Latest News

Monday, January 30, 2017

အမေရိကန်နှင့် ကမ္ဘာကို ကိုင်လှုပ်လိုက်သော သမ္မတထရန့်၏ ပထမဆုံး သီတင်းပတ်

အမေရိကန်နှင့် ကမ္ဘာကို ကိုင်လှုပ်လိုက်သော သမ္မတထရန့်၏ ပထမဆုံး သီတင်းပတ်



ဒေါ်နယ်ထရန့်သည် ဝေဖန်သူများကို ထိုးနှက်တိုက်ခိုက်ရင်း၊ မတူခြားနားလွန်းသော အချက်အလက်များကို ဖော်ထုတ်ရင်း၊ လူထုကို သဘောထားနှစ်ခြမ်း ကွဲစေရင်း၊ အမေရိကန်ကို ကိုင်လှုပ်မည့် ရွေးကောက်ပွဲ ကတိတစ်ခုအတွက် ကောင်းစွာ လုပ်ဆောင်ရင်း သူ၏ သမ္မတတာဝန် ပထမဆုံး သီတင်းပတ်၌ပင် ကမ္ဘာကို ကိုင်လှုပ်ခဲ့သည်။

ထရန့်၏ ခေတ်အတွင်းသို့ သီတင်းတစ်ပတ် ၀င်ရောက်လာချိန်တွင် အမေရိကန်ပြည်ထောင်စု၏ မြို့တော်၌ နိုင်ငံရေးဆိုင်ရာ ပြင်းထန်သော ထိုးနှက်ချက်တစ်ရပ် ရှိလာခဲ့သည်။

ရွေးကောက်တင်မြှောက်ခံ အရာရှိတစ်ဦးပင်လျှင် လုံးဝမဖြစ်ခဲ့ဖူးသော အပြင်လူတစ်ဦးသည် လွန်ခဲ့သည့် သီတင်းပတ်က ၀ါရှင်တန်မြို့တော်အတွင်းသို့ ဒုန်းစိုင်း ၀င်ရောက်လာခဲ့သည်။ နောက်ခုနစ်ရက်အကြာတွင် ဆယ်စုနှစ်အတန်ကြာ အမေရိကန်ပြည်ထောင်စုကို လမ်းညွှန်ခဲ့သော စံသတ်မှတ်ချက်များနှင့် အယူဝါဒများသည် ပြန်လည်စစ်ဆေးခံနေရပြီ ဖြစ်သည်။

ထရန့်၏ မြေလှန်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းသည် တက်ကြွသော ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းနှင့်အတူ စတင်ခဲ့သည်။

“ဒီကနေ့မှာ ကျွန်တော်တို့ဟာ အာဏာကို အစိုးရအဖွဲ့တစ်ဖွဲ့ကနေ တခြားတစ်ဖွဲ့ကို ဒါမှမဟုတ် ပါတီတစ်ခုကနေ တခြားပါတီတစ်ခုကို ကူးပြောင်းတာသက်သက် မဟုတ်ဘူး။ ကျွန်တော်တို့ဟာ အာဏာကို ၀ါရှင်တန်ဒီစီကနေ ယူပြီး ခင်ဗျားတို့ ပြည်သူတွေကို ပြန်ပေးတာ ဖြစ်တယ်”ဟု ထရန့်က ပြောကြားခဲ့သည်။

မြို့ကြီးများ၌ လည်းကောင်း၊ နိုင်ငံရေးနှင့် မီဒီယာတို့၌လည်းကောင်း အီလစ်များ အခြေကျနေမှုသည် ကမ္ဘာကြီး၏ တစ်ခုတည်းသော စူပါပါဝါကို ယူထားသည့် အရှိန်အ၀ါကြီးမားသူများ မဟုတ်ကြတော့ဘဲ ရန်သူများ ဖြစ်ကြသည်ဟု ဆိုသည်။

သမ္မတအသစ်သည် ကမ္ဘာကြီး၏ ကျန်အပိုင်းများကိုလည်း အကြီးအကျယ် သတိပေးခဲ့သည်။

လွန်ခဲ့သည့် ၇၅ နှစ်တာအတွင်း အမေရိကသည် ဘာရက်အိုဘားမားက “ပစ်ပယ်၍ မရသောနိုင်ငံ”ဟု ခေါ်ဆိုခဲ့သကဲ့သို့ ကမ္ဘာကြီး၏ အစီအစဉ် အနေအထားများကို တွဲစပ်ပေးသော ကော်တစ်မျိုးဖြစ်ခဲ့သည်။

သို့သော် ထရန့်၏ ခေတ်သည် “အမေရိကသည်သာ ပထမ” ဖြစ်လာမည်ဖြစ်ပြီး ကိုယ်ကျိုးစီးပွားကိုသာ ပေါ်ပေါ်ထင်ထင် ရှေ့ရှုကာ သံတမန်ရေးရာသည် သုညအဆင့်သို့ ထိုးကျသွားမည် ဖြစ်သည်။

မဟာမိတ်ဟောင်းများ  ပြန်လည်စစ်ဆေး သုံးသပ်ရတော့မည်ဖြစ်ပြီး မဟာမိတ်သစ်များ စူးစမ်းလေ့လာရတော့မည် ဖြစ်သည်။

ထရန့် ကျမ်းသစ္စာမကျိန်ဆိုမီတွင် လူအများက သမ္မတဖြစ်မှုသည် ထရန့်ကို ပြောင်းလဲစေမည်လော၊ ထရန့်က သမ္မတဖြစ်မှုကို ပြောင်းလဲစေမည်လောဟု မေးခွန်းထုတ်ခဲ့ကြသည်။ ထရန့်၏ သမ္မတသက်တမ်း လေးနှစ်အအတွင်းသို့ မိနစ် ၂၀ သာ ၀င်ရောက်လာချိန်၌ လူတိုင်းလိုချင်သည့်အဖြေကို ရရှိသွားတော့သည်။

သမ္မတရုံးခန်းသို့ မရောက်မီမှာပင် ထရန့်၏ ဗျူဟာမှူးများသည် နေ့စဉ် သမ္မတအမိန့်ကြော်ငြာစာများ တသီတတန်းကြီး ထုတ်ရန် ပထမဆုံး သီတင်းပတ်အနည်းငယ်ကို အသုံးပြုရန်အတွက် ဆုံးဖြတ်လိုက်ကြသည်။

ရည်ရွယ်ချက်မှာ အတိုက်အခံများ ဟန်ချက်ပျက်သွားစေရန်နှင့် ထရန့်ကို တကယ်လုပ်သည့် လူ၊ အပြောင်းအလဲကို ရေဆာသလို ဆာနေသော သူ့အား ထောက်ခံသူများအား အမှန်တကယ် မွတ်သိပ်မှု ပြည့်နိုင်စေမည့်လူအဖြစ် အဓိပ္ပာယ်သတ်မှတ်ရန်တို့ ဖြစ်သည်။

အမေရိက အလယ်ပိုင်းဒေသများစွာတို့အတွက် ဂလိုဘယ်လိုက်ဇေးရှင်း၊ လူအစား စက်ကိရိယာများ အသုံးပြုခြင်းနှင့် စီးပွားရေးပျက်ကပ်ကြီးတို့သည် ကမ္ဘာပျက်ခြင်း ဖြစ်ခဲ့သည်။

အမေရိကအလယ်ပိုင်းမှ ပြည်သူများသည် နိုင်ငံရေးက ၎င်းတို့အား ဖြတ်ကြိတ်သွားပြီး ပို၍ဆိုးသည်မှာ ကိုယ်ဝန်ဖျက်ချခြင်း၊ ဂေးအခွင့်အရေး၊ ရွှေ့ပြောင်းအခြေချမှု၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ဘာသာရေးအစရှိသည်တို့နှင့် ပတ်သက်၍ အမေရိက၏ ယဉ်ကျေးမှုစစ်ပွဲအတွင်း ကမ်းခြေဒေသမှ အီလစ်များက ၎င်းတို့အား လမ်းကြိတ်စက်ကဲ့သို့ နင်းချေနေသည်ဟု ခံစားခဲ့ကြသည်။

ထရန့်သည် ယင်းကဲ့သို့သော ပြည်သူများအား မိမိသည် ၎င်းတို့အတွက် ချန်ပီယံဖြစ်စေရမည်ဟု ကတိပေးရင်း ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့သည်။ ယင်းနောက် ထရန့်သည် ရော်နယ်ရီဂင်က Dance with the one that brung ya (“မင်းအခုရောက်နေတဲ့ နေရာကို ပို့ပေးလိုက်တဲ့ လူတွေကို မမေ့ပါနဲ့” ဟု အဓိပ္ပာယ်ရ) ဟု ပြောခဲ့သည့်အတိုင်း ရှေ့ဆက်၍ နေလေသည်။

ဒေသအများစုအတွက်မူ သမ္မတသည် မည်သည့် ရီပက်ဘလီကင်ထံမှမဆို ထွက်လာနိုင်သည့် လုပ်ရပ်များကိုသာ ရှေ့ဆက်လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပတ်သက်၍ ရန်ပုံငွေဖြတ်တောက်ခြင်း၊ စစ်တပ်ကို ပြင်ဆင်ခြင်းနှင့် ရေနံပိုက်လိုင်းများကို အတည်ပြုခြင်း အစရှိသည်တို့ ဖြစ်သည်။

သို့သော် ထရန့်သည် ၎င်းတို့အပေါ်၌ အမျိုးသားရေးဝါဒီနှင့် လူကြိုက်များရေးဝါဒီစကားများအား ခပ်ထူထူအုပ်ကာ ထိပ်တန်း လက်ထောက် စတိဘန်နွန်၏ အထူးကျွမ်းကျင်သော မူဝါဒများနှင့် တွဲထုတ်ခဲ့သည်။

ထရန့်သည် တရုတ်၏ ဒေသတွင်းစီးပွားရေးပါဝါအား တန်ပြန်ချိန်ညှိရန် ဒီဇိုင်းဆွဲထားသော ပစိဖိတ်ဒေသတစ်လျှောက် ကုန်သွယ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပြီး ဆီးရီးယားမှ ဒုက္ခသည်များနှင့် အခြားမွတ်စလင်ခုနစ်နိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများကို ပိတ်ပင်လိုက်သည်။

ထရန့်သည် မက္ကဆီကိုတောင်ပိုင်းနယ်စပ်တွင် တံတိုင်းတစ်ခု တည်ဆောက်ရေး စတင်ရန် အစီအစဉ်ကို အမိန့်ပေးခဲ့ပြီး မက္ကဆီကိုသမ္မတ အင်းနရစ်ပီညာနစ်တိုကို လူသိရှင်ကြား အပြင်းအထန် တိုက်ခိုက်ကာ နစ်တိုက ၀ါရှင်တန်ကိုလာရောက်မည့် သူ၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ရွှေ့ပြောင်းအခြေချသူများဖြင့် ထူထောင်ခဲ့သော အမေရိကန်ပြည်ထောင်စုသည် ယခုအခါ တံခါးများကို ပိတ်ပစ်ရန် လိုလား၍နေလေပြီ။

အိုဘားမား ရွေးကောက်တင်မြှောက်ခံရပြီးနောက်ပိုင်း သို့မဟုတ် အီရတ်စစ်ပွဲနောက်ပိုင်း၌ ကမ္ဘာတစ်လွှား၌ အမေရိက၏ ပုံရိပ်သည် အလွန်သိသိသာသာ သို့မဟုတ် အလွန်လျင်မြန်စွာ ပြောင်းလဲခဲ့ခြင်း မရှိပါ။

သို့သော် ထရန့်အား ထောက်ခံသူများက ၎င်းတို့နှင့် ပူးပေါင်းပြီး အီလစ်များကို တိုက်မည့် အပြင်လူတစ်ဦးကို တွေ့မြင်ခဲ့သည်။

သို့သော် အိမ်ဖြူတော်သည် နေသားတကျဖြစ်ရန် ဝေးကွာနေဆဲ ဖြစ်သည်။ အဓိက ရာထူးများကို ယခုအထိ ခန့်ထားနိုင်ခြင်း မရှိသေးသည့်အပြင် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်မှာလည်း ဖြစ်ကတတ်ဆန်း နိုင်လှသည်။

ထရန့်၏ လက်ထောက်များသည် မက္ကဆီကို ကုန်ပစ္စည်းများနှင့်ပတ်သက်၍ နယ်စပ်၌ အခွန်ရာခိုင်နှုန်း ၂၀ ကောက်ခံရန် အဆိုပြု ချက်အတွက် ပြည်သူများရှေ့သို့ ချပြငြင်းခုံရန် ဖိအားပေးခံနေရသည်။

၎င်းအပြင် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများကို ပိတ်ပင်မှုနှင့် ပတ်သက်၍လည်း ဝေဖန်မှုများကို ခုခံနေရသည်။

သီတင်းပတ်တစ်လျှောက်၌ ထရန့်သည် ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်သော လူအုပ်ပမာဏနှင့် ပတ်သက်၍ လည်းကောင်း၊ ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ မီဒီယာများကို နှိပ်ကွပ်သည်ဟု ထင်မြင်မှုများနှင့် ပတ်သက်၍ လည်းကောင်း အကြီးအကျယ် ဒေါသထွက်ခဲ့သည်။

ပုဂ္ဂိုလ်ရေးအရ သူ၏ လက်ထောက်များဆီသို့ သတင်းစာများ၏ ဖော်ပြချက်များနှင့် ပတ်သက်၍ တိုင်တန်းမှုများ ပြုလုပ်ခဲ့သည်။ ထရန့်၏ပုံစံသည် နိုင်ငံကိုအုပ်ချုပ်မည့်လူထက် သူ၏ ပုံရိပ်အပေါ်သာ အာရုံစိုက်ထားသူနှင့်သာ တူနေသည်။

Quinnipiac စစ်တမ်းအရ ထရန့်၏ သမ္မတတာဝန် ပထမဆုံးသီတင်းပတ်အကုန် ၌ လူထုထောက်ခံမှုသည် ၃၆ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

ယခုအခါ ထရန့်အား အပြင်းထန်ဆုံး ဝေဖန်သူများအတွက် မေးရမည့်မေးခွန်းမှာ ထရန့်က သမ္မတဖြစ်မှုကို ဖျက်ဆီးမှာလား၊ သမ္မတဖြစ်မှုက ထရန့်ကို ဖျက်ဆီးမှာလားဟူ၍ ဖြစ်လာသည်။

Writer:
နရီမင်း

===========

Eleven Media Group

No comments:

Post a Comment