Latest News

Wednesday, January 18, 2017

မဟာမုနိဘုရား ရွှေပြန်လည်စွန့်ခွာမှု ပြီးစီး

မဟာမုနိဘုရား ရွှေပြန်လည်စွန့်ခွာမှု ပြီးစီး

ရခိုင်ဂေဇက် ၊ ဇန်န၀ါရီ ၁၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း တည်ရှိသော သမိုင်းဝင် မဟာမုနိဘုရားကြီး၌ ကပ်လှူထားသော ရွှေများကို ပြန်လည်စွန့်ခွာမှုပြီးစီးသွားပြီ  ဖြစ်သည့်အတွက် ရွှေသင်္ကန်း အသစ်ကပ်လှူမှုများ ပြုလုပ်နေကြောင်း  ဖြစ်ကြောင်း သိရသည်။


အဆိုပါ ရွှေများအား ပြန်လည်ခွာယူရာတွင် မဋိက်တော်အပါအ၀င် ခန္ဓာကိုယ်မှ ရရှိသော မသန့်စင်ရသည့် ရွှေချိန်ကျပ် ၁၀၁၇  ရရှိပြီး ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် အများပြည်သူရှေ့မှောက်တွင် သန့်စင်မှု များကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ဘုရာဂေါပကအဖွဲ့ဝင် ဦးညိုသာလှကပြောသည်။

ဦးညိုသာလှက “   မဋိက်တော်အပါအ၀င် စုစုပေါင်း ရတဲ့ ရွှေကတော့ ၁၀၁၇ ကျပ်သားရပါတယ်။ မနက်ဖြန်ဆို  ရရှိတဲ့ ရွှေတွေကို အားလုံးမြင်သာတဲ့ ရှေ့မှာ သန့်စင်သွားမယ်။” ဟုပြောသည်။

ကျောက်တော် မဟာမုနိဘုရား ရှေ့မူလက်ရာများ မပျက်အောင် ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ အပါအ၀င် ပြည်သူများ လိုလားကြသည်မှာ  ရွှေများကို ပြန်လည်စွန့်ခွာ မှုပြုလုပ်သလို ဘုရာပေါ်၌ စစ်အစိုးရလက်ထက်၌ လှူဒါန်းထားခဲ့သော စလွယ်ကို လည်း ပြန်လည် ပြုတ်ယူပြီး နဂိုမူလအတိုင်း  ဘုရားကြီးအား  ဖူမြော်ချင်ကြောင်း ဒေသခံ များက တညီတညွတ်တည်း ပြောသည်။

မဟာမုနိဘုရား ဂေါပကအဖွဲ့များအနေဖြင့်တော့ ရွှေများကို ပြန်လည်စွန့်ခွာမှု ကိစ္စသာ သိရှိပြီး စလွယ်ပြုတ်မည့် ကိစ္စသည် ဂေါပကလူကြီးများအနေဖြင့် လုပ်ပိုင်ခွင့် မရှိသောကြောင့်  ၄င်းကိစ္စကို မသိရှိကြောင်း ဂေါပက အဖွဲ့ဝင် ဦးညိုသာလှက ပြောသည်။

အဆိုပါ စလွယ်တော် ပြန်လည် ပြုခွာစေလိုသည့် ကိစ္စနှင့်ပတ်သက်၍  ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ကျောက်တော်မြို့ သာသနာ့ဗိမာန်၌  စစ်တွေမြို့မှ လူမှုအဖွဲ့များ အပါအ၀င် မြို့ခံ လူမှုအဖွဲ့အစည်းများ ၊  ဒေသခံ ပြည်သူများ  ၃၀၀ ခန့်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သြ၀ါဒစရိယဆရာတော်များမှ လာမည့် ဇန်န၀ါရီ ၂၃ ရက်နေ့တွင် ၄င်းကိစ္စအား ဖြေရှင်းပေးမည်ဟု မြို့ပေါ် လူမှုအဖွဲ့အစည်းများနှင့် သဘောတူညီမှု ရရှိထားသည့် အတွက် စလွယ်ပြန်ပြုတ်မည့် ကိစ္စသည် လာမည့် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် အဖြေသိရမည်ဟု ကျောက်တော်မြို့ပေါ် လူမှုအဖွဲ့အစည်းမှ ကိုဇော်ဝင်းက ပြောသည်။

မဟာမုနိဘုရားတွင် ရွှေကပ်လှူပူဇော်မှုကြောင့် ရင်ဘတ်တော် ၊ လက်မောင်း တော်များ မို့မောက်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရှေ့မူလက်ရာ မပျက်ရန် ဇန်န၀ါရီလ ၁၂  ရက်နေ့က မန္တလေးမှ ကျွမ်းကျင် ပညာရှင်များကို ခေါ်ယူကာ ရွှေများကို ပြန်လည် ခွာယူခဲ့ပြီး ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ ၊ U Aung Kyaw Zan

Sources: ရခိုင်ဂေဇက်

No comments:

Post a Comment