Latest News

Friday, January 13, 2017

ပေါက်မြို့နယ်အတွင်းရှိ တည်ဆောက်ဆဲ အစိုးရ အဆောက်အအုံများကို လွှတ်တော်ကိုယ်စားလှယ်များ လိုက်လံစစ်ဆေးရာတွင် အများစုမှာ စံချိန်မမီဘဲ လိုအပ်ချက်များနေကြောင်း စစ်ဆေးတွေ့ရှိ

ပေါက်မြို့နယ်အတွင်းရှိ တည်ဆောက်ဆဲ အစိုးရ အဆောက်အအုံများကို လွှတ်တော်ကိုယ်စားလှယ်များ လိုက်လံစစ်ဆေးရာတွင် အများစုမှာ စံချိန်မမီဘဲ လိုအပ်ချက်များနေကြောင်း စစ်ဆေးတွေ့ရှိ


ပေါက်မြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်များ ရပ်နားချိန်တွင် ဒေသတွင်းရှိ  တည်ဆောက်ဆဲအစိုးရ အဆောက်အအုံများအား လိုက်လံစစ်ဆေးမှု ပြုလုပ်ရာတွင် အများစုမှာ စံချိန်မမီဘဲ လိုအပ် ချက်များရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

ဒေသတွင်းရှိ တည်ဆောက်ဆဲအစိုးရ အဆောက်အအုံများအား ယခု ဇန်န၀ါရီလအတွင်း လိုက်လံစစ်ဆေးရာတွင် ယခုကဲ့သို့ စစ်ဆေး တွေ့ရှိရခြင်းဖြစ်ပြီး စံချိန်စံညွှန်းမီစေရန်အတွက် ဆက်လက် ဖိအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။


“လက်ရှိ လွှတ်တော်နားချိန်မှာ ဒေသတွင်း အဆောက်အအုံတွေကို လိုက်စစ်ဆေးတာ အားနည်းချက်တွေ အများကြီးတွေ့ရပါတယ်။ အောက်ခံဖောင်ဒေးရှင်းတွေ အလွန်အမင်းသေးတာ။ ၉၀ ဒီဂရီ တည့်မတ်ရမယ့် တိုင်တွေက ကွေ့ကောက်နေတာ အုတ်အရည်အသွေး ညံ့တာတွေ အများကြီး စိစစ်တွေ့ရှိရပါတယ်။ အရည်အသွေးမီအောင် ဆောက်ရင်ကို ချပေးထားတဲ့ ဘတ်ဂျက်က ပိုပါသေးတယ်။ တာဝန်ယူထားတဲ့ ကုမ္ပဏီတွေ ဌာနဆိုင်ရာ တွေနဲ့ တွေ့ပြီး ဒီကိစ္စကို ဆောင်ရွက်သွားပါမယ်။ အရည်အသွေး မပြည့်ဘူးဆိုရင် ပြည်ထောင်စု အဆင့်ထိ ဆွေးနွေးသွားမှာပါ”  ဟု ပေါက်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောကြားသည်။

ဆောက်လုပ်ဆဲ ဌာနဆိုင်ရာ အဆောက်အအုံများအား စစ်ဆေးပြီးနောက် အရည်အသွေးမပြည့်မီသည့် လုပ်ငန်းများမှတာဝန်ရှိသူများ ၎င်းတို့ထံ လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အရည်အသွေး ပြည့်မီခြင်း မရှိပါက အဆောက်အအုံနှင့် ပတ်သက်၍ တာဝန်ယူ လက်မှတ်ထိုးပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းဝင်းက ပြောကြားသည်။

“အရင်တုန်းကတော့ စစ်ဆေးမှု အားနည်းခဲ့လို့ ဆောက်ပြီးမကြာခင်မှာ ဖောင်ဒေးရှင်း ကွဲအက်တာတွေ။ နံရံတွေ အက်တာတွေ၊ မျက်နှာကြက် ပြိုကျတာတွေ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ တာဝန်ယူစဉ်မှာတော့ ဒါမျိုးတွေမဖြစ်အောင် အဆောက်အအုံတွေကို သေချာစစ်ဆေးမယ်။ စိတ်ချရမှ အရည်အသွေးမီမှ လက်မှတ်ထိုးပေးမယ်”  ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောကြားသည်။

ပြီးခဲ့သည့်  ဇန်န၀ါရီလဆန်းပိုင်းကလည်း ပခုက္ကူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆောက်လုပ်နေသည့် နှစ်ထပ်ဆောင် အဆောက်အအုံတစ်လုံးမှာ ဆောက်လုပ်ဆဲမှာပင်နံရံအက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည့်အတွက် ဒေသခံများကြား ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။


Sources သက်ထိန်ဝင်း(ပခုက္ကူ)Eleven


No comments:

Post a Comment