Latest News

Tuesday, January 24, 2017

ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေးစာချုပ်ကနေထွက်ဖို့ သမ္မတအမိန့် ထရမ့် လက်မှတ်ထိုး

ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေးစာချုပ်ကနေထွက်ဖို့ သမ္မတအမိန့် ထရမ့် လက်မှတ်ထိုး

ဇန်နဝါရီ ၂၄ - အမေရိကန်ပြည်ထောင်စုကို ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေးသဘောတူစာချုပ် (TPP) ကနေ နှုတ်ထွက်သွားမယ့် အုပ်ချုပ်ရေးအထူးအမိန့်တစ်ရပ်ကို အမေရိကန်သမ္မတသစ် ထရမ့်က လက်မှတ်ရေးထိုးပြီး မဲဆွယ်ပွဲကတိကဝတ်တစ်ခုကို ဖြည့်ဆည်းလိုက်ပါတယ်။

အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံပါဝင်တဲ့ ကုန်သွယ်မှုသဘောတူစာချုပ်ဟာ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား ရဲ့ အာရှမဏ္ဍိုင်ပြုမူဝါဒရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ “အမေရိကန်လုပ်သားတွေအတွက် ကြီးကျယ်တဲ့ကိစ္စတစ်ခုကိုလုပ်ဆောင်နိုင်ခဲ့ပြီ” လို့ သဘောတူညီချက်ကို ရုပ်သိမ်းကြောင်း လက်မှတ်ရေးထိုးချိန်မှာ မစ္စတာထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ ပြည်ပနိုင်ငံတွေမှာ ကိုယ်ဝန်ဖျက်ချမှုတွေလုပ်ပေးနေတဲ့ နိုင်ငံတကာအင်န်ဂျီအိုအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ပေးနေတာတွေ ဖြတ်တောက်သွားဖို့နဲ့ စစ်ဘက်မဟုတ်တဲ့ ဗဟိုအစိုးရဝန်ထမ်းတွေ ငှားရမ်းခန့်ထားတာကိုလည်း ရပ်တန့်သွားဖို့ သမ္မတအထူးအမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။

မဲဆွယ်စဉ်ကာလအတွင်း ထရမ့်က TPP စာချုပ်ဟာ အမေရိကန်ကုန်ထုတ်လုပ်မှုစွမ်းရည်ကို ထိခိုက်စေနိုင်တယ်၊ အမေရိကန်နိုင်ငံကို အန္တရာယ်ပေးနိုင်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဘန်နီဆန်းဒါးစ် ကလည်း ကုန်သွယ်ရေးစာချုပ်တွေဟာ အမေရိကန် စီးပွားရေးကိုထိခိုက်စေနိုင်ပြီး အလုပ်အကိုင်အမြောက်အမြားကိုလည်း ထိခိုက်စေနိုင်တာကြောင့် သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်ကိုထောက်ခံတယ်လို့ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ညနေခင်းမှာ နိုင်ငံတကာဆက်ဆံရေးအထက်လွှတ်တော်ကော်မတီက မစ္စတာထရမ့်က နိုင်ငံခြားရေး ဝန်ကြီးအဖြစ် လျာထားတဲ့ ရက်စ်တေလာဆန် ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်အတည်ပြုခဲ့ပါတယ်။ အထက် လွှတ်တော်တစ်ခုလုံးရဲ့ အတည်ပြုချက်တော့လိုအပ်ပါသေးတယ်။

အထက်လွှတ်တော်မဲခွဲဆုံးဖြတ်မှုအတွင်း ထောက်ခံမဲ ၆၇ မဲ ကန့်ကွက်မဲ ၃၀ နဲ့ မိုက်ပွန်ပီယိုဟာ စီအိုင်အေ အကြီးအကဲသစ် ဖြစ်လာမှာ ဖြစ်ပါတယ်။ အိမ်ဖြူတော်မှာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဆွေးနွေးပွဲအပြီးမှာ ထရမ့်က ကော်ပိုရိတ်လုပ်ငန်းခွန်တွေကို လက်ရှိ ၃၅ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့ ကတိပေးပါတယ်။

Sources: မအေးသီမွန်(ကုမုဒြာ)

No comments:

Post a Comment