ဗင်နီဇွဲလား စစ်ဘက်ရဟတ်ယာဉ် အမေဇုန်တောမှာ ပျောက်ဆုံး
ပျောက်ဆုံးနေတဲ့ စစ်ဘက်ရဟတ်ယာဉ်ကို ဒေသခံ တိုင်းရင်းသားများ အကူအညီဖြင့် လိုက်လံရှာဖွေနေပါတယ်
ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ ငါးရက်က ပျောက်ဆုံးသွားခဲ့တဲ့ စစ်ဘက်ရဟတ်ယာဉ်ကို ရှာဖွေနေကြောင်း သိရပါတယ်။ လူ ၁၃ ဦး လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ အမေဇုန်တောနေရာမှာ ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာနက ပျောက်ဆုံးနေတဲ့ စစ်ဘက်ရဟတ်ယာဉ်ကို ဒေသခံ တိုင်းရင်းသားများ အကူအညီဖြင့် လိုက်လံရှာဖွေနေကြောင်း ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်က ရာသီဥတု ဆိုးရွားနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ ရုရှားထုတ် Mi-17 စစ်ဘက်ရဟတ်ယာဉ်မှာ ရဟတ်ယာဉ်ဝန်ထမ်း ၄ ဦး၊ စစ်ဘက်ဝန်ထမ်း ၅ ဦးနဲ့ ဒေသခံ တိုင်းရင်းသား ၄ ဦး လိုက်ပါသွားကြောင်း သိရပါတယ်။ စစ်ဘက်ရဟတ်ယာဉ်ကို မြင်တွေ့လိုက်တဲ့ ဒေသခံ တိုင်းရင်းသားများထံမှ သတင်းအချက်အလက် ရရှိခဲ့ပေမဲ့ ရဟတ်ယာဉ်ရှိနေနိုင်တဲ့ နေရာကို သွားရောက်ရန် ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်ဟာ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ ယူဆကြောင်းနဲ့ လိုက်ပါသွားသူတွေ အဆင်ပြေမယ်လို့ ယုံကြည်ထားကြောင်း ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပက်ဒရီနိုက ပြောပါတယ်။ စစ်ဘက်ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းအချို့က ပြောကြားကြောင်းလည်း သိရပါတယ်။
Source & Photo: BBC, Independent , Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment