိပ် မရှိဘူး။ ရပ်ချင်သလိုရပ်၊ တင်ချင်သလိုတင်၊ သွားချင်သလိုသွားတာ။ အခုစနစ်သစ်မှာ စည်းကမ်းလိုက်နာပြီး လုပ်ကိုင်စားကြမယ်ဆိုရင် အဆင်ပြေသွားမှာပါ။ အကြံပြုချင်တာက စည်းကမ်းလိုက်နာဖို့ကို ကြီး ကြပ်ရေးအဖွဲ့တွေက စဉ်ဆက်မပြတ် လုပ်ဆောင်ဖို့လိုတယ်။ စည်းကမ်း ကို ဖောက်ဖျက်တဲ့သူကို ထိထိရောက်ရောက် အရေးယူပေါ့။ ယာဉ်ထိန်း ရဲတွေကလည်း အရင်လိုအပေးအယူနဲ့ လုပ်သွားမယ်ဆိုရင် စည်းကမ်း ဖောက်တာပျောက်မှာမဟုတ်ဘူး။ အခုလိုပြောင်းလိုက်တော့ ယာဉ်နောက်လိုက်တွေကတော့ လောလောဆယ် နည်းနည်းတော့ ဒုက္ခရောက်မယ်ထင်တယ်။ အခုလို အပြောင်းအလဲလုပ်တာကိုတော့ ပြည်သူတွေ သိရှိအောင် ဒီထက်ပိုလုပ်သင့်တယ်။

မဇွန်မီမီဖြိုး (အဖျောက်မြို့နယ်တွင် နေထိုင်သူ)

လတ်တလောက ကျွန်မတို့နေတဲ့နေရာကနေ တိုက်ရိုက်ကားရှိ တယ်ပေါ့နော်။ နောက်ဆိုရင် ဘယ်လိုဖြစ်မယ်မသိဘူး။ အလာကတော့ ကိစ္စမရှိပေမယ့် ပြန်တာနောက်ကျရင်တော့ ကားမရှိဘဲ ဖြစ်မှာစိုးတယ်။ ဘယ်နေရာတွေမှာ ဘယ်အချိန်မှာရှိမယ်။ ဘာကားတွေရှိမယ်ဆိုတာ သေသေချာချာ မသိရသေးပါဘူး။ စီးနေကျကားဂိတ်တွေနဲ့ ဘတ်စ်ကား တွေပေါ်မှာ စာရွက်လေးတွေကပ်ပြီး ရှင်းပြသင့်တယ်ထင်ပါတယ်။ တစ်မြို့လုံးရဲ့ သွားလာရေးပုံစံပြောင်းလဲမှာဆိုတော့ သေသေချာချာ နားမလည်ထားရင်ဆိုးပါတယ်။ ပိုဆိုးတာ အဖျောက်တို့၊ တိုက်ကြီးတို့က လို လူတွေက သတင်းစာလည်း သိပ်မဖတ်ဘူးဆိုတော့ ဒုက္ခတော့များနိုင် ပါတယ်။

ဦးအောင်သန်း ((၃၁) နှင့် G-2000 ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်)

ဒီစနစ်ကို ကြိုဆိုပါတယ်။ စနစ်ပြောင်းလဲမယ်သတင်းကြားကတည်း က ကျွန်တော့်ကားတွေကို ဖြည်းဖြည်းချင်း အဆင့်မြှင့်ထားခဲ့တာ။ တစ် ဦးတစ်ယောက်ချင်းပိုင်မရှိတော့တဲ့အတွက် အပြိုင်အဆိုင်လုပ်စရာ မလို တော့ဘူး။ စနစ်စစချင်းမှာတော့ ၀င်ငွေရရှိမှုအပေါ် အနည်းငယ်ထိခိုက်မှု တော့ရှိနိုင်တယ်။ ကြန့်ကြာနိုင်တယ်။ ဒီစနစ်ကြောင့် ကျွန်တော်တို့ယာဉ် ပိုင်ရှင်တွေအပြင် ခရီးသွားတွေ လတ်တလော ရရှိနိုင်တဲ့အကျိုးကတော့ အန္တရာယ်ဖြစ်နိုင်မှု အခြေအနေတွေ လျော့နည်းသွားမယ်။ ခရီးသည်နဲ့ ယာဉ်လုပ်သားအကြား ဖြစ်ပေါ်နေတဲ့ပြဿနာတွေ လျော့သွားမယ်။ စည်းကမ်းပိုင်း ကောင်းလာမယ်။

ကိုနောင်ရဲ (ကမာရွတ်မြို့နယ်)

ယာဉ်လိုင်းတွေစပြောင်းပြောင်းချင်းမှာတော့ အဆင်မပြေတာတွေ ရှိလာမှာ အမှန်ပါပဲ။ ပြောင်းလဲလိုက်တဲ့ ယာဉ်လိုင်းပုံစံတွေကိုကြည့်ရ တာ အရင်ကတစ်ဆင့်တည်းရောက်မယ့်ခရီးကို နှစ်ဆင့်လောက်စီးရမှာ တွေရှိလာတော့ ယာဉ်စီးခပိုကုန်လာမှာတွေရှိလာနိုင်တယ်။ အစိုးရက လည်း လက်ရှိထက် ပိုကောင်းအောင်လုပ်ဆောင်နေတော့ ပြည်သူတစ် ယောက်အနေနဲ့ကတော့ လိုက်ပါဆောင်ရွက်ရမှာပေါ့။ ပြောင်းလဲမှုတိုင်း မှာတော့ ကောင်းတာရော၊ ဆိုးတာရောရှိတာပဲလေ။ ကားတွေပိုကောင်း လာပြီး ယာဉ်လုပ်သားတွေရဲ့ ဆက်ဆံရေးတော့ ပိုကောင်းလာမယ် ထင်ပါတယ်။

မသီရိဟန်

လက်ရှိ မထသယာဉ်လိုင်းတွေထက် ပိုအဆင်ပြေမယ်လို့တော့ ထင်ပါတယ်။ လတ်တလောမှာတော့ လမ်းကြောင်းတွေကိုကြည့်တာ အခေါက်ခေါက်အခါခါရှိပေမယ့် နားမလည်ဘူးဖြစ်နေတာလည်း အ မှန်ပါပဲ။ မှတ်တိုင်တွေပါ ပျောက်ကုန်တာလား။ အရင်မှတ်တိုင်ကပဲ စီးရမှာလားဆိုတာတွေလည်း စိတ်ပူပါတယ်။ ယာဉ်လမ်းကြောင်း ထုတ် ပြန်ချက်တွေ ရှင်းလင်းတယ်လို့ မထင်ပါဘူး။ ရုပ်မြင်သံကြားတွေမှာ လည်း မကြာခဏ ကြေညာပေးသင့်တယ်ထင်ပါတယ်။ စနစ်က ကောင်း မယ့်ပုံပါပဲ။ ရုတ်တရက်အစမှာတော့ ကားစီးဖို့ မှတ်တိုင်ကိုတွေးကြည့်တာ နဲ့တင် အဆင်မပြေဖြစ်နေတယ်။

ကိုဟိန်းလတ်ဦး (ယာဉ်အကူ၊ (၁၅၇) ယာဉ်လိုင်း)

ကျွန်တော်တို့ကတော့ ကြည့်ကောင်းအောင်လုပ်ရမှာပဲ။ အခက် အခဲဆိုတာက ခရီးသည်တွေနဲ့ပဲဆိုင်တာ။ ကျွန်တော်တို့က ဝန်ဆောင်မှု ပေးမယ့်လူပဲ။ လမ်းကြောင်းသတ်မှတ်မှုက အထက်ကချပေးတဲ့အတိုင်း ပဲပေါ့။ ဝင်ငွေအခြေအနေကျတော့ ပြောလို့မရသေးဘူး။ လမ်းကြောင်း အပေါ်မူတည်မယ်ထင်တယ်။ အခုက လခစားပုံစံပြောင်းမယ်လို့ ပြော ကြတာပဲ။ ကျွန်တော်တို့ကတော့ အလုပ်သမားက ဘာပြောလို့ရမှာလဲ။ အပြောင်းအလဲလုပ်လို့ အလုပ်လက်မဲ့ကြုံရမလားဆို မပြောတတ်ဘူး။ ဘာမှန်းမှမသိသေးတာ။ လက်ရှိတော့ လုပ်နေကြတာပဲ။ စပယ်ယာ တစ်ယောက်စီပဲရှိတော့မယ်လို့လည်း ကြားတယ်။ ဗြုန်းဒိုင်းကြီးတော့ အားလုံး အဆင်ပြေမယ်မထင်ဘူး။

မစုစုခိုင် (၅၇ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်)

ကျွန်မတို့အနေနဲ့က အခုအချိန်ထိ စောင့်ကြည့်နေတာပေါ့။ အခု ပြောင်းလဲမယ့်စနစ်ကလည်း ပြည်သူတွေအတွက် ကောင်းမွန်တဲ့စနစ် တစ်ခုဖြစ်လာပါမယ်။ ယာဉ်ပေါ်အလုအယက်တက်နေတဲ့ဒုက္ခကင်းသွား နိုင်တယ်။ အမြတ်နည်းတာ၊ များတာကတော့ ပဓာနမထားပါဘူး။ ပြည် သူတွေအဆင်ပြေဖို့က ပိုအရေးကြီးတယ်။ အစိုးရကလည်း ကောင်း အောင်လုပ်နေတာဖြစ်တဲ့အတွက် ပြည်သူတစ်ဦးဖြစ်တဲ့ ကျွန်မတို့ ယာဉ် ပိုင်ရှင်တွေကလည်း လိုက်ပါပူးပေါင်းရမှာပေါ့။ သတင်းထုတ်ပြန်ချိန်က တိုလွန်းတော့ ကျွန်မတို့အတွက် ပြင်ဆင်ချိန်တော့ သိပ်မရလိုက်ဘူး။ ရက်ပိုင်းအတွင်းမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေရတာတော့ရှိတယ်။


Sources; 7Day News Journal


No comments:

Post a Comment