Latest News

Tuesday, January 24, 2017

နီပေါငလျင်ကြောင့် ဧဝရတ်တောင် နိမ့်ကျသွားခြင်းရှိ မရှိ တိုင်းတာမည်

နီပေါငလျင်ကြောင့် ဧဝရတ်တောင် နိမ့်ကျသွားခြင်းရှိ မရှိ တိုင်းတာမည်

လာမယ့် ၂ လအတွင်း ဧဝရတ်တောင်အမြင့်ကို တိုင်းတာနိုင်ရေးအတွက် စူးစမ်းလေ့လာရေးအဖွဲ့ကို စေလွှတ်သွားမှာပါ။

၂၀၁၅ ခုနှစ် နီပေါငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် အခြေအနေပြောင်းလဲသွားခြင်းရှိ မရှိ သိနိုင်ရန်အတွက် တောင်ရဲ့အမြင့်ကို တိုင်းတာသွားမယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ကြေညာပါတယ်။ လာမယ့် ၂ လအတွင်း ဧဝရတ်တောင်အမြင့်ကို တိုင်းတာနိုင်ရေးအတွက် စူးစမ်းလေ့လာရေးအဖွဲ့ကို စေလွှတ်သွားမှာဖြစ်ကြောင်း အိန္ဒိယတာဝန်ရှိသူက ပြောပါတယ်။
မြန်မာတောင်တက်သမားများ ဧဝရတ်တောင်ကို တက်ရောက်မှု

ဂြိုဟ်တုပုံရိပ်များအရ ၂၀၁၅ ခုနှစ်က နီပေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ ငလျင်ကြီးကြောင့် ဧဝရတ်တောင်ရဲ့အမြင့်ပေ လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ရဲ့အမြင့်ကို လွန်ခဲ့တဲ့ ၆၂ နှစ်က အိန္ဒိယသုတေသီတစ်ဦးက တိုင်းတာခဲ့တာဖြစ်ပြီး ပေပေါင်း ၂၉,၀၂၈ ပေရှိတယ်လို့ အသိအမှတ်ပြုထားကြပါတယ်။ နီပေါနိုင်ငံမှာ ၂၀၁၅ ခုနှစ်က ပြင်းအား ၇.၈ ရစ်ခ်ျတာစကေးရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ဟိမဝန္တာတောင်တန်းတွေရဲ့ အမြင့်ပေဟာ ၃.၂ ပေခန့် လျော့ကျသွားခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

နီပေါငလျင်လှုပ်ပြီးနောက် သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ရဲ့ အမြင့်ပေဟာလည်း စင်တီမီတာ အနည်းငယ်မျှ အပြောင်းအလဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဧဝရတ်တောင်ဟာ ဟိမဝန္တာတောင်တန်းများအနက် ပါဝင်တဲ့ တောင်တစ်လုံးလည်း ဖြစ်ပါတယ်။ ဧဝရတ်တောင်ရဲ့ အမြင့်ပေ ပြန်လည်တိုင်းတာမယ့် အစီအစဉ်ကို အိန္ဒိယက နီပေါနိုင်ငံတို့က ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

၂၀၁၅ ခုနှစ် နီပေါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု

၂၀၁၅ နီပေါငလျင်က ဧဝရတ်တောင်ရဲ့အမြင့်ကို သက်ရောက်ခဲ့ခြင်းရှိ မရှိ လေ့လာဆန်းစစ်သွာမှာဖြစ်ပြီး သိပ္ပံပညာရှင်အချို့ကတော့ ငလျင်ကြောင့် ဧဝရတ်တောင်ဟာ နိမ့်ဆင်းသွားခဲ့ကြောင်း ပြောထားပါတယ်။ ဧဝရတ်တောင်အမြင့်ကို တိုင်းတာမယ့်အဖွဲ့မှာ အဖွဲ့ဝင် ၃၀ ခန့် ပါဝင်မှာဖြစ်ပြီး အိန္ဒိယသိပ္ပံပညာရှင် ၃ ဦး သို့မဟုတ် ၄ ဦး ပါဝင်မယ်လို့ သိရပါတယ်။
အဆိုပါအဖွဲ့က စူးစမ်းလေ့လာမှုနဲ့ အမြင့်ပေတိုင်းတာခြင်း လုပ်ငန်းအား တစ်လနီးပါးကြာ လုပ်ဆောင်သွားမှာဖြစ်ပြီး တွက်ချက်မှုများ ပြုလုပ်နိုင်ရန် ၁၅ ရက်ကြာ အချိန်ယူပြီးနောက် ဧဝရတ်တောင်ရဲ့အမြင့်ပေကို တရားဝင် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။
၂၀၁၅ နီပေါငလျင် လှုပ်ခတ်မှု

နီပေါနိုင်ငံမှာ ၂၀၁၅ ခုနှစ် ဧပြီလ ၂၅ ရက်က ၇.၈ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၈,၉၆၄ ဦး သေဆုံးပြီး အခြား ၂၁,၉၅၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကို နီပေါ၊ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ ခံစားသိရှိခဲ့ရပါတယ်။ နီပေါနိုင်ငံမှာ ငလျင်ဒဏ်ကို အဓိက ခံခဲ့ရကာ လူ ၈,၈၅၇ ဦး သေဆုံးခဲ့ပြီး ရှေးဟောင်းအမွေအနစ် အဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Google ကုမ္ပဏီအရာရှိ ဒန်နီရယ် ပေါလ်ဖရီဒင်ဘတ်ဂ်

၂၀၁၅ ခုနှစ် နီပေါငလျင် လှုပ်ခတ်မှုကြောင့် ဧဝရတ်တောင်မှာလည်း နှင်းထုများပြိုကျမှု ဖြစ်ပွားခဲ့ရာ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား လူ ၁၂၀ ထက်မနည်း ဒဏ်ရာရခဲ့ (သို့မဟုတ်) ပျောက်ဆုံးခဲ့ပါတယ်။ ဧဝရတ်တောင်မှာ နှင်းထုပြိုကျမှုအတွင်း Google မြေပုံအတွက် အလုပ်လုပ်နေတဲ့ ကုမ္ပဏီအရာရှိ ဒန်နီရယ် ပေါလ်ဖရီဒင်ဘတ်ဂ်လည်း ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ပါတယ်။

Source & Photo: BBC, AFP, Nyi Nyi Aung, Frontier Myanmar, Duwun

No comments:

Post a Comment