Latest News

Monday, January 23, 2017

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင်များနှင့်တွေ့ဆုံ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင်များနှင့်တွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၂၃

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်း အဝေးခန်းမ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် သက်ရောက်နိုင်မှု၊ မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် ခိုင်မာသောရလဒ်များ ထွက်ပေါ်လာရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသော တိုင်းရင်းသားနယ်မြေဒေသများ အတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်တွင်း၊ ပြည်ပ ကူညီထောက်ပံ့မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးရေး၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများမှ အဖွဲ့ဝင်အချို့၏ အမှုအခင်းများ၊ NCA လက်မှတ်ရေး ထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများကို ဆွေးနွေးခဲ့ ကြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး မကြာမီ ကျင်းပရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နှင့် ပူးတွဲဆောင်ရွက် လိုကြောင်း၊ မကြာသေးမီက ကရင်ပြည်နယ်တွင် ကျင်းပခဲ့သော အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲမှာ အောင်မြင်ပါကြောင်း၊ ပြည်သူများ၏ ပါဝင်မှုမှာလည်း အားရကျေနပ် ဖွယ်ရာ ကောင်းမွန်ကြောင်း၊ ဆက်လက်ပြီး အခြားသောနေရာဒေသ များတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း။

NCA လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့်အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ တစ်စိုက်မတ်မတ် ပြုလုပ်ရေးကို အခြေခံ၍ စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေထွက်လာမည်ဟု ယုံကြည်ထားပါကြောင်း၊ လူအများ ပြောကြားနေသည့် "ယုံကြည်မှုတည်ဆောက်ရေး" တွင် ပထမဆုံးအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိရန် အထူးအရေးကြီးကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ဝင်ရောက်ရန်အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိရန်လိုအပ်ကြောင်း၊ မည်သည့်အရာတွင်မဆို အောင်မြင်မည်ဟု တစ်ထစ်ချ ရာနှုန်းပြည့် သေချာမှုရှိရန် မလွယ်ကူသော်လည်း အောင်မြင်အောင် ကြိုးပမ်းလုပ် ဆောင်မည်ဟု မိမိကိုယ်ကို အပြည့်အဝယုံကြည်မှုထားရှိရန်လိုအပ်ကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးဆွေးနွေးခွင့်ရရှိသည့်အတွက် အင်အားများ ဖြစ်ပေါ်စေ ကြောင်း၊ စိတ်အားထက်သန်မှုများလည်းရရှိပါကြောင်း၊ ငြိမ်းချမ်းရေးရရှိအောင် ဆောင် ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နှေးခြင်း၊ ကြာခြင်းသာ ရှိမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးမရရှိဘဲ အချိန်ကြာမြင့်နေပါက တိုင်းပြည်နှင့်လူထု နစ်နာရမည်သာဖြစ် ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသည့် တိုင်းရင်းသားနယ်မြေဒေသများ ဖွံ့ဖြိုးတိုး တက်ရေးကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ ငြိမ်းချမ်းရေး၏ အသီးအပွင့်ကို တိုင်းရင်းသားပြည်သူများ ရရှိခံစားနိုင်ကာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အပေါ်ယုံကြည်မှု တိုးမြှင့်ရရှိလာမည် ဖြစ်ကြောင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်အစိုးရဘက်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေနှင့် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူတို့ တက်ရောက် ကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့မှ ခေါင်းဆောင်များဖြစ်ကြသည့် စောမူတူးဆေးဖိုး၊ ခွန်ဥက္ကာ၊ ဦးခိုင်စိုးနိုင်အောင်၊ ရဲဘော်သံခဲ၊ အကြံပေးပုဂ္ဂိုလ် စိုင်းခွန်းဆေနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်းတို့ တက်ရောက်ကြသည်။

Sources:MOI

No comments:

Post a Comment