Latest News

Sunday, January 22, 2017

ရသစာပေတွေ ဖတ်ရင် အသိကြွယ်ရုံတင်မကသေးဘူး နှလုံးသား ခံစားမှု မျှတစေတယ်

ရသစာပေတွေ ဖတ်ရင် အသိကြွယ်ရုံတင်မကသေးဘူး နှလုံးသား ခံစားမှု မျှတစေတယ်


လယ်တွင်းသားစောချစ်

မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ၌ စာအုပ်ကောင်းများ ပိုမိုကြွယ်ဝပြည့်စုံလာရေး၊ မြန်မာလူငယ် စာဖတ်သူများ၏ စာဖတ်ဝါသနာ ပြုစုပျိုးထောင်ပေးနိုင်ရေး၊ စာဖတ်ခြင်းဖြင့် လောကအကြောင်း လူ့အကြောင်းကိုလည်းကောင်း၊ မိမိသဘော သူတစ်ပါးသဘောကို လည်းကောင်း သိရှိနားလည်ကာ ဉာဏ်အမြော်အမြင်ရှိ၍ စိတ်ထားပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ စာပေဆိုင်ရာ အစီအစဉ်အရပ်ရပ်ပါဝင်သော စာပေပွဲတော်များ ကျင်းပသည့် ဓလေ့အစဉ်အလာတစ်ရပ် ထွန်းကားရေး စသည့်ရည်ရွယ်ချက် များဖြင့် နိုဘယ်လ်-မြန်မာ စာပေပွဲတော်ကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သည်။

နိုဘယ်လ်-မြန်မာစာပေပွဲတော်ကို ၂ဝ၁၅ ခုနှစ်တွင် စာပေနှင့်ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် စတင်ကျင်းပခဲ့သည်။ ၂ဝ၁၆ ခုနှစ်တွင် ကလေးစာပေဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး နောက် ယခုနှစ်တွင်မူ ရသစာပေ ထွန်းကားရေး ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ယင်းကြောင့် ရသစာပေကို အဓိကထားကျင်းပရသည့် ရည်ရွယ် ချက်များ၊ ရသစာပေ၏ အကျိုးကျေးဇူးများနှင့် ရသစာပေပွဲတော်အပေါ် စာရေးဆရာကြီးများ၊ စာပေထုတ်ဝေသူများ၊ စာဖတ်ပရိသတ်များ၏ သဘောထားအမြင်များကို ဖော်ပြလိုက်ပါသည်။

စည်သူဦးသော်ကောင်း
(ဥက္ကဋ္ဌ၊ အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီ )

ဒီနှစ်ကတော့ တတိယအကြိမ်ပေါ့လေ။ ဆရာတို့ ပထမနှစ်ကတည်းက လာပါတယ်။ အများကြီးလည်း အောင်မြင်ပါတယ်။ အထူးသဖြင့် ဒီနှစ်က ရသစာပေပေါ့။ ရသစာပေက မြန်မာပြည်မှာ နည်းနည်းတော့ ကျဆင်းနေတယ်။ ဝတ္ထုတို့၊ ပြဇာတ်တို့ ပြဇာတ်ဆိုရင်ရေးတဲ့သူ နည်းသွားပါပြီ။ ကဗျာကတော့ အသင့်အတင့်ရှိတာပေါ့။ ဝတ္ထုမှာလည်း ဝတ္ထုတိုတွေက များတယ်။ ဝတ္ထုရှည်ရေးတဲ့သူ နည်းနည်းသွားတယ်။ ဒီလိုရသစာပေတွေကို အားပေးပြီးတော့ ဒီလိုပွဲတော်လုပ်တယ်ဆိုတာ ဆရာတို့ အများကြီးဝမ်းသာပါတယ်။ အားလည်းပေးချင်ပါတယ်။ ပြန်ပြီးတော့ ထွန်းကားစေချင်တယ်။ ဖြစ်လည်း ဖြစ်လာမှာပါ။ တစ်ဖက်ကလည်း စာအုပ်ပွဲတော်တွေလုပ်တယ်။ စာအုပ်ဈေးတန်းတွေ သိမ်ဖြူလမ်းမှာလုပ်တယ်။ စာကြည့်တိုက်တွေ ထွန်းကားအောင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပါ အားပေးပြီးတော့ ရွေ့လျား စာကြည့်တိုက်ဆိုပြီး ကျေးလက်အထိရောက်အောင် ပို့ပေးတယ်။ ရွေ့လျား စာကြည့်တိုက်တွေမှာလည်း ဆရာတို့အနေနဲ့ ရသစာပေအများကြီး ထည့်ပေးချင်တယ်။ များများထွက်လာပြီးတော့ ရေးတဲ့သူလည်း များလာပြီဆိုရင် ဖတ်တဲ့သူလည်းများလာအောင် ဆရာတို့က လုပ်ပေးချင်တယ်။ ဒီလိုပွဲတော်လုပ်တာက ဆရာ့အနေနဲ့ အထူးဝမ်းသာပါတယ်။ နှစ်တိုင်းလုပ်နိုင်အောင် ကြိုးစားကြပါလို့လည်း ပြောချင်တယ်။

စာရေးဆရာ လယ်တွင်းသားစောချစ်

စာဖတ်တဲ့သူ ဘယ်သူမဆို ကိုယ်ဖတ်လိုက်တဲ့ ဇာတ်ကောင်ကို ကိုယ့်စိတ် အာရုံမှာ ဖန်တီးရတာ အင်မတန်မှကို နှစ်ခြိုက်စရာကောင်းတယ်။ ဝတ္ထု ရသစာပေဖတ်ရတာ ထူးခြားမှုရှိတယ်။ ကိုယ်တိုင်လည်းပဲ ဖန်တီးပြီးတော့ ဖတ်ခွင့်ရတယ်။ အဲဒီအရသာကို ခံစားမိပြီးရင် လူတွေလက်မလွှတ်ချင်ပါဘူး။ ဒီနေ့အားနည်းသွားတယ်လို့ ဆရာကိုယ်တိုင်ပြောတဲ့ ရသစာပေတွေ ပျောက်ကွယ်မသွားနိုင်ပါဘူး။

ဒါပေမယ့်လို့ ပျောက်ကွယ်မသွားနိုင်ဘဲ အားနည်းနေတဲ့ အခါမှာ ရသစာပေကို မြတ်နိုးတဲ့သူတွေကတော့ အခုလိုပဲ စာတမ်းတွေဖတ်၊ ဒီလိုပွဲတော်မှာ ရသစာပေကို ဟိုက်လိုက်လုပ်ပြီး ရသစာပေတွေ ဖတ်ကြဖို့ နှိုးဆော်တာတို့လုပ်သင့်ပါတယ်။ လုပ်ရမှာပါ။ အားနည်းသွားမှာ စိုးလို့၊ လျော့သွားမှာစိုးလို့၊ အားပြန်ကောင်းစေချင်လို့။ ဘာဖြစ်လို့လဲဆိုတော့ ရသစာပေနဲ့ သုတစာပေမှာ သုတစာပေက အသိကြွယ်တယ်။ အသိတရား ဆိုင်ရာ အချက်အလက်တွေရတယ်။ ရတော့ အဲဒါတွေကို သုံးသပ်ဆင်ခြင်နိုင် ရင် နှိုင်းနှိုင်းယှဉ်ယှဉ် သုခမိန်ဆိုတဲ့ ဉာဏ်ပညာဖြစ်တယ် သုတအရ။ ရသကျတော့ ခံစားပြီးတော့ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်။ ဒီထက်ကျယ်ပြန့်တော့ ရုပ်ရှင်၊ သဘင်၊ ပြဇာတ်၊ ဂီတတို့ကို နှစ်သက်ခြင်းနဲ့တကွ ခံစားရတယ်။ ခံစားပြီးတော့ အဲဒါလေး က စွဲစွဲမြဲမြဲ မှတ်သားမိတယ်။ ပိုပြီးတော့ခိုင်မာတယ်။ နှလုံးသားကတစ်ဆင့် ဦးနှောက်အသိ စွဲမြဲတဲ့အသိရတယ်လို့ဆိုတယ်။ ရသစာပေတွေ ဖတ်ရင် အသိကြွယ်ရုံတင်မကသေးဘူး။ နှလုံးသားခံစားမှု မျှတစေတယ်။ နှလုံးသား မျှတရင် ရက်စက်ကြမ်းကြုတ်မှုတွေ လျော့နည်းသွားမယ်။ မျှတတဲ့ နှလုံးသား၊ မျှတတဲ့ ခံစားမှုရှိမှ အသင့်အတင့်နှလုံးသွင်းနိုင်မယ်။ အဲဒါတွေက ရသစာပေက ပေးနိုင်တဲ့ စွမ်းရည်တွေပါပဲ။ သုတစာပေတွေကို ဖတ်သလို ရသစာပေတွေကိုလည်း ဖတ်စေချင်ပါတယ်။

စာရေးဆရာ မြဝင်း(ဒဿန)

စာပေပွဲတော်က မြန်မာလူမျိုးတွေအတွက် အင်မတန်မှလိုအပ်တဲ့ စာပေပွဲတော်တစ်ခုပါ။ အားလုံးကသိတဲ့အတိုင်းပဲလေ။ ဆရာတို့နိုင်ငံမှာ စာဖတ်တဲ့ အလေ့အထက နည်းလာတယ်။ နည်းလာတဲ့အခါကျတော့ ဒီလိုပွဲတော်တွေ လုပ်ခြင်းအားဖြင့် ဟောပြောကြတဲ့ပုဂ္ဂိုလ်တွေကို နားထောင်ခြင်းအားဖြင့်၊ ဖွင့်လှစ်ထားတဲ့ ညစာအုပ်ဆိုင်တွေကို ကြည့်ခြင်းအားဖြင့် စာဖတ်ခြင်းအလေ့ အထအထိုက်အလျောက်ပေါ် လာလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ ဒီနေ့ လူငယ်တွေက စာဖတ်တာ တော်တော် နည်းသွားကြတယ်။ ဒီလိုပွဲမျိုးလုပ်ခြင်းအားဖြင့် စာဖတ်သင့်တာပြောမှ သူတို့က သိလာမှာပါ။ မင်းစာဖတ်ပါလို့ ပြောလို့မရဘူးလေ။ ဒီလိုစာပေမျိုးက လောကကို အလှဆင်တဲ့စာပေတွေ၊ လောကရဲ့ဘဝကို သိတဲ့စာပေတွေ ဒီစာပေမျိုးတွေ ဖတ်သင့်တယ်ဆိုတာကို နိုဘယ်လ်ပွဲတော်ကနေ အထိုက်အလျောက် အသိရသွားမယ်လို့ထင်ပါတယ်။

ဒါကြောင့် နိုဘယ်လ်ပွဲတော်ဟာ နှစ်စဉ်နှစ်တိုင်းလုပ်သင့်တဲ့ပွဲဖြစ်တယ်။
ဒီခေတ်က သတင်းအချက်အလက်တွေကိုပဲ စိတ်ဝင်စားကြတော့ ဝတ္ထုတစ်ပုဒ်ကို စွဲစွဲမြဲမြဲ ဖတ်ဖို့ရာအတွက်၊ လူငယ်တွေဟာ သူပေးတဲ့ ရသကို ခံစားဖို့ရာအတွက် အချိန်ကို သိပ်မပေးနိုင်တော့ဘူး။ ကဗျာလည်း ကဗျာမို့လို့၊ ပြဇာတ်လည်း ပြဇာတ်မို့လို့၊ ဝတ္ထုလည်း ဝတ္ထုမို့လို့ ဒီလိုရသစာပေတွေကစွဲမြဲ သွားစေတယ်။ စာဖတ်ခြင်းက ဘဝအသိဉာဏ်ကိုလည်း တိုးတက်စေတယ်။ စိတ်နှလုံးကိုလည်း ရင့်ကျက်ပြီး နူးညံ့စေတယ်။ ကိုယ်ချင်းစာစိတ်လေးတွေ ဖြစ်ပေါ်စေတယ်။ ဒီသဘောလေးပါ။

စာရေးဆရာ ချစ်ဦးညို

ရသနဲ့ ပတ်သက်လာရင် ရသကိုးပါးရဲ့ခံစားချက်က အပြင်မှာတင် မဟုတ်ဘူး။ လူတိုင်းရင်ထဲမှာရှိတယ်။ အဲဒီခံစားချက်ကိုးမျိုးကို အပြင်ကနေ စာရေးဆရာက ဆွဲကိုင်လှုပ်လိုက်တဲ့အခါမှာ ရယ်ခြင်း၊ ငိုခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်း၊ ကြောက်ခြင်းဆိုတာတွေ ပေါ်ထွက်လာတယ်။ ပေါ်ထွက်လာပြီးတဲ့ ရသနောက်မှာမှ အသိဉာဏ် ဆင်ခြင်တုံတရားဆိုတာတွေ တစ်ခါတည်း ကပ်ပါလာအောင် စာရေးဆရာက စေတနာကြီးစွာနဲ့ ရေးလိုက်တဲ့အခါမှာ စာဖတ်သူက ငိုရင်းကနေပြီးတော့ အသိဉာဏ်ထွက်လာတယ်။ ရယ်ရင်းက နေပြီးတော့ အသိဉာဏ်တွေကြီးလာတယ်။ အဲဒါက စာပေရဲ့တာဝန်ပဲ။ ပြီးတော့ အခုခေတ် လူငယ်တွေ စာဖတ်အားမနည်းရှာပါဘူး။ လူငယ်တွေ တော်ကြပါတယ်။ အခု နိုဘယ်လ်ပွဲတော်ကနေစာပေတွေစုစည်းပြီး ဟောပြောပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ စာအုပ်ဈေးရောင်းပွဲတော်တွေလုပ်ပေးတော့ စာဖတ်သူတွေ၊ စာရေးသူတွေ၊ စာအုပ်ရောင်းသူတွေ၊ ထုတ်ဝေသူတွေ ဖြန့်ချိသူတွေ အများကြီးအများကြီး အကျိုးရှိသွားတယ်။ သူတို့ရဲ့ အခွင့်အလမ်းတွေလည်း ပွင့်လာမယ်။ ရင်းနှီးပွင့်လင်းမှုတွေ ရလာမယ်။ အဆက်အသွယ်တွေ ပိုကောင်းလာမယ်။ ပြီးတော့ စဉ်းစားတွေးခေါ်တတ်မှု အပိုင်းတွေ ပိုများလာမယ်။ စာနာမှု၊ ကိုယ်ချင်းစာတရားတွေ ပိုများလာမယ်။ အဲဒါဆို လူ့အဖွဲ့အစည်းက အင်မတန်ကို ငြိမ်းချမ်းတဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ လူ့အဖွဲ့ အစည်းဖြစ်လာမှာပါ။

ဦးမော်လင်း(ဥက္ကဋ္ဌ၊ နိုဘယ်လ်-မြန်မာ စာပေပွဲတော်ကျင်းပရေးကော်မတီ)

ကျွန်တော်တို့ ဒီပွဲတော်ကို စာအုပ်၊ စာပေနဲ့ ပတ်သက်တဲ့ နယ်ပယ်ထဲက သူတွေ၊ စာအုပ်၊ စာပေ မြတ်နိုးတဲ့သူတွေ၊ စာပေလုပ်ငန်းကို လုပ်ကိုင်ကြတဲ့ စာရေးဆရာတွေ၊ ကဗျာ၊ ကာတွန်းဆရာတွေ၊ ဒီဇိုင်နာတွေ၊ စာအုပ်ထုတ်ဝေ သူတွေ၊ စာပေဖွံ့ဖြိုးတိုးတက်တာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်တာနဲ့ ဆက်စပ်နေတယ် ဆိုတဲ့သူတွေ စုပေါင်းပြီးတော့ စာပေပွဲတော်ကို စီစဉ်ဖြစ်ခဲ့တာပါ။ ပထမနှစ်မှာ စာပေနဲ့ငြိမ်းချမ်းရေး၊ ဒုတိယနှစ်မှာ ကလေးစာပေပွဲတော်လုပ်တယ်။ အခု ဒီနှစ်က ရသစာပေပေါ့။ ရသစာပေရဲ့ ထူးခြားမှုက ဖတ်ရင် စွဲလမ်းတယ်။ ရသ စာပေက ဖတ်ချင်စိတ်ကို လှုံ့ဆော်တယ်။ ရသစာပေဖွံ့ဖြိုးတိုးတက်တာဟာ စာပေဖွံ့ဖြိုးတိုးတက်တာကို အထောက်အပံ့ဖြစ်တယ်ဆိုတဲ့သဘောနဲ့ ကျွန်တော်တို့ ရသစာပေကို ရွေးရတာပါ။ ရသစာပေက ဆရာဇော်ဂျီပြောသလိုပဲ။ ရသစာပေကောင်းတစ်ခုကို ဖတ်တဲ့အခါမှာ လူတွေက ကိုယ့်အကျိုးစီးပွား တစ်ခုတည်း မဟုတ်ဘဲနဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း စာနာတတ်လာတယ်။သူများအကျိုးစီးပွားကိုလည်း ကြည့်တတ်လာတယ်။ ကရုဏာထားတတ်လာတယ်။ စာနာတတ်လာတယ်ဆိုတဲ့ စကားလို စိတ်နှလုံးကို နူးညံ့လာစေတယ်။ ဒါကြောင့် ကျွန်တော်တို့လိုလားတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်ကို ရသစာပေကနေ တစ်ဆင့် အထောက်အကူပြုပေးပါတယ်။

ဆရာအာသာ(ဘဏ္ဍာရေးမှူး၊ နိုဘယ်လ်-မြန်မာစာပေပွဲတော် ကျင်းပရေးကော်မတီ)

ဒီပွဲက အခုလည်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် အားပေးချီးမြှင့်နေတယ်။ အမှာစကားပြောတဲ့အခါမှာလည်း ရသစာပေနဲ့ပတ်သက်ပြီး ပြောသွားတာ မှတ်သားစရာကောင်းတယ်။ အခုဖွင့်ပွဲနဲ့ ပတ်သက်ပြီး တော်တော်အားရပါတယ်။ အရင်နှစ်တွေကဆိုရင် နိုင်ငံတော်အကြီးအကဲတွေက သဝဏ်လွှာပို့တာ လောက်ပဲလုပ်တယ်။ အခုတော့ ကိုယ်တိုင်ကြွရောက်ကြတယ်။ တကယ်တော့ ရသစာပေဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်၊ ငြိမ်းချမ်းသာယာရေးအတွက် အရေးကြီးကြောင်း နိုင်ငံတော်အကြီးအကဲတွေက တကယ်နားလည်တယ်။ လာရောက်အားပေးတယ်။ ဒီနှစ်ပွဲကတော့ အရင်နှစ်ကထက်ပိုပြီး အားပေးခြင်း ခံရတယ်။

ဦးတင်မောင်အေး(မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ)

သေချာလေ့လာကြည့်မယ်ဆိုရင် မြန်မာစာအရေးအသား၊ မြန်မာစာကို နားလည်တာ အားနည်းနေသေးတယ်။ အခုလိုပွဲတော်တွေလုပ်ပေးတော့ ကလေးတွေ ပိုပြီးတော့ စာဖတ်ဖြစ်သွားတာပေါ့။ စာဖတ်ဖြစ်ခြင်းက အထောက်အကူဖြစ်စေပြီး မြန်မာစာကို ကောင်းကောင်းနားလည်လာတာပေါ့။ မြန်မာစာ တိုးတက်ဖို့၊ စာပေလောက တိုးတက်ဖို့အတွက် အထောက်အကူပဲ။ ရသစာပေ ဆိုတာက အခုဒီဘဝမှာ တွေ့ကြုံနေရတဲ့ အဖြစ်အပျက်တွေ အားလုံးကို ပေါ်လွင်အောင် ဖော်ပြထားတာ။ အဲဒီတော့ ရသစာပေကို ဖတ်ခြင်းအားဖြင့်၊ နားလည်ခြင်းအားဖြင့် လူ့ဘဝမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေအားလုံးကို သဘောပေါက်နိုင်မယ်။ ဝေဖန်ဆုံးဖြတ်နိုင်မယ်။ ချင့်ချိန်နိုင်မယ်။ အဲဒီလိုအကျိုး တွေရရှိတော့ အားလုံးဖတ်သင့်ပါတယ်။
ပြီးတော့ ဒီစာပေပွဲတော်ကို ဆရာဆို စလုပ်ကတည်းကလာတယ်။ တစ်နှစ်ထက် တစ်နှစ် ပိုကောင်းလာတယ်။ ဒီနှစ်ကတော့ အထူးခြားဆုံးပါ။ သမ္မတကိုယ်တိုင်လာတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလာတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌလာတယ်ဆိုတော့ လူစုံတာပေါ့။ လူကြီးတွေလည်း အားပေးတာပေါ့။ အရင်တုန်းက ဒီအဆင့်တွေက မလာဘူးလေ။ အခုဆို စာအုပ်တွေလည်း များတယ်။ နှစ်ပေါင်းတစ်ရာခန့်က စာအုပ်တွေလည်း ဒီပွဲတော်အမီပြန်ရိုက်တယ်ဆိုတော့ ကောင်းတာပေါ့။

ဦးငြိမ်းမောင်(ပညာရေးဌာန အငြိမ်းစား)

ဒီခေတ်လူငယ်တွေက တစ်နေ့တစ်နေ့တယ်လီဖုန်းတွေပဲ အသုံးပြုနေကြတာ များတယ်။ အခုလိုစာပေပွဲတော်လုပ်လိုက်တဲ့အခါကျတော့ စာပေမျက်စိက ပိုပွင့်လာတယ်။ ပိုပြီးတော့ စိတ်ဝင်စားလာကြတယ်။ လူတွေလည်း စာအုပ်တွေ တော်တော်များများဝယ်နေတာတွေ့တယ်။ ဒါက စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါတောင် အစနေ့ပဲရှိသေးတာ။ နောက်နေ့တွေ လည်း ဒီလိုပဲ စာအုပ်တွေဝယ်ကြ ဦးမယ်လို့ ထင်တယ်။ ဆရာဆို ပီမိုးနင်းနဲ့ပတ်သတ်တဲ့ စာအုပ်တွေ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ စိတ်ပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ နှစ်သောင်းကျော်ဖိုးလောက် ဝယ်လာတယ်။ စာများများဖတ်ရင် သူများ ကိုယ့်ကို လိမ်လို့မရဘူး။ စာပေက ပြည်သူရဲ့ မျက်လုံး။ မျက်လုံးကိုသုံးတဲ့အနေနဲ့ စာများများဖတ်ပေးဖို့လိုတယ်။ နောင်လည်းပဲ ဒါမျိုးပွဲတွေ မကြာမကြာလုပ်နိုင်ဖို့ ဆုတောင်းတယ်။

မငုဝါလွင်(ထုတ်ဝေသူ ရွှေပဒေသာ စာပေ)

နိုဘယ်လ်-မြန်မာစာပေပွဲတော်ကျင်းပတဲ့ သုံးနှစ်လုံး ကျွန်မတို့ ရောင်းဖူးပါတယ်။ သုတ၊ ရသ အစုံ စာပေကိုဖတ်ချင် တဲ့၊ လေ့လာချင်တဲ့သူတွေအတွက် ဒီလိုပွဲမျိုးတွေ စီစဉ်ပေးတာ အလွန်ကောင်းပါတယ်။ ကျွန်မတို့ ထုတ်ဝေသူတွေ အတွက်ရော စာဖတ်ပရိသတ်အတွက်ပါ အဆင်ပြေတဲ့ ပွဲတော်လေးပါ။ ဘာဖြစ်လို့လဲဆိုတော့ စာအုပ်တိုက်မှာရောင်းတာနဲ့ စာပေပွဲတော်မှာ ရောင်း တာက ဈေးနှုန်းကွာခြားတယ်။ ဒီမှာ ရောင်းတဲ့သူတွေအကုန် ၂ဝ ရာခိုင်နှုန်းလျှော့ရမယ်လို့ အကုန်လုံးက သတ်မှတ်ပြီးတော့လျှော့ဈေး နဲ့ ရောင်းချတာပါ။ ဒီဟာက ဈေးရောင်းပွဲတော်ဖြစ်နေတဲ့အတွက် ဝယ်သူတွေအဆင်ပြေအောင် ဈေးနှုန်းကွာခြားကြတာပါ။ စာပေနဲ့အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့သူ တွေဆိုတော့ စာပေကတော့ ဖတ်ဖြစ်တယ်။ စာပေနဲ့ ကိုက်ညီမယ့် လူတွေဖတ်လို့ အဆင်ပြေမယ့် သုတ၊ ရသ စုံလင်တဲ့ စာအုပ်တွေ ထုတ်နေပေမယ့် ဒီခေတ်ကြီးမှာအချစ် နဲ့ပတ်သက်ပြီးလူတွေသိပ်မဖတ်ကြတာတော့တွေ့တယ်။

ဒေါက်တာ ခိုင်ခိုင်လွင်

စာအုပ်တွေကလည်း အများကြီးပဲ၊ စုံစုံလင်လင်တွေ့ရ တယ်။ ဈေးတွေကလည်း လျှော့ဈေးတွေနဲ့ ရောင်းတာတွေ့ ရတော့ စာအုပ်ဝယ်ချင်တဲ့သူတွေအတွက်ကတော့ အဆင်ပြေတာပေါ့။ ညီမကတော့ရသပိုင်းမှာဆိုရင် မစန္ဒာ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ပြီးတော့ personal development အတွက်စာအုပ်တွေ၊ ဘာသာပြန်စာအုပ်တွေ ဖတ်ဖြစ်တယ်။ စာအုပ်တွေ တော်တော်များများတော့ ဖတ်ဖြစ်တယ်။ စာပေက ကိုယ့်အတွက်၊ ကိုယ့်ပတ်ဝန်း ကျင်အတွက် နိုင်ငံအတွက်ပါ အရေးကြီးပါတယ်။
တွေ့ဆုံမေးမြန်း-ခင်ဇာလီ၊ မို့မို့
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment