Latest News

Thursday, December 29, 2016

နှစ်သစ်ကူးညအတွက် ကြိုတင် အခန်းငှားရမ်းမှု မြင့်တက်

နှစ်သစ်ကူးညအတွက် ကြိုတင် အခန်းငှားရမ်းမှု မြင့်တက်


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရန်ကုန်မြို့တော်ရှိ တည်းခိုခန်းများ အနေနှင့် နှစ်သစ်ကူးညအတွက် ကြိုတင် အခန်းငှားရမ်းမှု များသောကြောင့် တည်းခို ခန်းခ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ဟိုတယ်၊ မိုတယ်၊ အအေးခန်း ဧည့်ရိပ်သာနှင့် တည်းခိုခန်းများထံမှ စုံစမ်း သိရှိရသည်။

နှစ်ကူးညတွင် တည်းခို နေထိုင်ရန် လူငယ်စုံတွဲများ၊ မိသားစုများ၊ သူငယ်ချင်းများ စုပေါင်း၍ အခန်း ကြိုတင် ငှားရမ်းမှုများ ရှိကြောင်း၊ ယင်းသို့ များလာသောကြောင့် ဟိုတယ်၊ မိုတယ်၊ အအေးခန်း ဧည့်ရိပ်သာများ၏ အခန်းငှားရမ်းခ ဈေးနှုန်းများ ယခင်ကထက် ကျပ် ငါးထောင်မှ ကျပ် တစ်သောင်းဝန်းကျင်အထိ မြင့်တက်သွားကြောင်း အခန်း ငှားရမ်းသူများထံမှလည်း သိရသည်။

“နှစ်ကူးညဆိုရင် မနှစ်ကလည်း အခန်း ကြိုတင် ငှားရမ်းသူတွေနဲ့ ပြည့်တယ်။ ဒီနှစ်မှာလည်း ဒီဇင်ဘာ ၂၇ ရက် လောက်ကတည်းက အခန်း ကြိုယူတာတွေ ရှိနေတာ။ ငှားပေးနိုင်တဲ့ အရေအတွက် မရှိလို့ နှစ်သစ်ကူးနေ့အတွက် အခန်းခ ဈေးနှုန်းကို ပုံမှန်ထက် ဈေးတင်လိုက်ရတာ”ဟု သန်လျင်မြို့နယ်ရှိ မိုတယ် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နှစ်သစ်ကူးညအတွက် ရန်ကုန်မြို့ရှိ ဟိုတယ် အခန်းခ ဈေးနှုန်းများ အနေနှင့် ကျပ် သုံးသောင်းမှ ငါးသောင်းကျော်အထိနှင့် မိုတယ် ဈေးနှုန်းများမှာလည်း ကျပ် နှစ်သောင်းမှ သုံးသောင်းခွဲအထိ ရှိနေပြီး အအေးခန်း ဧည့်ရိပ်သာနှင့် တည်းခိုခန်းခ ဈေးနှုန်းများမှ ကျပ် တစ်သောင်းကျော်မှ နှစ်သောင်းခွဲအထိ ရှိကြောင်း ဟိုတယ်၊ မိုတယ်၊ အအေးခန်း ဧည့်ရိပ်သာနှင့် တည်းခိုခန်းများထံမှ စုံစမ်း သိရသည်။

“နှစ်သစ်ကူးညက စနေနေ့လည်း ဖြစ်နေတယ်၊ ပုံမှန်ဆိုရင်လည်း အဲဒီရက်တွေက လူများနေကျပါ။ ဒါကြောင်မို့ အခန်းခတွေ ဈေးတက်တယ်။ ဘိုကင် လက်မခံထားဘူး”ဟု ဗဟန်းမြို့နယ်ရှိ အအေးခန်း ဧည့်ရိပ်သာ တစ်ခုမှ မန်နေဂျာက ပြောဆိုသည်။

ရန်ကုန်မြို့တော်၌ မြို့တွင်း မြို့နယ်နှင့် ဆက်စပ်မြို့နယ်များ သာမက ဆင်ခြေဖုံး မြို့နယ်ရှိ ဟိုတယ်၊ မိုတယ်နှင့် အအေးခန်း ဧည့်ရိပ်သာများတွင်လည်း တည်းခိုသူများသောကြောင့် နှစ်စဉ် နှစ်သစ်ကူး ညတိုင်း အခန်းများ ပြည့်နေကြောင်း၊ ယင်းနေ့ ညပိုင်းတွင် အခန်းများကို အချိန်ပိုင်းဖြင့် ငှားရမ်းမှုများလည်း ရှိကြောင်း ယင်း ဟိုတယ်၊ မိုတယ်များထံမှ သိရသည်။

လူငယ် စုံတွဲများကို နှစ်သစ်ကူးညတွင် ဟိုတယ်၊ တည်းခိုခန်းများသို့ အများဆုံး ပို့ပေးရကြောင်း၊ မြို့ပေါ်၌ အခန်းမရသောကြောင့် သန်လျင် ကဲ့သို့သော မြို့နယ်များအထိ ပို့ဆောင်ပေးရမှုများ ရှိကြောင်း သာကေတမြို့နယ်မှ အငှားယာဉ်မောင်း ဦးကျော်သူက ပြောဆိုသည်။

J-10, J-14

Sources; The Voice

No comments:

Post a Comment