Latest News

Wednesday, January 25, 2017

အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာဖို့ ဒေါ်နယ်ထရန့် အမိန့်ထုတ်

အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာဖို့ ဒေါ်နယ်ထရန့် အမိန့်ထုတ်

ဒေါ်နယ်ထရန့်က ပေးထားတဲ့ကတိကို အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်တစ်လျှောက် တံတိုင်းကာရံဖို့အတွက် သမ္မတဒေါ်နယ်ထရန့်က အမိန့်ထုတ်ပြန်စာကို လက်မှတ်ထိုးကြေညာလိုက်ကြောင်း သိရပါတယ်။

ဒါဟာ သမ္မတလောင်းရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးခဲ့စဉ်က ပေးထားခဲ့တဲ့ ကတိကို သမ္မတထရန့်က အကောင်အထည်ပေးနေတာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ အရင်ကတည်းက တံတိုင်းနဲ့ အကာအရံအချို့ရှိထားပြီးသားဖြစ်ပေမယ့်အခုအခါ နယ်စပ်စည်းမျဉ်းတစ်လျှောက်လုံးကို တံတိုင်းကာဖို့ ဒေါ်နယ်ထရန့်က သမ္မတအမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ဒီနယ်စပ်တံတိုင်းတည်ဆောက်မှုအတွက် မက္ကဆီကိုက ကုန်ကျငွေအကုန်လုံးပေးဆောင်ရမှာ ဖြစ်တယ်လို့ ဒေါ်နယ်ထရန့်က အင်တာဗျူးအစီအစဉ်တွေမှာ ပြောနေပေမယ့်လည်း မက္ကဆီကိုဘက်က ကုန်ကျစရိတ်ပေးဖို့ ငြင်းဆန်နေဆဲဖြစ်ပါတယ်။

အမေရိကန်သမ္မတဖြစ်လာပြီးနောက်မှာ အမိန့်တွေ တစ်ခုပြီးတစ်ခု ထုတ်နေတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်ကွန်ကရက်ရဲ့ အတည်ပြုချက်နဲ့ တည်ဆောက်ဖို့အတွက် ကုန်ကျစရိတ်ကို အမေရိကန် အစိုးရဘက်က ကျခံပေးသွားမှာဖြစ်ပါတယ်။ ဒီတံတိုင်းတည်ဆောက်ဖို့အတွက် ကုန်ကျစရိတ်ဟာ ခန့်မှန်းခြေ ဒေါ်လာ ဘီလျံနဲ့ချီပြီး ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ မိုင်းပေါင်း ၂၀၀၀ ကျော်ရှည်လျားတဲ့ နယ်စပ်စည်းမျဉ်းအတွက် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေ  ထပ်မံအားဖြည့်သွားရမှာလည်း ဖြစ်ပါတယ်။

" နယ်စပ်စည်းတံတိုင်းမရှိတဲ့ နိုင်ငံဟာ နိုင်ငံမဟုတ်ဘူး။ ဒီနေ့ကစလို့ အမေရိကန်ဟာ နယ်စပ်စည်းမျဉ်းကို ပြန်လည်ထိန်းချုပ်နိုင်တော့မှာဖြစ်တယ်" လို့ သမ္မတဒေါ်နယ်ထရန့်က ပြောပါတယ်။ သမ္မတဒေါ်နယ်ထရန့်ဟာ လာမယ့်လထဲမှာ မက္ကဆီကိုသမ္မတ အင်းနရစ်ပီနာနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။


အသက် ၇၀ နှစ်အရွယ် အမေရိကန်ရဲ့ ၄၅ ယောက်မြောက်သမ္မတ ထရန့်ဟာ နယူယော့ခ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်မြင်သံကြားအစီအစဉ် ထုတ်လုပ်တင်ဆက်သူ ဘီလျံနာတစ်ဦးလည်း ဖြစ်ပါတယ်။ ထရန့်က ဇနီး ၃ ဦးကို လက်ထပ်ခဲ့ပြီး သားသမီး ၅ ဦး ပိုင်ဆိုင်ထားသူဖြစ်ကာ သမ္မတကတော်မီလန်နီယာကို ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။
ထရန့်ဟာ ဖို့ဒ်ဟမ်းတက္ကသိုလ်နဲ့ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့သူ ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ယခုနှစ် စာရင်းအရ ဘီလျံနာထရန့်ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုဟာ ၃.၇ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။


Source : BBC : Duwun

No comments:

Post a Comment