Latest News

Wednesday, January 25, 2017

ဒေါ်အောင်ဆန်းစုကြည် လူထုထံ ပထမဆုံး သွားရောက်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် လူထုထံ ပထမဆုံး သွားရောက်တွေ့ဆုံ

ပခုက္ကူ၊ ဇန်နဝါရီ ၂၅

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူခရီးစဉ်အတွင်း ကိုယ်ဝန်ဆောင် မိခင်များ၏ နေအိမ်သို့ သွားရောက်ခြင်း၊ လူထုနှင့်တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့ပြီး ယင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန် ရယူပြီးနောက်ပိုင်း လူထုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

အစိုးရသက်တမ်း ကိုးလကျော်အတွင်း ယင်းသို့ ပထမဆုံးအကြိမ် လူထုနှင့် တွေ့ဆုံမှုကို မကွေးတိုင်း ပခုက္ကူမြို့နယ် စံပြကြီးရွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လူထုနှင့် တွေ့ဆုံရာတွင် ပြည်သူလူထု အနေနှင့် အစိုးရအပေါ် ထားရှိရမည့် သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

မဲပေးရွေးချယ်ထားသည့် မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ပြည်သူများအနေနှင့် ခိုင်းစေခွင့်ရှိကြောင်း ဝန်ကြီးချုပ်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကြီးရွာသို့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ပြည်သူများကို မိတ်ဆက်ပေးရာ၌ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒါကတော့ (မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကိုပြ၍) ကျွန်မတို့ရဲ့ တိုင်းဝန်ကြီးချုပ် ဖြစ်ပါတယ်။ တိုင်းဝန်ကြီးချုပ်က အဓိကပဲနော်။ ကောင်းကောင်း ထောင်းပေး၊ တိုင်းဝန်ကြီးချုပ်က ပြည်သူတွေ မဲပေးလို့ ရောက်လာတဲ့ ဝန်ကြီးချုပ်၊ အဲဒါကြောင့်မို့ ကိုယ့် (ပြည်သူတိုင်း) မှာ ခိုင်းပိုင်ခွင့် ရှိတယ်ဆိုတာ သေသေချာချာ မှတ်ထားပါ။ ဒီကို မန္တလေးတိုင်းက ဝန်ကြီးချုပ်ပါ (မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ပြ၍) ပါတယ်။ တိုင်းကျော်ပြီးတော့ ဂျီကျချင်လို့ရှိရင်လည်း ကျလို့ရပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို မိတ်ဆက်ပေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပခုက္ကူမြို့နယ် ကြီးရွာသို့ Pact (ပက်) အပြည်ပြည်ဆိုင်ရာ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေ အဖွဲ့အစည်း၏ ကိုယ်ဝန်ဆောင် မိခင်များအား ငွေကြေး ထောက်ပံခြင်းနှင့် ချေးငွေ ထုတ်ပေးခြင်း အစည်းအဝေး တက်ရန် ရောက်ရှိလာခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် လေးဦး၏အိမ်သို့  ကိုယ်တိုင် သွားရောက်ခြင်း၊ ဒေသခံတို့နှင့် တွေ့ဆုံခြင်းတို့ကို ပြုလုပ်ခဲ့သေးသည်။

Sources: : The Voice

No comments:

Post a Comment