Latest News

Monday, January 16, 2017

ဇရာနှင့်ကြုံတွေ့ခြင်း

ဇရာနှင့်ကြုံတွေ့ခြင်း


မိမိအောင်

“နင်မငယ်တော့ဘူး”ဟု မကြာမကြာပြောတတ်တဲ့ အမေတောင် အသက် ၈၀ ပြည့်သွားပြီ။ အမေ့အသက် သိပ်ကြီးသွားပြီလားဟုတွေးမိတော့ သက်တမ်းစေ့နေ ပြီဟူသော အဖြေကိုရသည်။ လူ့သက်တမ်း နှစ် ၁၀၀ ဟု ကြားဖူးနားဝရှိခဲ့ဖူးခြင်းကြောင့် အဆိုပါ အမေးကို ကိုယ့်ဘာသာမေး၍ ကိုယ်တိုင်ဖြေဆိုလက်ခံလိုက်ပါ၏။ ကိုယ့်အမေအသက် ၈၀ ပြည့်မှာ လှုပ်လှုပ်ရှားရှား သွား သွားလာလာနေနိုင်သည်က အသက် ၅၀ ကျော်လာပြီ ဖြစ်သည့် ကျွန်မအတွက် အကောင်းဆုံးဆုလာဘ်ကြီး တစ်ခု ရရှိထားသလိုပင်။ အမေအသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ပါစေဟု ဆုတောင်းပေးရသည်မှာ နိစ္စဓူဝ။

အန်တီခေါ်ရင်ဒေါသထွက်

လွန်ခဲ့သော ၁၅-၂၀ နှစ်များအတွင်းက ရုံးသွားရုံး ပြန် ဘတ်စ်ကားစီးလျှင် အန်တီဟုခေါ်ဝေါ်ကာ ဆွဲတင် ဆွဲချပြုကြသော ယာဉ်နောက်လိုက် (စပါယ်ယာ)ကလေး များကို ကိုယ့်အား အန်တီဟု ခေါ်ရကောင်းလားဟု မလွန့်တလွန် အရွယ်ကိုမေ့ပြီး ဒေါသထွက်ခဲ့ဖူး သော်လည်း ယခု အသက် ၅၀ သီသီစွန်းသောအခါ မှတ်တိုင်အတက်အဆင်း ပြုခါနီးတိုင်း (သက်ကြီးပိုင်း တစ်ယောက်ပါတယ် ဆရာရေ့) ဟူသော ရည်ညွှန်း သော စကားလုံးအား ဥပေက္ခာပြုနိုင်စွမ်းရှိပြီဖြစ်သည်။ တကယ်ပြောရလျှင် ကိုယ့်ထက် အသက်ဝါ ကြီးသူများ ကို ခေတ္တခဏမေ့ထား၍ ကိုယ်လည်း သက်ကြီးဝါကြီး တစ်ယောက်လို ရတောင့်ရခဲသော ဘတ်စ်ကားပေါ်မှ ထိုင်ခုံပေါ်တွင် ခေတ္တထိုင်ရင်း ဇရာ၏ လက္ခဏာကို အလိုလိုက်လိုသော သဘောများကြောင့် လားမသိ။

မောလိုက်တာအမေရယ်

ရုံးဆင်း၍ အိမ်အပြန် အိမ်တံခါးအဝင်ကိုကျော်၍ မောလိုက်တာအမေရယ်ဟု ဆိုလိုက်လျှင် ပြောမိလိုက် သည့်နေ့တိုင်း အသက် ၈၀ အရွယ်အမေ၏ ကန့်ကွက် သဘောမတူသော အကြည့်ကို တွေ့ရမြဲ။ ငါလည်း အိမ် မှာထိုင်နေတာ မဟုတ်ပါဘူးဟု ပြန်ပြောမြဲပင်။ အမေ သည် တစ်နေကုန် အထီးကျန်စွာ တိုက်ခန်းကျဉ်း ငယ် လေးတစ်ခုအတွင်း လှောင်ပိတ်နေရကာ အိမ်မှုကိစ္စ အချို့ကို သူ့အသက်အရွယ်နှင့် မလိုက်အောင် တတ် စွမ်းသမျှ ပြုမူဆောင်ရွက်နေရသည်မှာ အချိန်ပြည့် နီးပါးပင်။

အိပ်ရာဖျာကပ် မဖြစ်လို

အိပ်ရာဖျာကပ် မဖြစ်လိုဟူသောစကားကို အမေ အမြဲဆို၏။ အဓိပ္ပာယ်မှာ သူတစ်ပါး အပြုအစု အယု အယ အကုအသခံ၍ ဝေဒနာရှင်တစ်ဦး မဖြစ်လိုဟူ သောသဘောပင်။ နံနက်ခင်းတိုင်း အမေ မြတ်စွာဘုရား အား ပန်း၊ ရေချမ်း၊ ဆွမ်းကပ်လှူကာ ဘုရားရှိခိုး၊ မေတ္တာ ပို့ ဝတ်ပြုဆုတောင်းစဉ်အတွင်း သားသမီးများကို မေတ္တာပို့ (ဒါက လူ့သဘာဝနှင့် အနီးကပ်ဆုံးဖြစ်မည်။ သူ့သားသမီး မြေး၊ မြစ်များ တစ်ယောက်မကျန်ပါ၏။ ပြီးတော့ အနန္တစကြ၀ဠာ သုခိတာ ဒုက္ခိတာ သတ္တဝါစုံ လို့။) ဆုတောင်း မေတ္တာပို့အပြီး ကျွန်မနားအစွဲဆုံး အမေ့ ဆုတောင်းခန်းကတော့ ဘုရားတပည့်တော်မသည် ဘ၀သံသရာ ကျင်လည်ရသမျှ ဘ၀များစွာ၌ ရရှိ ပြီးသော ကိုယ်ခန္ဓာအား ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်စွန့်လွှတ်ရ၍ဘ၀တစ်ပါးသို့ ကူးပြောင်းရပါလို့၏ဘုရားဟု” ဟူသော ဆုတောင်း ခန်းပင်တည်း။

ဪ..ဗျာဓိဒုက္ခကို အမေ အမှန်တကယ်ကြောက်  ရွံ့၍လော၊ သူ၏ နာမကျန်းသောအဖြစ်ကို ကျန်ရစ်သူ များက ပင်ပန်း ငြိုငြင်စွာ ထမ်းဆောင်ရသောအဖြစ် ကို မလိုလား၍လော။ အမေ စိတ်လန်းရွှင်သာသော တစ်နေ့တွင် မေးဦးမည်ဟု အမှတ်ပြုကာ အသက် ၈၀ ကျော်လာပြီဖြစ်သည့် မိခင်ကြီး ကျန်းမာစွာ အသက်ရှင် ရေးအတွက် မပြတ်ဆုတောင်းပေးပါ၏။

ဇရာဘ၀ကို သတိပေး

အမေ့လို အသက် ၈၀ ကျော်တွင် အိပ်ရာဖျာကပ် မဖြစ်ဘဲ သီသီမွဲသော အမြင်အာရုံ၊ အကြားအာရုံများ ဖြင့် သွားလာလှုပ်ရှားနေနိုင်သည့် သက်ကြီးရွယ်အိုဘ၀ ရလိုချင်စမ်းပါဘိဟု တောင်းဆုအခါခါ ပြုမိပါ၏။ ဤဆုတောင်း ပြည့်မပြည့် နောက်အနှစ် ၂၀ ကျော် ကျော်ခန့် စောင့်ရဦးမည်ဟု အချိန်ကာလပိုင်းခြားချက် ကို မျှော်တွေးခြင်းနှင့်အတူ အမေကဲ့သို့ ငါလည်း အသက် ၈၀ ကျော်တွင် သွားသွားလာလာ လှုပ်လှုပ် ရှားရှားနှင့် အိပ်ရာဖျာမကပ် နေနိုင်ပါဦးမည်လောဟူ သည့် အတွေးသည် “လမ်း ၅၀ ပါလား၊ သက်ကြီးပိုင်း သုံးယောက် ဆင်းမယ်” ဟူသော ယာဉ်နောက်လိုက်၏ စကားကြောင့် ရုတ်တရက် အဆုံးသတ်သွားပါသည်။ သို့သော် ယာဉ်နောက်လိုက်လေးကိုတော့ စိတ်မခုဝံ့ တော့ပါ။ သူက ကျွန်မတို့၏ ဇရာဘ၀ကို သတိပေးလိုက် သည်ဟု အမှတ်အသားပြုမိပါ၏။

ကားမှအဆင်း ယာဉ်သွားယာဉ်လာ ထူပြောသော မဟာဗန္ဓုလလမ်းကို သတိဝီရိယ အထူးကပ်စွာ ဖြတ် ကူးရင်း ထိုနေ့ နေ့လယ်ပိုင်း၌ မဖြစ်မနေ လာရောက် တွေ့ဆုံ စစ်ဆေးမှုခံယူပါဟူသော ဆီးချိုသွေးချို အထူး ကုဆရာဝန်ကြီး၏ ချိန်းဆိုချက်ကို အချိန်မီသွားရောက် ခဲ့ရပါ၏။ နာခြင်းကိစ္စကို အိုခြင်းကိစ္စနှင့်တွဲ၍ ဆင်ခြင် မိသည်မှာ ကျွန်မ၏ ဇရာနှင့် တွေ့ဆုံခြင်း ပထမအခန်း ပင်တည်း။ အများသူငါတို့လည်း အိုခြင်းနှင့် နာခြင်းကို တွဲဖက်ဆင်ခြင်နိုင်ကြပါစေဟု တိုက်တွန်းလိုက်ပါ၏။

Sources; MOI

No comments:

Post a Comment