အရပ်သားအစိုးရသည် မီဒီယာများကို စစ်အာဏာရှင် လုပ်သကဲ့သို့ ချိုးနှိမ်ဖိနှိပ်ထားပါက ဒီမိုကရေစီ မရသေးဘဲ ၆၆ (ဃ) ကို အမြန်ဆုံး ဖျက်သိမ်းပေးရန်လိုကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု (MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ဝေဖန်ပြောကြားသည်။
မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီ အပြောင်းအလဲတွင် အရေးကြီးသည့်အတွက် လွပ်လပ်ခွင့်ပေးရန်လိုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“မီဒီယာလွပ်လပ်ခွင့်က မရှိသေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဘုန်းတော်ဘွဲ့တွေရေးတယ်။ ဥပမာ မြန်မာ့အလင်းလိုဟာမျိုး ကြေးမှုံလိုဟာမျိုးတွေက ဒီကနေ့အထိ ပြည်သူကို အမှန်တရာတွေ ဖုံးကွယ်ထားတယ်။ နောက်တစ်ခုက ဒီကနေ့အထိ မီဒီယာလွပ်လပ်ခွင့် မရှိဘူးဆိုတာက အစိုးရက ပြန်ကြားရေးဝန်ကြီးဌာန ဖွင့်ပြီးတော့မှ မီဒီယာတွေရဲ့ လုပ်ပိုင်ခွင့်အားလုံးကို ထိန်းချုပ်ထားတယ်။ ဒီရှေ့အဆက်ဆက်က ပြန်ကြားရေးဝန်ကြီး ပြောတဲ့မူဝါဒအတိုင်းပဲ ဆက်လက်ကျင့်သုံးနေတယ်။ ဥပမာ ကျွန်တော်တို့ သတင်းတွေထုတ်တဲ့နေရာမှာ ကျွန်တော်တို့အဖွဲ့က ထုတ်ပြန်တဲ့သတင်းတွေကို မီဒီယာတွေက လွတ်လွတ်လပ်လပ် ရေးခွင့်မရဘူး။ ဘာကြောင့်လဲဆိုတော့ ရေးရင် ၆၆ (ဃ) လိုဟာမျိုးနဲ့ အကြပ်ကိုင်တယ်။ သို့မဟုတ် ဒီသတင်းတွေကို ဖော်ပြတဲ့အတွက် တခြားနည်းလမ်းတွေနဲ့ မီဒီယာတွေကို အကျပ်အတည်းဖြစ်အောင် လုပ်တယ်။ ဒါက မီဒီယာတွေအားလုံး သိပြီးသားပါ။ မီဒီယာတွေ လက်တွန့်နေသမျှ ကာလပတ်လုံး တိုင်းပြည်က တရားဥပဒေစိုးမိုးမှုမရှိဘူး။ ဒီမိုကရေစီစနစ် ဖြစ်ထွန်းမှာလည်း မဟုတ်ဘူး။ သတင်းပေးတဲ့သူရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု အပေါ်မှာပဲ မီဒီယာက ထုတ်ပြန်ရတာ ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့က မီဒီယာရဲ့လုပ်ပိုင်ခွင့်ကို အရပ်သားအစိုးရက စစ်အာရှင်လုပ်သလိုမျိုး လုပ်တယ်ဆိုရင် ဒီတိုင်းပြည်ရဲ့ မီဒီယာကို ချိုးနှိမ်ထားရင် ဒီမိုကရေစီဟာ နောက်ကြောင်း ပြန်လှည့်သွားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ မရသေးပါဘူး။ အဲဒီအတွက် မီဒီယာတွေ ဥပါယ်တန်မျဉ်နဲ့ ဖိနှိပ်ခံရတဲ့ကိစ္စ၊ အသတ်ခံရတဲ့ကိစ္စ၊ ဖမ်းဆီးခံရတဲ့ကိစ္စ အမှားအမှန်တောင်မှ ဝေဖန်လို့မရတဲ့ကိစ္စ ဥပမာ အလဲဗင်းမီဒီယာ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်တို့ အဖမ်းခံရတဲ့ကိစ္စ။ ဒါမီဒီယာကို စိန်ခေါ်လိုက်တာပဲ။ အဲဒီတော့ မီဒီယာမှာ ထုတ်တဲ့သတင်းကို ကျွန်တော်ဖတ်ကြည့်တဲ့အခါမှာ ဒီဝန်ကြီးချုပ်က ဒီလောက်ကိစ္စလေးကို ဖြေရှင်းရမှာမဟုတ်ဘူး။ ဒီရန်ကုန်တိုင်း တစ်တိုင်းလုံးမှာ အင်မတန်မှ အရေးကြီးတဲ့ လူမှုအခက်အခဲတွေကို ဖြေရှင်းရမှာ။ ဒီလောက်တော့ အဝေဖန်ခံရမယ်။ ဒီလိုအုတ်အော်သောင်းနင်းနဲ့ တရားရုံးတင် ဖြေရှင်းရမယ့်ကိစ္စ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မီဒီယာနဲ့ အစိုးရသည် တိုင်းပြည်ရဲ့ ဒီမိုကရေစီ ဖော်ဆောင်တဲ့နေရာမှာ အရမ်းအရေးကြီးတယ်”ဟု ကိုထင်ကျော်က ပြောကြားသည်။
ကိုထင်ကျော်မှာ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တရားရုံး သုံးရုံးဖြစ်သည့် ရန်ကင်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၄၂၇၊ ၄၄၇ တို့ဖြင့်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင်ပုဒ်မ ၅၀၅ (က) ဖြင့်လည်းကောင်း၊ ကျောက်တံတားမြို့နယ် တရားရုံးတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့ဖြင့်လည်းကောင်း အမှုရင်ဆိုင်နေရသူ တစ်ဦးဖြစ်ပြီး ယခင်ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် မြို့နယ်ပေါင်းစုံမှ ထောင်ဒဏ် ၁၃ နှစ်ကျော် ချမှတ်ခံခဲ့ရကြောင်း MDCF အဖွဲ့ဝင်များထံမှ သိရသည်။
“အဲဒီတော့ မီဒီယာကို ၆၆ (ဃ) နဲ့ ဖမ်းဆီးထားတဲ့ကိစ္စ ဒါအာမခံတင် မဟုတ်ပါဘူး။ ဒါလုံးဝကို လွှတ်ပေးဖို့ ကျွန်တော်တောင်းဆိုတယ်။ ကျွန်တော်တို့အဖွဲ့က ပြတ်ပြတ်သား တောင်းဆိုတယ်။ နောက်တစ်ခုက ၆၆ (ဃ) သည် ၂၀၁၃ ခုနှစ်က ဦးရွှေမန်းတို့ လွှတ်တော်နာယက ကိုယ်တိုင်အတည်ပြုသွားတဲ့ကိစ္စ၊ ဒီကိစ္စကို ဒီကနေ့ ဥပဒေပြုလွှတ်တော်က ချက်ချင်းဖျက်သိမ်းရမယ်။ ဘာကြောင့်လဲဆိုတော့ အခြားနည်းဥပဒေ၊ ရာဇသတ်ကြီးတွေမှာ ပြဋ္ဌာန်းထားတာရှိတယ်။ ရာဇ၀တ်ကျင့်ထုံးတွေ ရှိတယ်။ ဥပမာ အသရေဖျက်မှု ပုဒ်မ ၅၀၀ လိုဟာမျိုးတွေရှိတယ်။ အဲဒါတွေကို ကျော်လွန်ပြီးတော့မှ ဒီ ၆၆ (ဃ) သည် ကျွန်တော်တို့ သိထားသလောက်တော့ ဥပဒေဆိုသည်မှာ အများပြည်သူအတွက် ကာကွယ်ပေးနိုင်တဲ့ ပုဒ်မတွေဖြစ်ရမယ်။ ပုဒ်မတွေဖောင်းပွ၊ ဥပဒေတွေ ဖောင်းပွပြီးတော့ လိုရင်လိုသလို ထုတ်သုံးနေတဲ့ ဥပဒေတွေကို အရပ်သားဥပဒေပြုလွှတ်တော်သည် အမြန်ဆုံးဖျက်သိမ်းပေးဖို့ ၆၆ (ဃ) အမြန်ဆုံး ဖျက်သိမ်းပေးဖို့ ကျွန်တော်တို့အဖွဲ့က တောင်းဆိုပါတယ်။ ၆၆ (ဃ) သည် မည်သည့်နည်း ဥပဒေမျှထုတ်ဖို့မလိုဘူး”ဟု ကိုထင်ကျော်က ဆက်လက်ပြောကြားသည်။
Writer:
နေမျိုးဝင်း
Copyright © 2015 Eleven Media Group Co., Ltd
No comments:
Post a Comment