Latest News

Wednesday, January 25, 2017

သမိုင်းအမှတ်မှားနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဟင်္သာတခရီးစဉ်များ

သမိုင်းအမှတ်မှားနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဟင်္သာတခရီးစဉ်များ


မိုးမြင့်ဝင်း (နည်းပညာ)

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်း အများအပြား ထွက်ပေါ်ခဲ့ပါပြီ။ အဲဒီနောက်ပိုင်း ဆောင်းပါး အတိုအထွာများနဲ့ ဗိုလ်ချုပ်အောင်ဆန်း ခရီးစဉ်တွေကို ရေးသားနေကြသေးတာလည်း တွေ့မြင်ဖတ်ရှုနေရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဟင်္သာတမြို့ခရီးစဉ် လေးကြိမ်သွား ရောက်ခဲ့ကြောင်း စာရေးသူတစ်ချိန်က ရေးပြဖူးပါတယ်။ အဲဒီနောက်ပိုင်း ရေးသားကြတာက ခရီးစဉ်သုံးကြိမ်သာ ဖော်ပြနေလို့ အမှန်ပြင်ဆင်ရေးသားမှ ဖြစ်တော့မယ်ဆိုပြီး ဒီစာကို ရေးရပါတယ်။ ဇလွန်တရားပွဲနဲ့ ဒေါင့်ကြီးတရားပွဲတွေက နေ့ဘက်လား၊ ညဘက်လားတောင် အမှတ်မှားနေကြတာ လေးတွေကို ပြင်ဆင်ပေးပါမယ်။
စာရေးသူဟာ ဟင်္သာတမြို့ဇာတိဖြစ်ပြီး ဇလွန်၊ ဟင်္သာတ၊ ဒေါင့်ကြီး၊ ကြံခင်းက ရှေးသခင်ဟောင်းကြီးတွေထံမှ မေးမြန်းစုဆောင်းခဲ့ပါတယ်။ လေ့လာဆန်းစစ်ပြီး ဗိုလ်ချုပ် သမိုင်းနဲ့ ချိန်ထိုးစစ်ဆေးမှုတွေကို ပြုခဲ့ပါတယ်။ သခင် အောင်ဆန်းဘ၀က တော်လှန်ရေးလုပ်ခဲ့ရာမှာ အထူးလျှို့ဝှက် ဆောင်ရွက်ရတဲ့ ကိစ္စများရှိနေလို့ မှတ်တမ်းမှတ်ရာများ နည်းပါးနေခဲ့တယ်။ နောင်အခါ မှတ်တမ်းတင်ကြရာ လွဲ ချော်မှုတွေ ရှိနေတယ်။ ဒါပေမဲ့ ၀ိုင်းဝန်းပြုပြင်ကြရင် အမှန်ကိုရောက်နိုင်တယ်။ စာရေးသူအနေနဲ့ မည်သူမည်ဝါ ရေးတာတွေ မှားနေပါတယ်လို့ ပုဂ္ဂလဓိဋ္ဌာန် မပြောလိုပါ။ အထောက်အထား အခိုင်မာဆုံး ဖြစ်လောက်တာတော့ ဗိုလ်ချုပ်ရဲ့ လျှို့ဝှက်တော်လှန်ရေးသမားဘ၀ကို အသင့်လျော် ဆုံးဖြစ်အောင် မှတ်တမ်းတင်ရပါမယ်။

သခင်အောင်ဆန်းရဲ့ ဟင်္သာတသို့ ပထမခရီးစဉ်

တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းဘ၀က ဌာနချုပ်ရှိရာ အမှတ် (၇၆) ရေကျော်လမ်း ပုဇွန်တောင်ရပ်ကွက်မှ ရန်ကုန်-ပြည် ဧရာဝတီနှစ်ထပ် သင်္ဘောစီးလို့ သွားရပါတယ်။ ဟင်္သာတခရိုင် ကွန်ဖရင့်ကို ၁၉၄၀ ပြည့်နှစ် မေလကုန်မှာသွားရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ သင်္ဘောပေါ်သို့ တိုက်ရိုက်မတက်ဘဲ ပုလိပ်စုံထောက်တွေကို ခြေရောဖျောက်လို့ သမ္ဗန်တစ်စင်းနဲ့ ကူးလာပြီး သင်္ဘောထွက် တော့မှ ဟိုဘက်ခြမ်းက အပြေးအလွှားတက်ရပါတယ်။ လိုက်ပါကြသူတွေက သခင်အောင်ဆန်း၊ ပုဇွန်တောင်လက်ရုံး တပ်ဗိုလ် ကိုတင်အောင်၊ ကျုံမငေး သခင်တင်မောင်နဲ့ ကြိုဆိုရေးအတွက် လိုက်ပါလာသူ ကြံခင်းသခင်လေးမြင့်တို့ လေးဦးဖြစ်ပါတယ်။
ခရီးစဉ်က ရန်ကုန်၊ တွံတေး၊ မအူပင်၊ ပန်းတနော်ဝ၊ ညောင်တုန်း၊ ဓနုဖြူ၊ အဖျောက်၊ ဇကာကြီး၊ ဇလွန်၊ ဒေါင့်ကြီး၊ သာဓုချောင်း၊ ဟင်္သာတကမ်းနားတွေမှာ သင်္ဘော ကပ်ပါတယ်။ နံနက် ၇ နာရီ သင်္ဘောထွက်လို့ ဓနုဖြူမှာ တစ်ညအိပ်တယ်။ နောက်တစ်နေ့ ဟင်္သာတမှာ တစ်ညအိပ်တယ်။ မြန်အောင်မှာ တစ်ညအိပ်ပြီး ပြည်မြို့ကိုရောက်တယ်။ ပြည်မြို့က ရေစုန်ခရီးမှာ ဟင်္သာတမှာတစ်ည အိပ်ပြီး ရန်ကုန်ကို နောက်တစ်ရက်မှာ ရောက်ပါတယ်။ စာရေးသူ အဲဒီခရီးစဉ်တွေကို ဌာနဆိုင်ရာအမှုထမ်းဘ၀နဲ့ မကြာခဏ ရောက်ဖူးပါတယ်။
တို့ဗမာအစည်းအရုံးမှာ နှစ်ပတ်လည်ညီလာခံကြီးတွေတော့ မြို့ကြီးတွေမှာလုပ်ပေမယ့် ခရိုင်ညီလာခံ (ကွန်ဖရင့်) ကို ဟင်္သာတမှာ လုပ်တယ်ဆိုတာကလည်း ရှားပါးတဲ့ လှုပ်ရှားမှုပါ။ ဟင်္သာတခရိုင်ရဲဝန် DSP
 မစ္စတာဇေးဗီးယား ရဲ့ ရန်ကြောင့် ခရိုင်ညီလာခံကို ဇလွန်မြို့မှာ လုပ်ရတာပါ။ ၁ ဇွန်လ ၁၉၄၀ နေ့ နေ့လယ်ဘက်မှာ ဇလွန်ညီလာခံ စတင်ပါတယ်။ ၃ ရက်နေ့ ညီလာခံပြီးတော့ ဒေါင့်ကြီးမြို့က ဗိုလ်ချုပ်ရဲ့မိန့်ခွန်းကို နာကြားဖို့ တစ်ရက်ဖိတ်ကြားလို့  ညဘက်မှာ အောက်လင်းဓာတ်မီးတွေထွန်းလို့ ဒေါင့်ကြီး တာဆုံမှာ ဟောပြောရပါတယ်။

တက်ကြွတဲ့ တို့ဗမာအစည်းအရုံး

သာယာဝတီ သခင်ချစ်မောင် (နောင်-၀ိဓူရ) က လယ်သမားတွေ ၂၀၀၀ လောက်ကို ဇလွန်သို့ ခေါ်လာတယ် လို့ သူကိုယ်တိုင်ရေးတဲ့ စာတွေမှာ ပါလာတယ်။ သာယာဝတီ ခရိုင်က လယ်သမားတွေ လက်ပံတန်းမြို့ကို လာရမယ်။ မီးရထားနဲ့ ၂၄ မိုင် စီးနင်းလျှင် ဧရာဝတီမြစ်ကမ်း သာရဝေါ ကို ရောက်မယ်။ ဟင်္သာတကို ကူးတို့နဲ့ ကူးရမယ်။ ဟင်္သာတ က ဇလွန်ကို ကားလမ်းမပေါက်သေးပါ။ ဧရာဝတီမီးသင်္ဘော ၁၅ မိုင်စီးပါမှ ဇလွန်ကိုရောက်မယ်။ သခင်ချစ်မောင်က တစ်ပတ်ကြာကြာ လူခွဲပြီး ချီတက်ကြရတယ်လို့ ပြောခဲ့ပါ တယ်။ ဇလွန်မှာ ဟောပြောသူတွေက သခင်အောင်ဆန်း၊ သခင်ချစ်မောင်နဲ့ ဇလွန်ဇာတိ သခင်မြသန်း (စာရေးဆရာ) တို့ ဖြစ်ပါတယ်။
၃ ရက်နေ့ ဒေါင့်ကြီးတရားပွဲကတော့ အများသိကြတဲ့အတိုင်း ခရိုင်ရဲဝန်ကြီး တားမြစ်ထားတဲ့ ချင်းတောင်ပုန်ကန်မှုကို သခင်အောင်ဆန်း ဟောပြောမိလို့ ရာဇ၀တ်သင့်တာတော့ ရေးကြတာ အငြင်းမပွားကြပါဘူး။ ဘယ်မှာ ငြင်းခုံ ကြရသလဲဆိုတော့ သခင်အောင်ဆန်းတို့လေးဦး ရန်ကုန်ကို ဘယ်လိုပြန်ရောက်ကြသလဲ ဆိုတာပါပဲ။ တချို့ကလည်း ရဲဝန်ထောက် ဦးလှတောက ယုန်သလင်းရွာက မန်းဘခိုင် စီစဉ်ပေးတဲ့ ငှက်ပျောလှေကြီးနဲ့ ပြန်ပို့လို့ ရန်ကုန်ကိုရောက် လာတယ်လို့ ခရီးစဉ်နှစ်ခုလုံးကို လုံးချလိုက်တယ်။ အဲဒါ မှားနေကြတာပါ။
ညဘက်တရားပွဲပြီးတော့ လူစုလူဝေးကို အကာအကွယ်ယူပြီး ဒေါင့်ကြီးဆိပ်ကို ရောက်လာတယ်။ ကျုံမငေး သခင် တင်မောင်နဲ့ ကြံခင်း သခင်လေးမြင့်က ဟင်္သာတဘက် ကိုသွားမယ်။ သခင်အောင်ဆန်းနဲ့ သခင်တင်အောင်က ရန်ကုန်ဘက်ကို သွားမယ်။ ဒေါင့်ကြီးဆိပ်ကမ်းက လေးဦးစလုံး ဟင်္သာတဘက်ကို စီးလာတယ်။ ဒေါင့်ကြီးအထက်က သာဓုချောင်းရွာဆိပ်ကမ်းမှာ သခင်အောင်ဆန်းတို့ နှစ်ဦး ဆင်းကြတယ်။ သင်္ဘောက သာဓုချောင်းကို ည ၁၀ နာရီ ရောက်တယ်။ ဟင်္သာတမှာ ညအိပ်မယ့် သင်္ဘောကို သခင် အောင်ဆန်းတို့ ပါလာမှာပဲဆိုပြီး ပုလိပ်စုံထောက်တွေက မဲကြတာပေါ့။ သခင်အောင်ဆန်းတို့ နှစ်ဦးက သာဓုချောင်းမှာ ဆင်းပြီး တစ်ညခိုနေတယ်။ နောက်တစ်နေ့နံနက် ဟင်္သာတက ရန်ကုန်ကို စုန်လာတဲ့ သင်္ဘောကို သာဓုချောင်း ရွာကပဲ စီးလိုက်ကြတယ်။
ကျုံမငေး သခင်တင်မောင်တို့က လူအုပ်ကောင်းကောင်း နဲ့ ဟင်္သာတဘက်ကို ဆက်သွားတော့ ပုလိပ်စုံထောက်တွေ မျက်စိလည်ပြီး လိုက်သွားတာ သခင်အောင်ဆန်းတို့ကို မမီတော့ဘူး။ ရန်ကုန်အစုန် သင်္ဘောမှာပါလာတဲ့ သခင် အောင်ဆန်းတို့က နေ့လယ်စာမစားကြရဘဲ ငွေတစ်ကျပ်ပဲ စရိတ်ရှိတယ်။ ကနစိုးသီးတစ်တွဲသာ စားကြရတယ်။ ဓနုဖြူကသခင်တွေ စီစဉ်ပေးလို့ ညစာထမင်းထုပ်တွေ စားရတယ်။ နောက်တစ်နေ့မှ ရန်ကုန်ရောက်လာတော့ သခင်အောင်ဆန်းရဲ့ အိပ်ရာလိပ်ကို လန်ချားနဲ့ ရေကျော်ဌာနချုပ်ကို သခင်တင်အောင် (လက်ရုံးတပ်ဗိုလ်)က ယူလာရတယ်လို့  သခင်တင်အောင်က ရေးပြဖူးတယ်။ သခင်အောင်ဆန်း က ဌာနချုပ်ကို မ၀င်တော့ဘဲ ခြေရာဖျောက်ခဲ့တယ်။

ဒုတိယအကြိမ် ဟင်္သာတခရီးစဉ်

အိုးဝေဂျာနယ် အမှတ် (၇၇)၊ ၁၅ အောက်တိုဘာ ၁၉၇၁ နေ့ထုတ်မှာ ကျုံမငေး သခင်တင်မောင်ရေးတဲ့ ဆောင်းပါးအရ ငွေကြေးပြတ်လပ်လို့ငွေရှာသွားတဲ့ ဒုတိယ အကြိမ် ဟင်္သာတခရီးစဉ်မှာ သခင်အောင်ဆန်းပါလာပြန်တယ်။ သခင်တင်မောင်ဟာ ဖဆပလအစိုးရအဖွဲ့ ၀န်ကြီးဟောင်းဖြစ်လို့ သူရေးတာတွေက ခိုင်မာပုံရတယ်။ ဟင်္သာတခရိုင် DSP ရဲဝန်ရဲ့ အစိုးရကို အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၂ (က) နဲ့ ၅ ကျပ်တန် ဖမ်းဝရမ်းကို သခင်အောင်ဆန်း ရှောင်တိမ်းနေရတယ်။ သာယာဝတီ သခင်ခင်အောင်အိမ်မှာ ပုန်းနေတဲ့ သခင်အောင်ဆန်း၊ သခင်နု။ ဒေါ်မြရီတို့အိမ်မှာ ပုန်းနေတဲ့ ဗိုလ်လက်ျာနဲ့ နဂါးနီ သခင်ထွန်းရွှေအိမ်မှာ ပုန်းနေတဲ့ သခင်တင်မောင် (ကျုံမငေး) တို့ဟာ အချင်းချင်း လူငယ်ဆက်သားတွေ စေလွှတ်ပြီး ညဘက်မှာ ဆက်သွယ်နေ ကြရတယ်။ ၁၉၃၉ ခုနှစ်မှာ ဥရောပစစ်ကြီး စတင်နေပြီ။ နယ်ချဲ့အစိုးရ "ကာကွယ်ရေးပုဒ်မ ၃၈" အရ နိုင်ငံရေးသမားတွေကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်နှစ်စီချနေပြီ။ ဒါပေမဲ့ သခင်အောင်ဆန်းနဲ့ သခင်တင်မောင်တို့ဟာ ရေလမ်းခရီးနဲ့ ဟင်္သာတ၊ ဇလွန်ကို သွားကြပြန်တယ်။ ငွေပြတ်လို့ စွန့်စားရတာပါ။
ဇလွန် သခင်နီက ကြိုတင်စီစဉ်ပေးလို့ ဇလွန် သခင်လှထွန်းထံမှ ရူပီးငွေ ၈၀၀ ရတယ်။ ဟင်္သာတရောက်တော့ အထည်ကုန်သည် ကိုသိန်းဟန်၊ မစောတင် (ရန်ကုန်ပိုးထည်တိုက်) က ငွေ ၄၀၀ ရလို့ ရန်ကုန်ပြန်ပြီး နိုင်ငံရေးလှုပ်ရှားဖို့ လုံလောက်ကြပါပြီ။ အဲဒီခရီးစဉ်မှာ ဟင်္သာတမှာ လမ်းပေါ် ဆေးရွက်ကြီးလှန်းတဲ့ ကိစ္စတွေ သခင်အောင်ဆန်း မြင်ခဲ့တယ်။ ဟင်္သာတဈေးနားက သခင်စိန်ဦးအိမ်မှာ တည်းခိုကြတယ်။ ရင်းနှီးတဲ့ ဇကာတန်းသူ မရင်အေး (နာမည်လွှဲ) ကို သခင်တင်မောင်က သခင်အောင်ဆန်းနဲ့ ဘ၀ကြင်ဖော်အဖြစ် မိတ်ဆက်ပေးတဲ့ ဖြစ်စဉ်တစ်ခု အဲဒီခရီးစဉ်မှာ ပါလိုက်သေးတယ်။ သခင်တင်မောင်ရေးပြတဲ့ "တို့ဗမာသူတို့ သား ငါးယောက်" စာအုပ်ထဲမှာ အထင်အရှားပါခဲ့တယ်။ နေ့စွဲမသိရပေမယ့် ဂျပန်မသွားခင်က အဖြစ်အပျက်ပါ။ မျိုးချစ်စိတ်ရှိသူ မရင်အေးက သခင်အောင်ဆန်းကို ငွေ ၂၀၀ ပေးလိုက်တယ်လို့ ဆိုပါတယ်။
မရင်အေး (နာမည်လွှဲ) ရဲ့ အခြေအနေကို စာရေးသူ လေ့လာကြည့်ပြန်တော့ သခင်အောင်ဆန်းနဲ့ အဆက်အသွယ် ပြတ်ပြီး ဗိုလ်ဘသိန်းနဲ့ လက်ထပ်ခဲ့တယ်။ အိန္ဒိယသို့ လေထီးတပ်သားအဖြစ် သွားရောက်ရင်း ဂျက်ဆိုးမြို့မှာ လေယာဉ်ပျက်ကျလို့ သေဆုံးကြတဲ့ သခင်ဗိုလ်၊ ကိုစောဦးနဲ့  ဗိုလ်ဘသိန်း (ဟင်္သာတ)တို့အကြောင်း ဆရာသိန်းဖေမြင့် ရဲ့ "စစ်အတွင်းခရီးသည်၊ (မြန်မာ့တမန်)" မှာ ပါလာပြန်တယ်။ ဗိုလ်ဘသိန်းနဲ့ လက်ထပ်တဲ့ မရင်အေး (အမည်လွှဲ) ဟာ နောက်အိမ်ထောင်ပြုပြီး ဇာတ်မြှုပ်နေထိုင်တယ်လို့တော့ ဟင်္သာတက သခင်မကြီး ဒေါ်မြင့်မြင့် ပြောပြဖူးတယ်။ မျိုးချစ်စိတ်ရှိသူ မရင်အေးဟာ ကိုအောင်ဆန်းနဲ့လည်းလွဲ၊ ကိုဘသိန်းနဲ့လည်း သေကွဲကွဲခဲ့ရတယ်။
အဲဒီ ဒုတိယခရီးစဉ်မှာ ရန်ကုန်ပြန်ဖို့မလွယ်လို့ သခင်တင်မောင်နဲ့ ရင်းနှီးသူ ဟင်္သာတရဲဝန်ထောက် ဦးလှတောရဲ့ ဇနီး ဒေါ်ခင်ခင်ဦး (မာရီလှတော) တို့က ယုန်သလင်းရွာကို ခေါ်လာပြီး မန်းဘခိုင်ထံ အပ်နှံတယ်။ ရန်ကုန်ကိုပို့တဲ့ ငှက်ပျောသီးလှေကြီးနဲ့ ရန်ကုန်မြို့ ရေကျော်လမ်းပါတီဌာနချုပ်ကို ဘေးကင်းရန်ကင်း ပြန်ရောက်ကြတာတော့ အများသိပြီးဖြစ်ပါတယ်။ ပထမခရီးစဉ်က သာဓုချောင်းကစီးလာတဲ့ သင်္ဘောနဲ့ ရန်ကုန်ပြန်ရောက်တယ်။ ဒုတိယခရီးစဉ်က ငှက်ပျောလှေထဲလိုက်လာလို့ ပြန်ရောက်တယ်။ အဲဒါကို အခု ခွဲခြားပြတာပါ။ တော်လှန်ရေးသမားဘ၀ တိမ်မြုပ်နေတဲ့ သခင်အောင်ဆန်းရဲ့ ဇာတ်လမ်းပါပဲ။

တတိယအကြိမ် ဟင်္သာတခရီးစဉ်

သခင်အောင်ဆန်းနဲ့ သခင်လှမြိုင် (ဗိုလ်ရန်အောင်) တို့ဟာ အဲဒီနှစ် ဩဂုတ်လမှာ ဗိုလ်လက်ျာ စီစဉ်ပေးမှုအရ ဂျပန်အုန်းသီးတင်သင်္ဘော ဟိုင်းလီနဲ့ တရုတ်ပြည် အမွိုင် ဆိပ်ကမ်းကို ရောက်ခဲ့တယ်။ တိုကျိုမြို့ကိုရောက်တော့ မြန်မာပြည်သိမ်း စီမံချက်ကို အင်္ဂလိပ်လို ရေးပြနိုင်တယ်။ ဂျပန်စစ်တပ်က ရဲဘော် ၃၀ ကို ခေါ်ယူလို့ စစ်ပညာသင်ပေး မယ်။ လက်နက်တပ်ဆင်ပေးမယ် ဆိုတာတော့ အများသိပြီး ဖြစ်ပါတယ်။
သခင်အောင်ဆန်း ရဲဘော်များကို အုပ်စုခွဲခေါ်ဖို့ ခရီးစဉ်က ၁ မတ်လ ၁၉၄၁ နေ့မှာ ဆန်တင်သင်္ဘော ရွှန်တင်မာရုနဲ့ ပုသိမ်ကိုရောက်လာတယ်။ သမိုင်းတွေမှာ ပုသိမ်က ရန်ကုန်ကို တရုတ်ပုံစံရုပ်ဖျက်ပြီး မီးရထားနဲ့ မတ်လ ၃ ရက်နေ့မှာ ရောက်လာကြောင်းပဲပါတယ်။ အဲဒါကို အပြည့်အစုံရေးရမယ်ဆိုရင် ဟင်္သာတသားများ ပြောဆိုပုံအရ ပုသိမ်က နံနက် ၅ နာရီခွဲထွက်တဲ့ ကြံခင်း စာပို့ရထား စီးလာရင် ဟင်္သာတကို နံနက် ၁၁ နာရီရောက်မယ်။ သာရဝေါကူးတို့နဲ့ သာရဝေါမှ နေ့လယ် ၂ နာရီထွက်တဲ့ ရထားပဲ စီးစရာရှိတယ်။  အဲဒီ သာရဝေါလော်ကယ်က ည ၉ နာရီမှာ ရန်ကုန်ဘူတာကြီးကို ဆိုက်တယ်။ (အခုတော့ ကြည့်မြင်တိုင်ဘူတာမှာ ဆိုက်တယ်) ကမာရွတ်ဘူတာက ဆင်းလျှင် သခင်မြနေအိမ်ကို အမြန်ရောက်နိုင်တယ်။ ပုသိမ်-ရန်ကုန် တစ်ရက်ခရီးကို သုံးရက်ကြာတယ်ဆိုတာ ဟင်္သာတဈေးကြီးထိပ်က သခင် စိန်ဦးအိမ်မှာ နှစ်ရက်လောက် တည်းခိုနေနိုင်တယ်လို့ ဆိုကြတယ်။ ဟင်္သာတဈေးသူ ဈေးသားတွေက သခင်အောင်ဆန်းကို မကြာခဏ မြင်ဖူးကြတယ်။ ရာဇ၀တ်ဘေးရှိလို့ သခင်အောင်ဆန်းကို အမှတ်တမဲ့နေကြရတယ်လို့၊ ကျွန်တော့်အဘွားက ပြောပြဖူးတယ်။ ရန်ကုန်ဌာနချုပ်မှာ ခြောက်ရက်ခန့် စီစဉ်ကြတယ်။ ၉ မတ်လ ၁၉၄၁ နေ့မှာ သခင်အောင်ဆန်းက ပုသိမ်က ဆန်တွေလာတင်တဲ့ ရွှန်တင်မာရု သင်္ဘော ဂျပန်ကို အပြန်ခရီးမှာ ဗိုလ်လက်ျာ၊ ဗိုလ်မိုး၊ ဗိုလ်လရောင်၊ ဗိုလ်ရန်နိုင်တို့ လေးယောက်ကို လျှို့ဝှက်ခေါ် ဆောင်သွားနိုင်တယ်။ ဒါက တတိယအကြိမ် ဟင်္သာတမြို့ကို ဖြတ်သွားတဲ့ ခရီးစဉ်ပါ။

စတုတ္ထအကြိမ် ဟင်္သာတခရီးစဉ်

အဲဒီ ခရီးစဉ်ကတော့ ဗိုလ်ချုပ်အောင်ဆန်း စစ်ဝန်ကြီး ဘ၀နဲ့ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတခရီးစဉ် ဖြစ်ပါတယ်။   ရာထူးအာဏာအပြည့်နဲ့ လာရောက်တဲ့ တရားဝင်ခရီးစဉ် ဖြစ်ပါတယ်။ ကရင်-ဗမာ ချစ်ကြည်ရေး ခရီးစဉ်ပါ။ ဗိုလ်ချုပ်နဲ့အတူ ဇနီး ဒေါ်ခင်ကြည်၊ ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်ကြီး စောစံဖိုးသင်၊ ဗိုလ်မှူး ရဲထွဋ်တို့ ၃ စက်တင်ဘာ ၁၉၄၄ နေ့မှာ ပုသိမ်မြို့သို့ ရောက်ရှိပြီး "သွေးစည်းညီညွတ်ရေး တရား"ကို ဟောခဲ့တယ်။ ၇ ရက်နေ့မှာ ဗိုလ်မှူးကြီးဇေယျနဲ့ ဒုဗိုလ်သိန်းဆွေတို့ပါ လိုက်လာပြီး မြောင်းမြမြို့မှာ ကရင်-ဗမာ စည်းရုံးရေးလုပ်ခဲ့တယ်။ ကန်ကြီးဒေါင့်မြို့ကို ရောက် လာပြီး ဒါးကချောင်းမှာ လှေပြိုင်ပွဲကို ကြည့်ရှုခဲ့တယ်။ ပုသိမ်မြစ်အတွင်းက လှေပြိုင်ပွဲမဟုတ်ပါ။ အဲဒီ ဒါးကချောင်း က လှေပြိုင်ပွဲကို ဆောင်းပါးရှင်တစ်ဦးက ရေးပြဖူးတယ်။ ဗိုလ်ချုပ်မိန့်ခွန်းမှာပါရှိတဲ့ ပုသိမ်နယ်က လှေပြိုင်ပွဲဆိုတာ ဒါပါပဲ။
၁၀ ရက်နေ့မှာ ဟင်္သာတမြို့ မင်္ဂလာညွန့်ရုပ်ရှင်ရုံမှာ ခရိုင်ဝန် ဦးချစ်ဆွေ သဘာပတိလုပ်ခဲ့လို့ ဗိုလ်ချုပ်ဆောင်ဆန်း မြို့လူထုကို တရားဟောတယ်။ ပုသိမ်ဘက်က လှည့်ပြန်ပြီး ရန်ကုန်ကိုပြန်ရောက်ခဲ့တယ်။ ဒါက ပုသိမ်က ဟင်္သာတကို လှည့်ဝင်တဲ့ စတုတ္ထခရီးပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဧရာဝတီတိုင်းအနှံ့ သွားရောက်ခဲ့ပေမယ့် နိုင်ငံရေးလုပ်ဖော် ရဲဘော်ရဲဘက်တွေဟာ ဟင်္သာတခရိုင်မှာပဲ များနေသလို ဖြစ်တယ်။ ဟင်္သာတနဲ့ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းဟာ ခွဲခြားဖို့ ခက်နေပါတယ်။ အမှတ်မှားတာတွေလည်း အမှန်ကို ရောက်လောက်ပါပြီ။

The Myanmar Times Daily Newspaper - Myanmar Version

No comments:

Post a Comment