Latest News

Wednesday, January 25, 2017

မြန်မာ့စီးပွားရေးအတွက် အစိုးရယူရမည့် သင်ခန်းစာ

မြန်မာ့စီးပွားရေးအတွက် အစိုးရယူရမည့် သင်ခန်းစာ




၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံ၏ အသားတင်ထုတ်လုပ်မှုနှင့် ၀န် ဆောင်မှုတန်ဖိုး (GDP) တိုးတက် နှုန်းသည်  ၅ ဒသမ ၇ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဇန်န၀ါရီတွင် ပြုလုပ်သည့် စီမံကိန်းကော်မရှင်အစည်းအဝေး၌ ပြောကြားခဲ့သည်။

ဆယ်စုနှစ်ငါးခုကျော်အတွင်း ပထမဦးဆုံးတက်လာသော အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံ့စီးပွားရေးပိုမိုဖွံ့ဖြိုးလာမည်ဟု ပြည်သူများမျှော်လင့်ခဲ့သော်လည်း ပြည်သူ့အစိုးရ၏ပထမဦးဆုံး ဘဏ္ဍာနှစ်တွင် မျှော်လင့်သလို မဖြစ်ခဲ့ပေ။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ငါးနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှစ်စဉ် ပျမ်းမျှ ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ထိုပမာဏဖြင့် နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်စီးပွားရေးဖွံ့ဖြိုးမှုသည် အနိမ့်ဆုံးဖြစ်ခဲ့သည်။ သို့သော်ဦးသိန်းစိန်အစိုးရ စတင်တာဝန်ယူခဲ့သည့် ပထမဦးဆုံး ၂၀၁၁-၁၂ ဘဏ္ဍာနှစ် စီးပွားရေးဖွံ့ဖြိုးမှု ၅ ဒသမ ၆ ရာခိုင်နှုန်း နှင့် နှိုင်းယှဉ်လျှင် ယခုအစိုးရလက်ထက် ပထမဆုံးဘဏ္ဍာနှစ်က အနည်းငယ်ပိုမိုခဲ့သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အစိုးရသုံးငွေလိုအပ်ချက်သည် ကျပ် ၃,၇၅၇ ဘီလီယံကျော်ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာလည်း အမေရိကန်ဒေါ်လာသုံးဘီလီယံ (ကျပ် ၄,၂၀၀ ဘီလီယံကျော်)ခဲ့သည်။

GDP ဆိုသည်မှာ အချိန်တစ် နှစ်တာအတွင်း နိုင်ငံတစ်နိုင်ငံ၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှု စုစုပေါင်းတန်ဖိုးကို ခေါ်ဆိုခြင်းဖြစ်သည်။ GDP တိုးတက်နှုန်းမှာလည်း အထက်ပါထုတ်ကုန်နှင့် ၀န်ဆောင်မှုတန်ဖိုးများ တိုးတက်လာခြင်းဖြစ်ပြီး GDP တိုးတက်လာခြင်းမှာ နိုင်ငံ့စီးပွားရေးတိုးတက်ခြင်းပင်ဖြစ်သည်။ ထို့အတူ GDP ကျဆင်းခြင်းမှာ တိုင်းပြည် စီးပွားရေးကျဆင်းခြင်းပင်ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် အမေရိကန်အစိုးရက နှစ် ၂၀ ကြာ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုကို ရပ်တန့်ခဲ့သောကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများက ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ထင်သလောက် ခရီးမရောက်သေးပေ။

စီးပွားရေးကျဆင်းရသည့် အကြောင်းရင်းများစွာရှိပြီး အစိုးရသစ်လက်ထက်တွင် အဆိုပါအကြောင်းရင်းအများစု စုပြုံရောက်ရှိလာရသည်ဟု စီးပွားရေးပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်အများစုက ပြောကြသည်။

ယခုဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှုတုံ့နှေးလာခြင်းမှာ လယ်ယာထုတ်ကုန်ကျဆင်းခြင်း၊ ပို့ကုန်ဈေးနှုန်းများကျဆင်းခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်မှု နှေးကွေးခြင်းနှင့် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးဂယက်များက နိုင်ငံ၏ စီးပွားရေးကို ဂယက်ရိုက်ခတ်ခဲ့သည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က စီမံကိန်းကော်မရှင်အစည်းအဝေးတွင် သုံးသပ်ပြောကြားသည်။

‘‘၂၀၁၅ မှာ တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ရေကြီးတယ်။ ကုန်ထုတ်လုပ်မှုကျတယ်။ စက်ရုံတွေ ရေမြုပ်တယ်။ ၂၀၁၆ မှာ သဘာဝဘေးဆက်ဖြစ်တယ်။ စီးပွားရေး သိသိသာသာကျတယ်’’ဟု စီးပွားရေးပညာရှင်ဦးလှမောင်က ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်မှု မြန်ခဲ့ခြင်းမှာ အာဏာရှင်စနစ်အောက်မှ စတင်လွတ်မြောက်လာချိန်တွင် စီးပွားရေးနှင့်ပတ်သက်၍ ဖြေလျှော့မှုများစွာ ပြုလုပ်ကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သဖြင့် နိုင်ငံတကာကစိတ်ဝင်စားမှုများပြီး ရင်းနှီးမြှုပ်နှံမှုများ အများအပြားဝင်ရောက်ခဲ့သည်ဟု ဦးလှမောင်က ပြောသည်။

ထို့အပြင် ယခင်အစိုးရလက်ထက်တွင် စီမံကိန်းအကြီးစားလုပ်ငန်းများ၌ အာဏာရပုဂ္ဂိုလ်များက ကိုယ်ကျိုးစီးပွားအတွက် အကောင်အထည်ဖော်ကာ ဆူလွယ်နပ်လွယ်ပြီး အလွယ်တကူရင်း နှီးမြှုပ်နှံလုပ်ကိုင်ရသည့် စီမံကိန်း များကိုသာ လွယ်လင့်တကူအကောင်အထည်ဖော်ခဲ့သည်ဟု ၎င်းကဆက်လက်ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ၀င်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်လုပ်ငန်းများတွင်ဖြစ်သည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တစ်ခုတည်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း၌ အမေရိကန်ဒေါ်လာ ငါးဘီလီယံဖိုးဝင်ရောက်ခဲ့ပြီး ထိုဘဏ္ဍာနှစ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၅၀ ရာခိုင်နှုန်းကျော်တန်ဖိုးဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်သော စာရင်းများ၌ ဖော်ပြထားသည်။

သို့သော်လက်ရှိအစိုးရလက်ထက်တွင် သယံဇာတတူးဖော်ထုတ်လုပ်ရောင်းချခြင်းကို အားမပေးဘဲ သတ္တု၊ကျောက်မျက်တူးဖော်ခြင်းကို ၂၀၁၆ ဇူလိုင်အတွင်းကစတင်ပြီး လုပ်ကွက်အသစ်ချပေးခြင်း ရပ်ဆိုင်းခဲ့သည်။ ထို့အပြင် ကျောက်မျက်ရတနာတူးဖော်သည့် လုပ်ကွက် ၂,၀၀၀ ကျော်အား သက်တမ်းတိုးပေးခြင်းကိုလည်း ရပ်ဆိုင်းခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အကြံပေးဦးဝင်းထိန်က ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးရှိ သတ္တုတူးဖော်ရေးနယ်မြေ ၁,၉၀၀ ခန့်အနက် ၉၀ရာခိုင်နှုန်းခန့်ကို ပြည်တွင်းပြည်ပကုမ္ပဏီများအား တူးဖော်ခွင့်ပေးခဲ့သည်။

အစိုးရသစ်က ထိုသို့သယံဇာတထုတ်လုပ်ရောင်းချမှုကန့်သတ်ခဲ့ခြင်းကလည်း နိုင်ငံတော်ဝင်ငွေကို ထိခိုက်စေခဲ့သည်။ ကမ္ဘာ့ရေနံ ဈေးကျဆင်းမှုကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတွင် ၀င်ငွေလျော့နည်းခဲ့သည်ဟု ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

ယခုအစိုးရလက်ထက်တွင် ယခင်လွှတ်တော်က ရေးဆွဲခဲ့သည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေ နှစ်ခုကို ပြုပြင်ပြောင်းလဲပြီး ရင်းနှီး မြှုပ်နှံမှု ဥပဒေတစ်ခုတည်းဖြင့် လုပ်ဆောင်ခဲ့သည်။ ထိုသို့ ဥပဒေ ပြုပြင်မှုလုပ်ဆောင်နေသည့် တစ်နှစ်ကျော်ကာလအတွင်း စီးပွားရေးသမားများက စောင့်ကြည့်နေသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တုံ့ဆိုင်းနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုနှင့် တိုင်းရင်းသားဒေသများကြား ပိုမိုပြင်းထန်သော တိုက်ပွဲများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများလည်း  စောင့်ကြည့်ဆဲကာလဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အများစုက ဆိုသည်။

ထို့အပြင်ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများကလည်း မြန်မာ့စီးပွားရေးကို ရိုက်ခတ်မှုများရှိခဲ့သည်။ ၂၀၁၆ တွင် အမေရိကန်ဗဟိုဘဏ်က အတိုး နှုန်းမြင့်တက်လာခြင်းကြောင့် အမေရိကန်ဒေါ်လာဈေးမြင့်တက် လာခဲ့သည်။ ဒေါ်လာဈေးမာလာခြင်းကြောင့် နိုင်ငံတော်တော်များများ ထိခိုက်နစ်နာမှုများရှိခဲ့သည်။ ထိခိုက်နစ်နာသည့် နိုင်ငံထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။

‘‘အတိုးနှုန်းပြင်လိုက်တော့ အမေရိကန်ဒေါ်လာ ဈေးသိပ်ခိုင်သွားပြီး ကမ္ဘာ့နိုင်ငံတော်တော် များများထိတယ်။ အာရှမှာ မြန်မာနဲ့ မလေးရှားက အဆိုးဆုံး ထိခိုက်သွားတယ်။ အင်ဒိုနီးရှားက ထိခိုက်မှုသိပ်မများခဲ့ဘူး’’ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ ၂၀၁၆ မတ်လ ၃၁ ရက်မှ ၂၀၁၇ ဇန်န၀ါရီလလယ်အထိ ဒေါ်လာငွေလဲနှုန်းတွင် ကျပ်ငွေတန်ဖိုးမှာ ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ထိုသို့ကျပ်ငွေတန်ဖိုးကျဆင်းခြင်းဒဏ် သည်လည်း မြန်မာ့စီးပွားရေးကို ထိုးနှက်မှုတစ်ခုဖြစ်ခဲ့သည်။

ထို့အတူ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်ခြင်း၊ တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများ အပါအ၀င် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက ငွေပြန်ဆွဲခြင်းတို့ကြောင့် စီးပွားရေးကျဆင်းနေခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။

‘‘စိတ်မကောင်းစရာက နှစ်အဆက်ဆက်၊ ခေတ်အဆက်ဆက်မှာ လျှပ်စစ်ကို လိုအပ်တာကို သိရဲ့သားနဲ့ မလုပ်ခဲ့တာ။ လာဘ်စားခဲ့တာ အများကြီး။ လူနည်းစု ချမ်းသာသွားတယ်။ ဒီငွေတွေက အခြေခံအဆောက်အအုံဖြစ်တဲ့ လျှပ်စစ်အတွက် လုပ်ရမယ့် ငွေတွေ’’ဟု ၎င်းကဆက်လက်ပြော သည်။

ယခုဘဏ္ဍာနှစ်တွင် အစိုးရအပြောင်းအလဲဖြစ်ပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုအချို့ကြောင့် ဘတ်ဂျက်ရသုံးငွေကွာခြားမှုများ၊ အခွန်ရရှိမှုနည်းခြင်း၊ ငွေကြေးဖောင်းပွမှု၊ ပို့ကုန်ရငွေနည်းပါးမှုနှင့် တရားမ၀င် ကုန်သွယ်မှုကြောင့် နိုင်ငံ့စီးပွားရေးတုံ့နှေးခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။ တရားမ၀င်ကုန်သွယ်မှုသည် လက်ရှိကုန်သွယ်မှု၏ ဆတူဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။

‘‘အဓိကအခက်အခဲက ဒေါ်အောင်ဆန်းစုကြည်အစိုးရက စစ်တပ်ကို မထိန်းနိုင်ဘူးလို့ မြင်နေကြတယ်။ စီးပွားရေးသမားက စီးပွားရေးလုပ်ဖို့က အာမခံချက်ရှိမှ လုပ်ကြမယ်လေ။ အခုအချိန်မရွေးဘာဖြစ်သွားနိုင်တယ်ဆိုတဲ့ အတွေးက ရှိနေဆဲပဲ။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ခိုင်မာတဲ့အချိန်ထိရောက်ဖို့ တုံ့ဆိုင်းနေကြတာပါ’’ဟု စင်ကာပူနိုင်ငံသားဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောသည်။

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရအနေဖြင့်ကျန်ရှိသည့် သက်တမ်းလေးနှစ်အတွင်း ထုတ်ကုန်တန်ဖိုးမြှင့်ရန်၊ စီးပွားရေးနှင့် သက်ဆိုင်သောဝန်ကြီးများ လုပ်ငန်းကျွမ်းကျင်ပြီး စွမ်းဆောင်ရည် ထက်မြက်လာအောင် ဆောင်ရွက်ပေးရန်၊ စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းစဉ်ကြန့်ကြာမှုများမရှိအောင် ဖြေလျှော့ပေးရန်နှင့်မူဝါဒများ ခိုင်ခိုင်မာမာချမှတ်ရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုသည်။

အစိုးရသစ်အနေဖြင့် အမေရိကန်က ပေးသည့် စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ပေးခြင်းကို အသုံးမချနိုင်သေးကြောင်း ဦးလှမောင်က ပြောသည်။ အကယ်၍ အစိုးရအနေဖြင့် အမေရိကန်ကို ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ် အသုံးချနိုင်ပါက စီးပွားရေးဖွံဖြိုးမှုသည် ဆယ်ဂဏန်းအထက်ရှိလာ နိုင်သည်ဟု ၎င်းက ပြောသည်။

နိုင်ငံအကျိုးရှိမည့် စီးပွားရေး စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ရန်အတွက် လက်ရှိ ပြည်ထောင်စုအဆင့်ဝန်ကြီးများက လုပ်ပိုင်ခွင့်မရကြောင်းနှင့် စီးပွားရေးတွင် ဗဟိုချုပ်ကိုင်မှုများနေကြောင်း ဦးလှမောင်ကပြောသည်။ စီမံကိန်းများအကောင်အထည်ဖော်ရန် ၀န်ကြီးဌာနများက လုပ်ပိုင်ခွင့်ချပေးရန် လိုအပ်သော်လည်း ဌာနတာဝန်ရှိသူအချို့က မလုပ်မရှုပ်ဝါဒကို ကိုင်စွဲနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘အစိုးရက နိုင်ငံရေးမှာသာ ဒီမိုကရေစီရတာ။ စီးပွားရေးမှာ ဒီမိုကရေစီမရသေးဘူး’’ဟု ဦးလှမောင်က ဆိုသည်။

အစိုးရ၏ စီးပွားရေးမူဝါဒ ထုတ်ပြန်ရန် နောက်ကျခဲ့ခြင်းကလည်း စီးပွားရေးတုံ့နှေးခဲ့ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပြီး နောက်လာမည့်ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရအနေဖြင့် ကြိုးနီ စနစ်များ လျှော့ချပေးခြင်းနှင့် အလုပ်သမားပြဿနာများကို တည်ငြိမ်အောင် ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်သင့်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

‘‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့တယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှု ယုံကြည်မှုမရှိလိုဖြစ်တာ’’ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ဘဏ္ဍာနှစ်တွင် GDP တန်ဖိုးမှာ ကျပ် ၈၄,၁၂၈ ဘီလီယံရှိပြီးနောက် လာမည့်ဘဏ္ဍာနှစ် ၂၀၁၇-၁၈ တွင် လက်ရှိထက် ၇ ရာခိုင်နှုန်း တိုးတက်ရန် အစိုးရက ခန့်မှန်းထားသည်။ လက်ရှိနိုင်ငံသားတစ်ဦး၏ အသားတင်ထုတ်ကုန်တန်ဖိုးမှာ တစ်နှစ်လျှင် ကျပ် ၁၆ သိန်းခန့်ရှိ ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ကျပ် ၁၇ သိန်းခန့်ဖြစ်လာမည်ဟု အစိုးရက ခန့်မှန်းထားသည်။

အစိုးရအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသည့် စီးပွားစနစ်ကို ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပြီး ထိန်းသိမ်းနိုင်မှသာ နောက်လာမည့်နှစ်တွင် ယခုမျှော်မှန်းသည့် ပမာဏကို ရရှိနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်လေးက ပြောသည်။

===========

Sources:7Day News Journal


No comments:

Post a Comment