Latest News

Saturday, January 14, 2017

နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ မြို့ကွင်းတံတားကြီးကို ငါးလကြာ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု

နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ မြို့ကွင်းတံတားကြီးကို ငါးလကြာ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု


ဟင်္သာတမြို့နယ်နှင့် အင်္ဂပူမြို့နယ်ကို ဆက်သွယ်ထားသည့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ  မြို့ကွင်းတံတားကြီးကို ငါးလကြာ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုပြီဖြစ်ကြောင်း သိရသည်။

သက်တမ်းကြာမြင့်လာသည့်တိုင် မြို့ကွင်းတံတားကြီး၏ သံပေါင်သံထည်များမှာ ကောင်းမွန်နေဆဲ ဖြစ်သော်လည်း ကြမ်းခင်းတုံး၊ ဆင့်တုံးနှင့် တံတားလက်ရမ်းများမှာ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာမှုကြောင့် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

“မြို့ကွင်းတံတားကြီးက ကြမ်းခင်းတုံးတွေ၊ ဆင့်တုံးတွေ ပေါက်ပြဲပျက်စီး နေတဲ့အတွက် တံတားကြီးကို ဖြတ်သန်းသွားလာတဲ့ယာဉ်တွေ ဘီးကျွံကျတဲ့ ဖြစ်စဉ်တွေ မကြာခဏြ ဖစ်ပေါ်ခဲ့ပါတယ်။ အဲဒါကြောင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှာ ဘဏ္ဍာငွေ တင်ပြတောင်းခံပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက် ကစပြီး ပြုပြင်ခဲ့ပါတယ်။ ကြမ်းခင်းတုံးတွေ လဲရတယ်။  ဆင့်တုံးတွေ ၂၃၅ တုံး လဲရတယ်။ အထွေထွေ ပြုပြင်မှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၂  ရက်မှာ ပြုပြင်ပြီးစီးခဲ့ပြီး အဲဒီနေ့မှာပဲ မော်တော်ယာဉ်တွေကို စတင်ဖြတ်သန်းခွင့် ပြုခဲ့ပါတယ်” ဟု မြန်မာ့မီးရထားတိုင်း (၉) မှ အင်ဂျင်နီယာမှူး (မြို့ပြ) ဦးစိုးမြင့်အောင်က ပြောကြားသည်။

ဟင်္သာတ-ကြံခင်းရထား ပြေးဆွဲရာ လမ်းကြောင်းတွင် တည်ရှိသည့် မြို့ကွင်းတံတားကြီးကို ယနေ့အချိန်ထိ ရထားပြေးဆွဲမှုအတွက် အသုံးပြုနေရဆဲ ဖြစ်သည့်အပြင် အခြားယာဉ်များ သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ အတွက်ပါ မှီခိုနေရသည့် တံတားကြီး တစ်စင်းဖြစ်သည်။

“ပြုပြင်ချိန်ကာလ ငါးလကြာမြင့်ခဲ့ပါတယ်။ အချိန်ကာလ ငါးလကြာမြင့်ရတာကတော့ သစ်မာတန် ၁၀၃ တန်ရရှိရေး နှောင့်နှေးကြန့်ကြာ နေတာကြောင့် ဖြစ်ပါတယ်။ တံတားကြီးပေါ်ကိုတော့ ယာဉ်+ကုန် ရှစ် တန် ခွင့်ပြုထားပါတယ်” ဟု ဦးစိုးမြင့်အောင်က ဆက်လက်ပြောကြားသည်။

အဆိုပါ မြို့ကွင်းတံတားကြီးမှာ ကေဆွန်တံတား အမျိုးအစား၊ အုတ်မြစ်နှင့် အပေါ်ပိုင်း သံပေါင်တံတားဖြစ်ပြီး တံတားအရှည်မှာ ယခင် ၁၀၁၅ ပေနှင့် မြို့ကွင်းဘက်ခြမ်း ဘေလီ ပေ ၁၂၀ စုစုပေါင်း ၁၁၃၅ ပေရှိသည်။

တံတားကြီးကို ၁၉၀၅ ခုနှစ်က စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၇ ခုနှစ်အထိဆိုလျှင် နှစ်ပေါင်း ၁၁၂ နှစ် သက်တမ်းရှိပြီဖြစ်ကာ တံတားအကျယ် ၁၂ ပေ၊ ပေ ၁၅၀ ခန်းဖွင့် သံပေါင်ခြောက်ခုရှိသော ယင်းတံတားတွင် သင်္ဘောများ သွားလာနိုင်ရန် မြှောက်တင်နိုင်သည့် ခုံးတံတား (Lifting Span) ပါဝင်ခဲ့ကြောင်း သိရသည်။

၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တို့ ဆုတ်ခွာစဉ် မြှောက်တင်နိုင်သည့် သံပေါင်တစ်ဖက် အပါအ၀င် ပေ ၁၅၀ သံပေါင်နှစ်ခု ဖျက်ဆီးခံခဲ့ရပြီး ရေလယ်တိုင် အမှတ် (၂) မှာလည်း အပေါ်ပိုင်း ၁၀ ပေခန့် လုံးဝပျက်စီးသွားကာ ထိုအချိန်မှစ၍ သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ထိုသို့ တံတားပျက်စီးမှုအား ၁၉၄၇ ခုနှစ် မေလမှစတင်၍ ပြုပြင်တည်ဆောက်ခဲ့ရာ ၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးခဲ့ပြီး ယခင်မြှောက်တင်နိုင်သည့် သံပေါင်အား Fixed ပြုလုပ်၍ တိုင်အမှတ် (၂-က) ကို အစားထိုးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။  

အောင်ကျော်မျိုး (ဟင်္သာတ)

Sources; Eleven Media Group

No comments:

Post a Comment