Latest News

Tuesday, January 31, 2017

မသန်စွမ်းတွေအပေါ် ထပ်မံခွဲခြားဆက်ဆံပါက သက်ဆိုင်ရာဝန်ကြီးဌာနအား တရားစွဲဆိုသွားမည်

မသန်စွမ်းတွေအပေါ် ထပ်မံခွဲခြားဆက်ဆံပါက သက်ဆိုင်ရာဝန်ကြီးဌာနအား တရားစွဲဆိုသွားမည်


ပညာရေးကောလိပ်များတွင် မသန်စွမ်းသူများ တက်ရောက်ခွင့် ပိတ်ပင်မှုတစ်ခု ထွက်ပေါ်လာပြီးနောက် ခွဲခြားဆက်ဆံမှု ထပ်မံပြုလုပ်လာခဲ့လျင် သက်ဆိုင်ရာဝန်ကြီးဌာနကို တရားစွဲဆိုမည်ဟု    မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ကိုမြင့်က ပြောသည်။

ပညာရေးကောလိပ်များတွင် မသန်စွမ်းသူများ တက်ရောက်ခွင့်ကို တားဆီးပိတ်ပင်သည့်သဘော ဆောင်သော ညွန်ကြားချက်တစ်စောင်ကို ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသူများကို သင်တန်းတက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ပါရှိသည်။

ပညာရေးဝန်ကြီးဌာန၏ အလုပ်ခေါ်စာတွင် ပါဝင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းတွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော မသန်စွမ်းသူတွေ လျှောက်ထားနိုင်ကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

 “နောက်ဆုံးကျွန်တော်တို့ ညှိနိုင်းလုပ်တယ်။ အစည်းအဝေးတွေ လုပ်တယ်။ ညှိနိုင်းပြီးတော့ ဒီလိုပြောထားပါရဲ့နဲ့ ဆက်ပြီးတော့ ချိုးဖောက်တာတွေဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ဥပဒေအရ တရားဥပဒေအရ မသန်စွမ်းသူများအခွင့်အရေးဥပဒေရဲ့ နည်းဥပဒေအရ တရားဝင်တရားစွဲဆိုသွားဖို့ ပြင်ဆင်ထားပါတယ်ခင်ဗျ” ဟု မသန်စွမ်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

မသန်စွမ်းများကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး၊ ပညာရေးတွင် ဆက်လက်ခွဲခြားမှုများမရှိစေရေးနှင့် နောက်ထပ်တည်ဆောက်မည့် အဆောက်အအုံများတွင် မသန်စွမ်းများ အသုံးပြုရလွယ်ကူစေရေး ထည့်သွင်းစဉ်းစားပေးသွားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနိုင်းတောင်းဆိုသွားမည်ဟု  သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး  ဇန်န၀ါရီလ ၂၉ရက်က မသန်စွမ်းအဖွဲ့ချုပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့   တွေ့ဆုံဆွေးနွေးခဲ့သည်။

မသန်စွမ်းသူများ ဥပဒေ အခန်း(၅)တွင် မသန်စွမ်းမှုကို အကြောင်းပြုပြီး ကျောင်းတက်ခွင့်၊ ကျောင်းဝင်ခွင့် ငြင်းပယ်တာမျိုး လုပ်ခွင့်မရှိကြောင်း ပြဌာန်းထားသည်။

===========

Mizzima - News in Burmese


No comments:

Post a Comment