Latest News

Friday, January 13, 2017

မစ္ဆရိယ

မစ္ဆရိယ


လူဆိုတာကတော့ ပုထုဇဉ်ပီပီ အတ္တနဲ့ မကင်းနိုင်ကြတဲ့သူတွေချည်းပါပဲ။ ပြောရရင် ‘လာဘော၊ အလာဘော၊ ယသော၊ အယသော၊ နိန္ဒာ၊ ပသံသာ၊ သုခံဒုက္ခံ’ ဆိုတဲ့ လောကဓံတရားရှစ်ပါးမှာ အကောင်း လောကဓံတွေချည်း ခံချင်တာ ဓမ္မတာပါပဲ။ အဆိုးလောကဓံကိုတော့ ဖြစ်နိုင်ရင် မခံချင်ကြပါဘူး။

လူချင်းယှဉ်ရင် ကိုယ်က လာဘ်ပေါတဲ့ သူဖြစ်ချင်တယ်။ သူများက ကိုယ့်ထက်လာဘ် လာဘပေါများနေတာမြင်ရင် မနာလိုဘူး။ မဟုတ်တောင် စိတ်ထဲမှာတော့ တယ်သဘောမကျချင်တတ်ကြပါဘူး။ ဒီလိုပဲသူများတွေမှာ အခြွေအရံများပြီး ကိုယ့်မှာ အခြွေအရံနည်းနေရင်၊ သူများတွေ ချီးမွမ်းခံနေရတာမြင်ပြီး ကိုယ်ကအကံ့ရဲ့ခံနေရရင်၊ သူများတွေက အဘက်ဘက်က ပြည့်စုံချမ်းသာပြီး ကိုယ်ကဆင်းရဲဒုက္ခရောက်နေရင် လောကကြီးကပဲ ကိုယ့်ကို တမင်သက်သက် အဆိုးချနေသလို စိတ်ကထင်ပြီး အမြင်မကြည်လင်ဘဲ ဖြစ်တတ်ပါတယ်။ ဒီလို စိတ်ထဲအမြင်မကြည်ရုံဆို တော်ပါသေးရဲ့ ဒီလိုမှမဟုတ်ဘဲ ကိုယ်အဆင်မပြေတာနဲ့ပဲ ကိုယ့်ထက် အဆင်ပြေနေတဲ့ လူတွေအပေါ် အပြစ်မြင်ပြီး ဒီလူတွေပျက်မှ ပျက်စီးစေတော့လို့ ကိုယ်နဲ့၊ စိတ်နဲ့၊ နှုတ်နဲ့ လုပ်မယ်၊ ကြံမယ်၊ ပြောမယ်ဆိုမယ်ဆိုရင်တော့ ကိုယ့်မှာအကုသိုလ် အတုံးလိုက်ဝင်တော့မှာ သေချာပါတယ်။ အမှန်တော့ ကိုယ်မရနိုင်တဲ့ဂုဏ်ကို အခြားသူတစ်ဦးဦး ရသွားမှာစိုးတာ။ မရစေချင်တဲ့သဘောဟာ ‘မစ္ဆရိယ’ ပါပဲ။ မစ္ဆရိယငါးမျိုးရှိပါတယ်။

(၁) အာဝါသမစ္ဆရိယ - မိမိနေရာနဲ့ ပတ်သက်ပြီး အရိပ်အာဝါသကို ၀န်တိုခြင်း၊

(၂) ကုလမစ္ဆရိယ - မိမိနှင့်စပ်ဆိုင်သော အပေါင်းအဖော်၊ ဆွေမျိုးတို့ အခြားသူများနှင့် ဆက်ဆံသည့်အခါ ၀န်တိုခြင်း၊

(၃) လာဘမစ္ဆရိယ - ပစ္စည်းဥစ္စာလာဘ် လာဘ၌ ၀န်တိုခြင်း၊

(၄) ၀ဏ္ဏမစ္ဆရိယ - ခန္ဓာကိုယ်အဆင်း၊ ဂုဏ်သတင်း၌ ၀န်တိုခြင်း၊

(၅) ဓမ္မမစ္ဆရိယ - မိမိတတ်သော၊ သိသောအသိတရား၊ အတတ်ပညာတို့၌ ၀န်တိုခြင်းဆိုပြီး ငါးမျိုးဖြစ်ပါတယ်။

တကယ်တော့ အသေအချာ စဉ်းစားကြည့်ရင် ကိုယ်နဲ့မထိုက်လို့၊ ကိုယ်မရသင့်လို့ မရလိုက်တဲ့ဥစ္စာပစ္စည်းကို ဘယ်သူပဲရသွားသည်ဖြစ်စေ ကိုယ်ကအနေသာကြီးပါ။ သူနဲ့ထိုက်လို့ သူ့ဥစ္စာမှန်လို့ သူတို့ရသွားကြတာပဲ။ သုံးစွဲကြတာပဲလို့ စိတ်ကလေးကို ဖြောင့်လိုက်ရင် ဖြစ်နိုင်ရဲ့သားနဲ့ ငါတော့မရ။ သင်းက မဆီမဆိုင် အချောင်လုယူသွားတာပဲလို့ တွေးလိုက်တဲ့အခါမှာတော့ ကိုယ့်စိတ်မှာ မစ္ဆရိယဆိုတဲ့ မနာလိုဝန်တိုစိတ် ဖြစ်ပေါ်လာတာပါပဲ။ ဒီလိုပဲကိုယ်က ရှေးကံနည်းလို့ ရုပ်ဆင်းအင်္ဂါမလှတော့လည်း ကိုယ်မလှတာ ဘယ်သူ့မှအပြစ်တင်နေစရာ မလိုပါဘူး။ ကိုယ်ဆင်းရဲတာ၊ ကိုယ့်မှာအပေါင်းအသင်း အခြွေအရံ ပရိသတ်နည်းတာ ဒါတွေအားလုံးဟာ အပြစ်တင်စရာရှိ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပါ။ ရုပ်မလှပေမယ့် စိတ်လှအောင်၊ လူဆင်းရဲပေမယ့် စိတ်မဆင်းရဲအောင်၊ ဂုဏ်သတင်း မရှိပေမယ့်ရှိတဲ့ ဂုဏ်လေးတိုးပြီး မညစ်နွမ်းရအောင် ထိန်းရမှာက ကိုယ့်တာဝန်ပါ။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်ထက်သာ မနာလိုဖြစ်နေတာကတော့ မလှရတဲ့အထဲ မဲ့နေသလို၊ ဆင်းရဲရတဲ့ကြားထဲ မွဲနေသလို၊ မမွှေးရတဲ့ကြားထဲ အပုပ်နံ့နံနေသလို ဖြစ်မယ်ထင်တာပါပဲ။

ဒါနဲ့ပတ်သက်လို့ မင်းကွန်းဆရာတော်ကြီးရဲ့ မယ်တော်ဆောင်လေ့ရှိတဲ့ လက်သုံးစကားလေးတစ်ခုက ဒီမစ္ဆရိယစိတ်ကို အတော်ပဲ လျော့ပါးစေတာ တွေ့ရပါတယ်။ ဆောင်ပုဒ်ကလေးက ရိုးရိုးရှင်းရှင်းကလေးပါ။

‘ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ လောက်အောင်စား၊ လူမှန်သမျှ ကိုယ်နဲ့ထိုက်တန်သော အကျိုးပေးရလိမ့်မည်’ ဆိုတဲ့ဆောင်ပုဒ်ကလေးပါ။ အမှန်လည်း ဒီကနေ့ ကိုယ်ရနေတဲ့ ပစ္စည်းဥစ္စာ၊ အခြွေအရံ ပရိသတ် ကျော်စောဂုဏ်သတင်းတွေဆိုတာ ကိုယ်နဲ့ထိုက်တန်သလောက်ပဲ ရနိုင်မှာပါ။ ကိုယ်က ဒီထက်ပိုပြီးလိုချင်ရင် ကိုယ်ဒီထက်ပိုပြီး ကျော်စောဂုဏ်သတင်း ရှိချင်ရင် ကိုယ်ကပိုပြီး ကြိုးစားရမှာပါ။ ကိုယ်က ပိုပြီးဖြောင့်မတ်ရမှာပါ။ ကိုယ်က ပိုပြီးလူတွေကို ကူညီရမှာပါ။ ဒီလိုမှမဟုတ်ဘဲ အချောင်ကြီးပွားချင်၊ အချောင် ဂုဏ်သတင်းကြီးချင်နေလို့တော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။

ဒါပေမဲ့ တချို့က ဒီသဘောကို နားမလည်ကြတော့ သူများကြီးပွား ချမ်းသာတာမြင်ရင် သူဘယ်လို ကြိုးစားပြီးလုပ်ကိုင်လို့ လုပ်ငန်းမှာ လာဘ်မြင်လို့ ကြီးပွားတာပဲရယ်လို့ ကောင်းတဲ့ဘက်ကကြည့်ပြီး အတုမယူဘဲ ဒီလူမဟုတ်တာလုပ်ပြီး ကြီးပွားတာပါ။ ဒီလူ့အကြောင်း ငါသိတာပေါ့ အစရှိသဖြင့် မသိတဲ့လူတွေ ယုံလောက်အောင် အမျိုးမျိုးပြောပြီး သူများစီးပွားတက်တာကိုပဲ မနာလိုဖြစ်နေတဲ့သူတွေ ရှိတတ်ပါတယ်။ ဒီတော့ သူလည်း သူများအကြောင်း မကောင်းပြောရလို့ သူ့မှာလည်း တစ်ပြားတစ်ချပ်မှ ၀င်ငွေမတိုးတဲ့အပြင် ‘မစ္ဆရိယ’ စိတ်ကြောင့် သူ့မှာလည်း အကုသိုလ်တောင် တိုးသွားရပြန်ပါတယ်။

တချို့ကျတော့လည်း နေရာနဲ့ပတ်သက်ပြီး ၀န်တိုတာရှိသေးတယ်။ ပြောမယုံ ကြုံဖူးမှသိဆိုသလို တစ်ခါက စာရေးသူ နေပြည်တော်ကနေ ရန်ကုန်ကို အထူးရထားနဲ့ ခရီးသွားဖူးပါတယ်။ အထူးရထား ဆိုတာကတော့ နေပြည်တော်က ၀န်ထမ်းတွေ ရုံးပိတ်ရက် ရန်ကုန်ကနေတစ်ဆင့် ကိုယ့်မိသားစုရှိရာကို ပြန်နိုင်အောင်စီစဉ်ပြီး ပြေးဆွဲပေးတဲ့ရထားပါ။ အဲဒီတုန်းက ရုံးပိတ်ရက်တွေများလို့ ထင်ပါရဲ့ အထူးရထားမှာတောင် ခရီးသည်တွေက ပြည့်ကျပ်နေလိုက်တာ။ လူတစ်နေရာ စာမတ်တတ်ရပ်ဖို့တောင် အတော်ခက်ခက်ခဲခဲနဲ့ နေရာယူရပါတယ်။

အဲဒီမှာ စာရေးသူလည်း အများနည်းတူ နေရာမရတော့ ရထားတွဲထဲမှာ မတ်တတ်ရပ်လိုက်ရပါတယ်။ ဒါပေမဲ့ ကြာတော့လည်း ညောင်းလာပါတယ်။ ဘယ်လိုမှ မတတ်နိုင်တာနဲ့ ရထားတွဲထဲက ထိုင်ခုံတစ်ခုရဲ့ လက်တန်းလေးပေါ် အညောင်းမှ သက်သာစေတော့လို့ ထိုင်ဖို့ကြိုးစားမိပါတယ်။ ဒါပေမဲ့ ကိုယ်လည်း ထိုင်မယ်ကြံရုံ ရှိသေးတယ်။ ထိုင်ခုံမှာ ထိုင်နေတဲ့ အမျိုးသားခရီးသည်က စာရေးသူ ထိုင်လို့မရအောင် တမင်ကို လက်တန်းပေါ်ကို တစ်ကိုယ်လုံးမှီပြီး ထိုင်နေပါတော့တယ်။ လုံးဝကို ဖယ်မပေးတော့ပါဘူး။ သြော်ဖြစ်မှဖြစ်ရလေ။ သူ့မှာ ထိုင်ခုံကြီးနဲ့ အခန့်သား ထိုင်နေရတာတောင်မှ လက်တန်းကလေးကိုပါ သူများကို မထိုင်စေချင် ဖြစ်နေတော့တာကိုး။ ‘အာဝါသမစ္ဆရိယ’ ဆိုပါတော့။

ဒီနေရာမှာ အများဆုံးတွေ့နေရတဲ့ ‘မစ္ဆရိယ’ တစ်မျိုးကတော့ ‘၀ဏ္ဏမစ္ဆရိယ’ လို့ခေါ်တဲ့ ခန္ဓာကိုယ်အဆင်းနဲ့ ဂုဏ်သတင်း ကျော်ကြားမှုကို ၀န်တိုတဲ့ ‘မစ္ဆရိယ’ ပါပဲ။ တွေးကြည့်ရင် လူတစ်ယောက် အဆင်းလှတယ်။ ဂုဏ်သတင်း ကျော်ကြားတယ်ဆိုရင် ဒါကောင်းတဲ့သတင်းပဲ။ ကိုယ်ကတောင် သူ့မှာဘယ်လို အရည်အချင်းတွေရှိလို့ ဒါလောက်ကျော်ကြားရတာလဲလို့ စေ့ငုပြီး ဂုဏ်ပြုရမယ့်ကိစ္စပါ။ ဒါပေမဲ့ တချို့ကျတော့လည်း ဒါကိုပဲ အလိုလိုနေရင်း ကြည့်မရ၊ မနာလို မုန်းတီးပြီး အဲဒီလူရဲ့မကောင်းကွက်၊ မကောင်းကွက် ဆိုတာကလည်း အမှန်တော့ သူထင်သလို မဟုတ်ပါဘူး။ လောကအမြင်နဲ့ ကြည့်ရင် အမှားလို့တောင် ပြောလို့မရတဲ့ကိစ္စကို ပုံကြီးချဲ့ပြီး အများအထင်မှား အမြင်မှားအောင် ရွံမုန်းအောင် သက်သက်ထွင်လုံးလုပ်ပြီး သိက္ခာချဖို့ ကြိုးစားချင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်စစ်မှန်တဲ့ ဂုဏ်သတင်းနဲ့ ကျော်ကြားတာမှန်ရင်တော့ ဘယ်လိုပဲသိက္ခာကျအောင် ချသည်ဖြစ်စေ ပြုလုပ်တဲ့သူတွေသာ လက်ပန်းကျပြီး အာညောင်းပြီး လဲချင်လဲသွားမယ် ဂုဏ်သတင်းကတော့ မှေးမှိန်သွားမှာ မဟုတ်ပါဘူး။

ဒါနဲ့ပတ်သက်လို့ ကျေးဇူးတော်ရှင် ‘မာန်လည် ဆရာတော်ဘုရားကြီး’ က ကဗျာaလးတစ်ပုဒ် စပ်ဆိုခဲ့ဖူးပါတယ်။ ‘ပတ္တမြားရွှေဂူ’ ဆိုတဲ့ကဗျာလေးပါ။

ပြစ်မရှိ ပြစ်ရှာ

လမင်းကို ခွေးဟောင်လို့

ရွှေလရောင် ပြောင်မပျက်တယ်

ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ

ဝက်များက ငြူစူစွာ

ညွန်လူးကာ တိုက်နဲ

ပွတ်လေလေ

ဂူရွှေမှာ အရောင်ထွက်တယ်

ရှေးကထက်ကဲ။

ပါတဲ့ ဒါလောက်ဆိုရင်ပဲ ‘မစ္ဆရိယ’ ရဲ့ သဘောပေါ်လောက်ပြီ ထင်ပါတယ်။ အမှန်တော့ ‘မစ္ဆရိယ’ စိတ်ဟာ အကုသိုလ်စိတ်ပါ။ သေရင် ပြိတ္တာဖြစ်တတ်တယ်လို့ ဆိုပါတယ်။



Sources; Eleven Media Group

No comments:

Post a Comment