Latest News

Wednesday, January 4, 2017

အမေ့ခံတို့ ပီတိဖြစ်ခဲ့ရတဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့

အမေ့ခံတို့ ပီတိဖြစ်ခဲ့ရတဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့

လွတ်လပ်ရေးမော်ကွန်းဝင် ဦးဘတင် အခမ်းအနားတက်ရောက်လာစဉ်။

ဆောင်းရာသီရဲ့ အေးချမ်းလှတဲ့ မနက်စောစောအချိန်မှာ အသက်အရွယ်ကြီးတဲ့ အဘိုးအို၊အဘွားအိုတို့ဟာ
တုတ်ကောက်ကိုယ်စီနဲ့ ရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံထဲကို ဝင်ရောက်လို့လာလျက်
ရှိနေပါတယ်။ နေမင်းမထွက်ခင် ဇန်နဝါရီ ၄ ရက်ရဲ့ ခပ်စောစောအချိန်မှာ မဟာဗန္ဓုလပန်းခြံကြီးဟာလည်း
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောက်တိုင်ကြီးနဲ့အတူ အဲဒီအဘိုးအို၊ အဘွားအိုတို့ကို ကြိုဆိုနေပါတယ်။

ဒီအသက် ၉ဝ ကျော်အရွယ်အဘိုးအို၊ အဘွားအိုတွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက်
ကြိုးပမ်းနေတဲ့အချိန်မှာတစ်ထောင့်တစ်နေရာက ပူးပေါင်းပါဝင်ခဲ့ကြသူတွေဖြစ်ကြပါတယ်။ သူတို့ဟာ
အသက်အရွယ် ကြီးနေကြပေမဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကတော့ သန်မာတက်ကြွလျက်ရှိနေပါတယ်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နဲ့ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့
အဘိုးအို၊ အဘွားအိုတွေဟာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့
ခေါင်းဆောင်ဦးနေဝင်းအစိုးရ လက်ထက်နောက်ပိုင်းမှာ အမေ့ခံပုဂ္ဂိုလ်တွေဖြစ်ခဲ့ကြပြီး လွတ်လပ်ရေးနေ့
အလံတင်အခမ်းအနားတက်ရောက်ဖို့တောင် ဖိတ်ကြားခြင်း မခံခဲ့ရပါဘူး။

''အဘတို့လွတ်လပ်ရေးနေ့အခမ်းအနား မတက်ခဲ့ရတာ တော်တော်ကြာခဲ့ပါပြီ။ အနှစ်၂ဝ ကျော်
နောက်ပိုင်းမှာမှ ပြန်တက်ခွင့်ရတာပါ။ ဝမ်းသာတာပေါ့ဗျာ'' လို့ အသက် ၉၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့
လွတ်လပ်ရေး မော်ကွန်းဝင်(ဒုတိယအဆင့်) ဦးဘတင်က ပြောပါတယ်။

ဦးဘတင်ဟာ လွတ်လပ်ရေးအတွက် ဗမာ့ကာကွယ်ရေးတပ်မတော်ရဲ့ ဒုဗိုလ်တစ်ဦးလည်းဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ကတည်းက ဗမာ့ကာကွယ်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့
ဦးဘတင်က လက်ရှိအစိုးရလုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စေချင်တယ်လို့
ပြောပါတယ်။

''အခုကြိုးစားလုပ်နေတာတွေကို အောင်မြင်ပါစေလို့ အဘဆုတောင်းပါတယ်။ ပြည်သူလူထုကလည်း
ငြိမ်းချမ်းရေးလိုချင်တယ်။ တိုင်းရင်းသားတွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်။ အဘတို့ကလည်း
လိုချင်တာမှ ပြောမနေနဲ့'' လို့ ဦးဘတင်က ဆိုပါတယ်။

လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကျင်းပချိန် မနက် ၄ နာရီနဲ့ မိနစ်၂ဝ မှာ မိုးရေတဖွဲဖွဲ
ကျနေပေမဲ့လည်း ဦးဘတင်လို သမိုင်းဝင် စစ်မှုထမ်းဟောင်းတွေက ဖျားနာမှာကို စိတ်မပူဘဲ
၁၉၈၈ ခုနှစ်နောက်ပိုင်းပထမဦးဆုံးအကြိမ် တက်ရောက်ခွင့်ရတဲ့အခွင့်အရေးကို အဆုံးရှုံးမခံဘဲ
မိုးရေစက်များကြားမှာ အခမ်းအနားကိုပြီးဆုံးသည်အထိ တက်ရောက်ခဲ့ကြပါတယ်။

အစိုးရသစ်လက်ထက် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့လယ်က လွတ်လပ်ရေး
ကျောက်တိုင်တည်ရှိရာ မဟာဗန္ဓုလပန်းခြံမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်ပါတယ်။
ယခုနှစ်လွတ်လပ်ရေးနေ့အခမ်းအနားတက်ရောက်ဖို့ BIA နဲ့ BDA စစ်မှုထမ်းဟောင်းတွေနဲ့
ရဲဘော်သုံးကျိပ်မိသားစုဝင်တွေကိုဖိတ်ကြားခဲ့ပါတယ်။ သခင်ရှုမောင် ခေါ် ဗိုလ်နေဝင်း
(ဗိုလ်ချုပ်ကြီးနေဝင်း) ရဲ့ မြေးဖြစ်သူတွေကိုလည်း အခမ်းအနားမှာ တွေ့ခဲ့ရပါတယ်။
အလံနီကွန်မြူနစ်ပါတီခေါင်းဆောင်သခင်စိုးရဲ့ အသက် ၉၃ နှစ်အရွယ်ဇနီး ဒေါ်နှင်းမေလည်း
လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

''ဒီနေ့အခမ်းအနားလိုပုံစံကို တွေ့ရတာက ငါတို့တိုင်းပြည်က လွတ်လပ်ပြီဟေ့ဆိုတာကို
ပြလိုက်သလိုပါပဲ။ ဒီလွတ်လပ်ရေးကျောက်တိုင်အောက်မှာ နောင်လည်း ထပ်ဆုံတွေ့ချင်ပါတယ်''လို့
ဒေါ်နှင်းမေက ဆိုပါတယ်။

စစ်မှန်တဲ့ လွတ်လပ်ရေးအဖြစ် ရောက်ရှိဖို့အတွက် လူတွေအားလုံး စိတ်ဓာတ်တွေပြုပြင်ဖို့
လိုအပ်ကြောင်းနဲ့ စိတ်ဓာတ်တွေကိုမပြုပြင်ဘူးဆိုပါက အားလုံးလိုချင်တောင့်တနေတဲ့ ပန်းတိုင်က
ရောက်ရှိမှာမဟုတ်ဘူးလို့ ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံမှာ သခင်ဖိုးလှကြီးတို့နဲ့အတူ
ပါဝင်လှုပ်ရှားခဲ့တဲ့ အသက် ၉၇ နှစ်အရွယ်ရှိ ဦးသော်က ဆိုပါတယ်။

''စည်းလုံးညီညာအောင်ကြောင်းဖြာဆိုတဲ့အတိုင်း အားလုံးတက်ညီလက်ညီနဲ့စုပြီးလုပ်မယ်ဆိုရင်
မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ တခြားတိုင်းပြည်တွေထက် တိုးတက်ပြီး ကြီးပွားတိုးတက်မယ်လို့
မျှော်လင့်ပါတယ်''လို့ ဦးသော်က ပြောပါတယ်။

လူဦးရေ ၂ဝဝ ကျော်လောက် တက်ရောက်ခဲ့တဲ့ ၆၉ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ကာ သမ္မတဦးထင်ကျော် ပေးပို့တဲ့သဝဏ်လွှာကိုလည်း
ဖတ်ကြားခဲ့ပါတယ်။ အမျိုးသားရေးရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်
ပြည်ထောင်စုကြီး တည်ဆောက်ရေးကို မလွဲမသွေအောင်မြင်ရမည်ဟူသော ယုံကြည်မှု
သန္နိဋ္ဌာန်လေးချက်ကို ချမှတ်ထားကြောင်း သမ္မတဦးထင်ကျော်ရဲ့ သဝဏ်လွှာက ဆိုပါတယ်။

အဆိုပါ သန္နိဋ္ဌာန်လေးချက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံညီလာခံ)
တွေ့ဆုံညှိနှိုင်းမှုများမှ ရရှိလာမည့် ဆုံးဖြတ်ချက်များနှင့်အညီ ဘုံသဘောတူညီချက်တစ်ခုဖြင့်
အနာဂတ်တွင် စစ်မှန်သည့် ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက်
တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်းကာကွယ်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု
ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်လျော်သည့်
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေးနှင့် နိုင်ငံတော်၏
စီးပွားရေးမူဝါဒမျှော်မှန်းချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာ
ဖွံ့ဖြိုးတိုးတက်လာစေမည့် စီးပွားရေဒအခြေအနေကောင်းများရရှိရန် ကြိုးပမ်းဆောင်ရွက်ရေးတို့
ဖြစ်ပါတယ်။

Sources; The Myanmar Times

No comments:

Post a Comment