Latest News

Monday, December 12, 2016

ထိုင်းဘုရင်နန်းတက်အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၃ သောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်

ထိုင်းဘုရင်နန်းတက်အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၃ သောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်


ဒဿမမြောက်ထိုင်းဘုရင် မဟာဝချီရာလောင်ကွန်းဟာ သူ့ရဲ့ နန်းတက်ခြင်းအထိမ်းအမှတ်အနေနဲ့ အကျဉ်းသားဦးရေ ၃ သောင်းလောက်ကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်လို့ ထိုင်းနိုင်ငံတော် ပြန်တမ်းဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။

အကျဉ်းထောင်ထဲမှာ ထောင်စည်းကမ်း ကောင်းမွန်စွာ လိုက်နာသူတွေ၊ ပြစ်ဒဏ်အစား အများပြည်သူကောင်းကျိုးအတွက် စေတနာ့ဝန်ထမ်း ဆောင်ရွက်သူတွေဟာ သူတို့ကျခံထားရတဲ့ ပြစ်ဒဏ်တွေပေါ်မူတည်ပြီး သေဒဏ်မှ တသက်တကျွန်းသို့ဖြစ်စေ၊ တသက်တကျွန်းမှ ၅ နှစ်ထိဖြစ်စေ၊ ထောင်ထဲ နာတာရှည်ရောဂါဖြစ်နေသူ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ဒုက္ခိတဖြစ်သူတွေလည်း သူတို့ကျခံရတဲ့ပြစ်ဒဏ်အလိုက် လျှော့ပေါ့ပေးသွားမှာဖြစ်တယ်လို့ ပြန်တမ်းမှာ ဖော်ပြပါတယ်။

ဒါပေမယ့် နိုင်ငံတော်ပုန်ကန်မှု၊ မူးယစ်ဆေးဝါးမှု၊ ၀ရမ်းပြေး၊ အာမခံနဲ့လွတ်နေသူ၊ အကြမ်းဖက်မှုနဲ့ မုဒိမ်းမှုကျူးလွန်ထားသူတွေကတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ရမယ့်ထဲမှာ မပါဝင်သေးပါဘူးလို့ ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အကြီးအကဲတဦးဖြစ်တဲ့ ကော့ဗ်ကီ ယက်တ် ကာစီဝပ်က “ခုလွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့် အကျဉ်းသားတွေဟာ ပထမအဆင့် အကျဉ်းသားတွေဖြစ်ပြီး နှစ်ရှည်ကျနေသူတွေ၊ မုဒိမ်းမှုနဲ့ကျနေသူတွေ အပါအ၀င် မူးယစ်ဆေးဝါးမှုနဲ့ ကျနေသူတွေတော့ မပါဝင်ပါဘူး” လို့ ပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အရည်အချင်းနဲ့ ပြည့်စုံသူ အကျဉ်းသားတွေကိုတော့ လက်ရှိမှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး လာမယ့် ၃ ရက်အတွင်းမှာ လွှတ်ပေးမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စွမ်းရည်မြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တီရာပိုလ် ခွန်မောင်ကတော့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို ဧရိယာတခုချင်းစီအလိုက် စောင့်ကြည့်သွားပြီး ဥပဒေကို နောက်ထပ်မချိုးဖောက်နိုင်စေဖို့ လိုအပ်တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ သူတို့ကို အလုပ်သမားဥပဒေ၊ လူမှုဖူလုံရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ အလုပ်အကိုင်တွေ ရရှိနိုင်ဖို့ သင်ကြားပေးသွားမှာပါ။”

ဒီသင်တန်းတွေကိုတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လာမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းတတန်းမှာ လူဦးရေ ၂၀ လောက် ခရိုင်တွေအလိုက် ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

Sources ; DVB

No comments:

Post a Comment