Latest News

Friday, December 9, 2016

၂၀၁၇ ကားတင်သွင်းခွင့်မူဝါဒနဲ့ ၀င်ငွေနည်းပြည်သူတွေရဲ့ ကားပိုင်ဆိုင်ခွင့်အိပ်မက်

၂၀၁၇ ကားတင်သွင်းခွင့်မူဝါဒနဲ့ ၀င်ငွေနည်းပြည်သူတွေရဲ့ ကားပိုင်ဆိုင်ခွင့်အိပ်မက်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်မှာ ၂၀၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ပြုမယ့် Model Year သတ်မှတ်ချက် ထွက်ရှိလာခဲ့ပါတယ်။ NLD အစိုးရရဲ့ ပထမဦးဆုံး Model Year သတ်မှတ်ချက်ဖြစ်ပြီး ၂၀၁၆ နဲ့ယှဉ်ရင် ခေတ်မီကားမော်ဒယ်တွေနဲ့ ဘယ်မောင်းကားတွေကို ဦးစားပေးတင်သွင်းစေလိုတဲ့ မူဝါဒကို တွေ့ရပေမယ့် စလစ်ကပ်ရမယ့် စရိတ်၊ CIF တန်ဖိုး၊ သတ်မှတ်ထားတဲ့ အခွန်တန်ဖိုးတွေနဲ့ဆိုရင် ၀င်ငွေနည်း ပြည်သူတွေအတွက် ကားစီးနိုင်ဖို့ ကုန်ကျစရိတ်တွေ အများကြီးပိုလာပါတယ်။

၂၀၁၇ ခုနှစ်အတွက် ပြည်ပက မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်ကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နိုဝင်ဘာ ၃၀ ရက်မှာ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆) ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် Model Year သတ်မှတ်ချက်ထွက်ပေါ်ပြီး နောက်ပိုင်းရက်ပိုင်းအတွင်း တစ်ပတ်ရစ်ကား အရောင်းအ၀ယ်ဈေးကွက်နဲ့ စလစ်ကားဈေးကွက်ထဲမှာ လှုပ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇ ထဲမှာဖြစ်ပေါ်မယ့် ဈေးကွက်အနေအထားကို မျှော်ကြည့်ကြတာပါ။ သတ်မှတ်ချက်အရတော့ ကားဈေးကျစေဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ မူဝါဒတွေ နောက်ထပ်မထွက်လာဘူးဆိုရင် ၂၀၁၇ မှာတော့ ကားဈေးသိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်။ လာမယ့်ဒီဇင်ဘာလကုန်ပိုင်းအထိ ၂၀၁၆ သတ်မှတ်ချက်နဲ့ ကားတင်သွင်းမှုတွေကို ခွင့်ပြုပေးသွားမှာ ဖြစ်တာကြောင့် ဒီလအတွင်း ကားတင်သွင်းခွင့် လိုင်စင်နဲ့ ပါမစ်တွေအပြိုင်အဆိုင် လျှောက်ထားကြမှာ ဖြစ်ပါတယ်။

“လက်ရှိဈေးကွက်ထဲမှာ လတ်တလောတော့ စလစ်ဈေးတွေ တက်ကုန်တယ်။ ပြန်ဝယ်မရရင် ရှုံးမှာဆိုတော့ အခုလိုအချိန်မှာ သတိထားနေရတယ်။ ၂၀၁၆ နဲ့ နှစ်ကုန်ပိုင်းအထိ ခွင့်ပြုမှာဆိုတော့ ပြည်ပကကားတွေ အများကြီးဝင်လာဦးမှာပါ။ ဈေးကတော့လတ်တလော သုံးလေးလတော့ တအိအိတက်ဦးမှာပေါ့၊ ၂၀၁၆ နဲ့ သွင်းထားတဲ့ကားတွေ ကုန်ခါနီးအချိန်ရောက်ရင်တော့ ပြည်ပကသွင်းတဲ့ တစ်ပတ်ရစ်ကားဈေးက သိသိသာသာ တက်လာမှာပါ။ အဲဒီအချိန်ကျရင် အသုံးပြုပြီးသား လက်ရှိ သိန်း ၁၀၀၊ ၁၅၀ ၀န်းကျင်ရှိတဲ့ ကားဈေးတွေလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်” လို့ ကားအရောင်းစင်တာ ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာစခဲ့တဲ့ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒကြောင့် အခု ၂၀၁၆ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံထဲကို ကားစီးရေ  ၅၈၀၀၀၀ ၀န်းကျင် တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ တင်သွင်းကားစီးရေနဲ့ အခြေခံအဆောက်အအုံ မမျှတတဲ့အတွက် ရန်ကုန်တစ်မြို့လုံး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့တာကြောင့် အရင်အစိုးရလက်ထက်ကတည်းက ပြစ်တင်ဝေဖန်ခံခဲ့ရပြီး လက်ရှိ NLD အစိုးရလက်ထက်မှာလည်း ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ နယ်လိုင်စင်ပေးပေမယ့် ရန်ကုန်မြို့မှာပဲ ကားတွေစုပြုံနေတာကြောင့် လက်ရှိအစိုးရလက်ထက်မှာ ရန်ကုန်မြို့ထဲ ကားဝင်ရောက်မှု လျော့ကျရေးအတွက် ၂၀၁၇ Model Year သတ်မှတ်ချက်ကို ဆောင်ရွက်တာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ယူဆကြပါတယ်။

၂၀၁၇ သတ်မှတ်ချက်အရ ယာဉ်အိုယာဉ်ဟောင်း အစီအစဉ် (Consignment စနစ်အပါအ၀င်) အတွက် လူစီးမော်တော်ယာဉ်တွေကို ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီနှင့် အောက်လူစီးယာဉ်တွေကို ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အတွင်း (၂၀၁၅ မှ ၂၀၁၇ ခုနှစ် ဘယ်မောင်းတင်သွင်းရမည်)၊ ကုန်တင်ယာဉ်တွေကို ၂၀၀၇ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ခရီးသည်ယာဉ်တွေကို ၂၀၀၇ မှ ၂၀၁၄ ခုနှစ်အတွင်း တင်သွင်းရမှာ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ် (ဖရီးပါမစ်) အတွက် လူစီးမော်တော်ယာဉ်တွေ (၁၃၅၀ စီစီနှင့် အောက်လူစီးကားများ အပါအ၀င်) ကို ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်တွေကို ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်တွေ (Express) တွေကို ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်တွေ၊ မြို့တွင်းပြေးဆွဲယာဉ်တွေကို ၂၀၀၇  မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းဖို့ သတ်မှတ်ထားပါတယ်။

ပုံမှန်လိုင်စင်နဲ့ မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှလှူဒါန်းသည့် မော်တော်ယာဉ် ပါမစ်လျှောက်ထားမှု အပါအ၀င်) အတွက် လူစီးမော်တော်ယာဉ်တွေကို ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံး ယန္တရားတွေကို ၂၀၀၇  မှ ၂၀၁၇ ခုနှစ်အတွင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်တွေကို ၂၀၀၁ မှ ၂၀၁၇ ခုနှစ်အတွင်း၊ သာသနာရေးဆိုင်ရာယာဉ်တွေကို ၂၀၀၇ မှ၂၀၁၇ ခုနှစ်အတွင်း၊ ခရီးသည် တင်ယာဉ်တွေ (Express) ကို ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်တွေ၊ မြို့တွင်းပြေးဆွဲယာဉ်တွေကို ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရမှာ ဖြစ်ပါတယ်။ အစိုးဌာနတွေအတွက် မော်တော်ယာဉ် လျှောက်ထားမှုတွေအတွက် လူစီးမော်တော်ယာဉ်တွေကို ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်၊ /ခရီး သည်တင်ယာဉ်/ကုန်တင်ယာဉ်/ယန္တရားတွေကို ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း တင်သွင်းဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ အတွက်သတ်မှတ်ခဲ့တဲ့ Model Year သတ်မှတ်ချက်တွေကို ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ကြည့်ရင် ၂၀၁၆ မှာ ဖရီးပါမစ်ကို ၂၀၁၁ မော်ဒယ်မှ ၂၀၁၄ မော်ဒယ်အထိ (ဘယ်/ညာ မခွဲခြား)၊ ၂၀၁၄ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အထိ (ဘယ်မောင်းတစ်မျိုးသာ) သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၇ မှာတော့ ဖရီးပါမစ်နဲ့ ကားဝယ်ယူမယ်ရင် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ မော်ဒယ်တွေ (ဘယ်မောင်း) တင်သွင်းရမှာဖြစ်ပြီး အဲဒီအောက်မော်ဒယ်တွေကို တင်သွင်းချင်ရင်တော့ စလစ်ကပ်ရမှာ ဖြစ်ပါတယ်။

ယဉ်အိုယာဉ်ဟောင်း အစီအစဉ်ကိုလည်း ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ကြည့်ရင် ၂၀၁၆ မှာ ၂၀၀၆ မော်ဒယ် မှ ၂၀၁၀ မော်ဒယ်အထိ (ဘယ်/ညာ မခွဲခြား) သတ်မှတ်ခဲ့ပေမယ့် ၂၀၁၇ မှာတော့ ၁၃၅၀ စီစီနှင့် အောက်လူစီးယာဉ်တွေကို ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အထိ သတ်မှတ်ခဲ့ပါတယ်။ အဲဒီထဲမှာမှ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ မိုဒယ်တွေကို ဘယ်/ညာ မခွဲခြားဘဲ တင်သွင်းနိုင်ပေမယ့် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ မော်ဒယ်တွေ တင်သွင်းရင်တော့ ဘယ်မောင်းကိုပဲ တင်သွင်းနိုင်မှာပါ။

သတ်မှတ်ချက်တွေအရ ၂၀၁၇ မှာ လူစီးမော်တော်ယာဉ် ၀ယ်ယူမယ်ဆိုရင် စလစ်ကပ်မယ်ဆိုရင်တောင် ၂၀၁၁ မော်ဒယ်ကိုပဲ အနိမ့်ဆုံးထား တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် လက်ရှိလူအများစီးနေတဲ့ ကားတွေလက်ရှိထက် ဈေးတက်လာမှာဖြစ်သလို ကားစီးလိုသူအများစုအတွက် ကားသစ်တင်သွင်းဖို့၊ ၀ယ်စီးဖို့ဆိုတာ မလွယ်ကူတဲ့အခြေအနေကို ပိုမိုရောက်ရှိစေမှာ ဖြစ်ပါတယ်။

“ကားတင်သွင်းမှုပေါ်လစီရဲ့ နောက်ဆက်တွဲအနေနဲ့ ရောက်ရှိပြီးသား တစ်ပတ်ရစ် (Used) ကားတွေကတော့ ဈေးတက်သွားနိုင်ပါတယ်။ ၃၀ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၄၀ အထိ ဈေးတက်သွားနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Free Permit က မော်ဒယ်မြင့် ဘယ်မောင်းသာ တင်သွင်းခွင့်ရတော့မှာ ဖြစ်တာကတစ်ကြောင်း၊ အိုဟောင်းပါမစ်ကလည်း ၂၀၁၁ ခုနှစ်အထက်သာ တင်သွင်းရမှာ တစ်ကြောင်းတို့ကြောင့် Used ကားဈေးတက်နိုင်ပါတယ်။ ဒေါ်လာဈေးကလည်း ၁၀ ရာခိုင်နှုန်းလောက် တက်နေတယ်။ ဂျပန်ကားလေလံကလည်း ၃ - ၅ ရာခိုင်နှုန်းလောက် တက်နေတယ်။ ကားဟောင်းစလစ်ကလည်း ဈေးတက်နေတယ်ဆိုတော့ အားလုံးအတက် ဖြစ်နေပါတယ်” လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။

ပြည်ပမှ ကားတွေတင်သွင်း ရောင်းချနေတဲ့ Distinct Trading Co.,Ltd မန်နေးဂျင်းဒါရိုက်တာ ဦးထွဋ်ထိပ်ကလည်း “အခု ၂၀၁၇ သတ်မှတ်ချက်အရဆိုရင် လူစီးများတဲ့ကားတွေဖြစ်တဲ့ သိန်း ၁၀၀၊ ၁၅၀ တန်ကားတွေ ထပ်သွင်းဖို့ခက်သွားမှာပါ။ အခုအချိန် Honda Fit သွင်းမယ်ဆိုရင် သိန်း ၁၅၀ လောက်ကျမယ်ပဲထား၊ လာမယ့်နှစ်မှာ အဲဒီကားကို သွင်းမယ်ဆိုရင် စလစ်ဖိုးတင် သိန်း ၁၀၀ ကျော်နေပြီ။ အပြီးအစီးဆိုရင် သိန်း ၂၅၀ လောက်ကျသွားမယ်။ အဲဒီလိုလူစီးများတဲ့ ကားတွေအကုန်ဈေးတက်မယ်” လို့ပြောကြားပါတယ်။

လက်ရှိကားဈေးကွက်ထဲမှာကို လိုအပ်ချက်အရ စလစ်ဈေးတွေ မြင့်နေတာဖြစ်ပြီး ၂၀၁၇ Model Year သတ်မှတ်ချက်ကြောင့် စလစ်ဈေးတွေ ထိုးတက်လာဦးမှာ ဖြစ်ပါတယ်။ မူဝါဒမထွက်ရှိခင် နိုဝင်ဘာ ၂၁ ရက်မှာ နှစ် ၂၀ စလစ်က ၁၀၉ သိန်း၊ စက်မှုဇုန် လူစီးစလစ်က ၁၀၇ သိန်း၊ တက္ကစီစလစ်က ၉၃ သိန်း၊ တိုက်ကြေစလစ်က ၉၇ သိန်း၊ စက်မှုဇုန်လိုက်ထရပ်အပ်ကားက ၄၆ သိန်းရှိရာကနေ မူဝါဒထွက်ပြီး ဒီဇင်ဘာ ၂ ရက်မှာ နှစ်၂၀ စလစ်က ၁၁၈ သိန်း၊ စက်မှုဇုန် လူစီးစလစ်က ၁၁၆ သိန်း၊ တက္ကစီစလစ်က ၉၄ သိန်း၊ တိုက်ကြေစလစ်က ၁၀၅ သိန်း၊ စက်မှုဇုန် လိုက်ထရပ်အပ်ကားက ၄၆ သိန်းရှိပါတယ်။ ဒါကိုကြည့်ရင် လူစီးမော်တော်ယာဉ်တွေကို တင်သွင်းနိုင်မယ့် စလစ်ဈေးနှုန်းတွေဟာ ရက်ပိုင်းအတွင်း ကျပ် ၁၀ သိန်း ၀န်းကျင်မြင့်တက်လာတာ တွေ့ရမှာပါ။

၂၀၁၇ မှာ လူအများစုအသုံးပြု နေတဲ့ ကားတွေစလစ်ကပ်ရမှာကြောင့် ဈေးနှုန်းမြင့်တက်လာမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တင်သွင်းမော်တော်ယာဉ်တွေကို အခွန်အမျိုးမျိုး ကောက်ခံနေတာဖြစ်ပါတယ်။ လက်ရှိလူစီးယာဉ်တွေကို ကောက်ခံနေတဲ့ အခွန်နှုန်းထားတွေကတော့ အကောက်ခွန် CIF × ရာခိုင်နှုန်း ၃၀ (၂၀၀၀ စီစီနှင့်အောက်)၊ CIF × ရာခိုင်နှုန်း ၄၀ (၂၀၀၁ စီစီနှင့် အထက်)၊ အထူးကုန်စည်ခွန် (CIF + အကောက်ခွန်) × ၂၅ ရာခိုင်နှုန်း (၁၈၀၀ စီစီနှင့် အထက်ကားများသာ)၊ ကုန်သွယ်ခွန် (CIF + အကောက်ခွန် + အထူးကုန်စည်ခွန်) × ၅ ရာခိုင်နှုန်း (အားလုံးအကျုံးဝင်)၊ ၀င်ငွေခွန် (CIF + ဆိပ်ကမ်းခွန်)× ၁၅ ရာခိုင်နှုန်း (ကျပ်သိန်း ၃၀၀ အောက်)၊ (CIF + ဆိပ်ကမ်းခွန်) × ရာခိုင်နှုန်း ၂၀ (ကျပ်သိန်း ၃၀၀ မှ သိန်း ၁၀၀၀ အထိ)၊ (CIF + ဆိပ်ကမ်းခွန်) × ရာခိုင်နှုန်း ၃၀ (ကျပ်သိန်း ၁၀၀၀ အထက်)၊ က.ည.န ခွန် CIF × ၀.၈၃၃၃ × ရာခိုင်နှုန်း ၃၀ (၁၃၅၀ စီစီနှင့်အောက်)၊ က.ည.န ခွန် CIF × ၀.၈၃၃၃ × ရာခိုင်နှုန်း ၅၀ (၁၃၅၁ စီစီမှ ၂၀၀၀ စီစီ)၊ က.ည.န ခွန် CIF × ၀.၈၃၃၃ × ရာခိုင်နှုန်း ၈၀ (၂၀၀၁ စီစီမှ ၅၀၀၀ စီစီ)၊ က.ည.န ခွန် CIF × ၀.၈၃၃၃ × ၁၂၀ ရာခိုင်နှုန်း (၅၀၀၁ စီစီအထက်) ကောက်ခံနေတာဖြစ်ပါတယ်။

“ကားတင်သွင်းတဲ့ စနစ်ကြီးကလည်း စဉ်းစားရင် လိုအပ်ချက်တွေရှိနေတာလည်း အမှန်ပါ။ မော်ဒယ်မြင့်တွေကို အခွန်အရမ်းတိုးကောက်တော့ ပြည်သူတွေကို မင်းတို့ကားအဟောင်းတွေ၊ မော်ဒယ်နိမ့်တွေပဲ စီးကြဟေ့ဆိုပြီး သတ်မှတ်ပေးထားသလိုပဲ။ ဈေးကွက်ဝင် မော်ဒယ်နိမ့်ကား အမျိုးအစားတွေကိုပဲ ဂျပန်လေလံမှာ အလုအယက် ဈေးပြိုင်ပေးပြီး အချင်းချင်းလုဆွဲနေရတယ်။ မြန်မာတွေ လုဆွဲတဲ့ကားတွေဆို သာမန်ပေါက်ဈေးထက် အများကြီးပိုပေးပြီး ၀ယ်နေရတယ်။ အဓိကကတော့ မော်ဒယ်မြင့်ရင် အခွန်အရမ်းတိုးကောက်တဲ့ အခွန်ကောက်ခံပုံ စနစ်ကြောင့်လည်း ပါပါတယ်” လို့ ဦးထွဋ်ထိပ်က သုံးသပ်ပါတယ်။

လက်ရှိ ၂၀၁၆ နိုဝင်ဘာ လကုန်ပိုင်းမှာဆိုရင် ၂၀၀၄ မိုဒယ် Toyota MaxX တစ်စီး တင်သွင်းမယ်ဆိုရင် ကျပ်သိန်း ၂၅၀ ၀န်းကျင်လောက်ပဲ ကုန်မှာဖြစ်ပေမယ့် ၂၀၁၇ Model Year သတ်မှတ်ချက်ကြောင့် ၂၀၁၁ မိုဒယ်အနိမ့်ဆုံး သွင်းရမှာဖြစ်တဲ့အတွက် စလစ်ဖိုး၊ ကားတန်ဖိုးနဲ့ အခွန်တွေပေါင်းရင် ကျပ်သိန်း ၄၅၀ - ၅၀၀ လောက်ကျသင့်မှာ ဖြစ်ပါတယ်။ ဒီ MaxX က မြန်မာနိုင်ငံမှာ အတန်အသင့်ကြွယ်ဝတဲ့ လူတန်းစားတွေ စီးတဲ့ကားဖြစ်တာကြောင့် သူတို့တွေအတွက် သိန်း ၂၀၀ - ၂၅၀ လောက်ပိုကုန်ကျတာ အခက်အခဲမရှိပေမယ့် လူအများစီးနေတဲ့ သိန်း ၁၀၀ - ၁၅၀ ကြားကားတွေ သိန်း ၂၅၀ - ၃၀၀ ဖြစ်မှာကတော့ အခြေခံလူတန်းစားနဲ့ ၀င်ငွေနည်း လူလတ်တန်းစားတွေ အတွက်တော့ ကိုယ်ပိုင်ကားဝယ်စီးနိုင်ဖို့ အခွင့်အရေး နည်းပါးစေမှာပါ။

လက်ရှိဈေးကွက်ထဲမှာ လူအများစီးနေတဲ့ Toyota Probox၊ Nissan AD Van၊ Toyota Vitz၊ Honda Fit၊ Mazda Demio၊ Suzuki Swift၊ Toyota Ractis စတဲ့တစ်ပတ်ရစ် ကားသစ်တွေကို ကျပ်သိန်း ၁၂၀ - ၁၅၀ ကြားနဲ့ ၀ယ်ယူနိုင်ပေမယ့် လာမယ့်နှစ်မှာ အဲဒီကားတွေကို စလစ်ကပ်ပြီး ၀ယ်ယူရမယ်ဆိုရင် ကျပ်သိန်း ၂၅၀ ၀န်းကျင်အထိ ဈေးမြင့်တက်လာမှာ ဖြစ်ပါတယ်။ ၂၀၁၇ အတွက် ကနဦးချမှတ်ခဲ့တဲ့ မူဝါဒကြောင့် ၂၀၁၇ မှာ တင်သွင်းခွင့်မရှိတော့မယ့် လက်ရှိ ၁၃၅၀ စီစီအောက် ညာမောင်းကားတွေ၊ စလစ်ဈေးတွေနဲ့၊ စလစ်ကပ်တင်သွင်းထားတဲ့ ၂၀၁၀ မိုဒယ်အောက်ကားတွေ ပြည်တွင်းဈေးကွက်မှာ ဈေးမြင့်တက်လာမှာ ဖြစ်ပါတယ်။

NLD အစိုးရအနေနဲ့ ၂၀၁၇ မှာ ကားဈေးအဆမတန် မြင့်တက်မှုကို မဖြစ်စေချင်ဘူးဆိုရင် စလစ်ကပ်နိုင်မယ့် ယာဉ်အမျိုးအစားတွေ ထပ်ပြီးခွင့်ပြုပေးဖို့နဲ့ ကောက်ခံနေတဲ့ အခွန်နှုန်းတချို့ကို ဖြေလျှော့ပေးဖို့လိုတယ်လို့ ကားတင်သွင်းရောင်းချသူတချို့က ထင်မြင်ချက်ပေးပါတယ်။

“စလစ်ကပ်တင်သွင်းမယ့် ကားတစ်စီးမှာ မူလကားတန်ဖိုးက ကျပ်သိန်း ၅၀ ဆိုရင် အိုဟောင်းစလစ်က သိန်း ၁၀၀ ကျော်၊ အကောက်ခွန်၊ ကုန်သွယ်ခွန်၊ ကညနအခွန်၊ သိန်း ၅၀ လောက်၊ ပြည်တွင်းအခွန်က သိန်း ၂၀ လောက်ကျပါတယ်။ ကားဈေးကျဖို့ဆိုရင် စလစ်ဈေးနဲ့ အခွန်လျှော့မှပဲ ဈေးကျနိုင်ပါတယ်။ Free Permit အနေနဲ့ဆိုလည်း အင်ဂျင်ပါဝါ ၁၀၀၀ စီစီ - ၁၃၀၀ စီစီပဲ တင်သွင်းတာများပါတယ်။ ရန်ကုန်ပါကင်မရလို့ နယ်လိပ်စာအမည်နဲ့ပဲ ကားစီးခွင့်ရပါတယ်။ နယ်တွေအတွက် အခွန်သက်သာခွင့် သတ်မှတ်ပေးသင့်ပါတယ်” လို့ ဒေါက်တာစိုးထွန်းက ပြောကြားပါတယ်။

ဦးထွဋ်ထိပ်က “နိုင်ငံတော်က ကောက်ခံမယ့် အခွန်နှုန်းထားတွေသာ သိသိသာသာ မလျှော့ပေါ့ပေးဘူးဆို ကားအသစ်တွေ နောက်ထပ်နောက်ထပ် သွင်းဖို့ခက်မယ်။ နောက်ဆက်တွဲ အနေနဲ့ ပြည်တွင်းကားဈေးကလည်း အနည်းနဲ့အများ ဈေးတက်တော့မှာပါ။ ကားအသစ်သွင်းတာ ဈေးကြီးသွားရင် ပြည်တွင်းကားတွေပါ လိုက်ပြီးဈေးတက်လေ့ရှိပါတယ်။ ဒါကထုံးစံပါပဲ။ အစိုးရအနေနဲ့လည်း လတ်တလော ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းဖြစ်တဲ့ နောက်ထပ်ကားအသစ်တွေ အ၀င်နည်းအောင်လို့ နည်းအမျိုးမျိုးနဲ့ ထိန်းချုပ်ဖို့ရှိနေပါတယ်။ ဒါကြောင့်မို့လည်း ကားတွေကို လွယ်လွယ်ကူကူ ဈေးပေါပေါနဲ့ ၀ယ်လို့သွင်းလို့မရအောင် မသိမသာရော သိသိသာသာပါ ကိုင်တွယ်တင်းကျပ်နေကြတာပါ” ဟုထင်မြင်ချက်ပေးပါတယ်။

လက်ရှိ NLD အစိုးရသက်တမ်း ရှစ်လကျော်အတွင်းမှာ ရန်ကုန်ကားပါကင် ထောက်ခံချက် ရပ်ဆိုင်းမှု၊ တင်သွင်းကားတွေအပေါ် ၀င်ငွေခွန်ကောက်ခံမှု၊ Pick-up ယာဉ်တွေကို လူစီးယာဉ်စလစ် ထုတ်ပေးတာ ရပ်ဆိုင်းမှု စတာတွေပြုလုပ်ခဲ့တာကြောင့် ၂၀၁၆ ခုနှစ်ထဲမှာ ကားဈေးတွေ ရာခိုင်နှုန်း ၂၀ ကနေ ရာခိုင်နှုန်း ၃၀ ၀န်းကျင် မြင့်တက်ခဲ့ပါတယ်။ အခု ၂၀၁၇ အတွက် Model Year သတ်မှတ်ချက်တွေကြောင့် မိုဒယ်မြင့် ကားတွေအတွက် ဈေးနှုန်းကွာဟချက် နည်းပါးပေမယ့် လူအများစီးနေတဲ့ မိုဒယ်နိမ့်၊ ဈေးတန်းနိမ့်ကားတွေ အတွက်ကတော့ စလစ်လိုအပ်ချက်ကြောင့် ဈေးနှုန်းများစွာ မြင့်လာမှာဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ ကားဈေး၊ ကားလေလံဈေး၊ အခွန်နှုန်းနဲ့ ဒေါ်လာဈေး အခြေအနေတွေအရ ၂၀၁၇  မှာ ကျပ်သိန်း ၁၀၀ - ၁၅၀ နဲ့ ပြည်သူတွေ ကားဝယ်စီးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒေါ်လာဈေးကလည်း ကိုးနှစ်အတွင်း စံချိန်တင်ဈေးနှုန်းအဖြစ် နိုဝင်ဘာ ၃၀ ရက်မှာ တစ်ဒေါ်လာ ၁၃၆၂ ကျပ်အထိ ဖြစ်ပေါ်ခဲ့သလို ဒီဇင်ဘာ ၃ ရက်အထိ ကျပ် ၁၃၅၀ ကျော်မှာ ရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၇ အတွက် ချမှတ်တဲ့ မော်တော်ယာဉ်မူဝါဒဟာ ပြည်သူလူထုရဲ့ ရွေးကောက်ခံ NLD အစိုးရအနေနဲ့ ရန်ကုန်မြို့ရဲ့ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ဖြေရှင်းဖို့အတွက် ဆောင်ရွက်တာပဲဖြစ်ဖြစ်၊ ဒေါ်လာ သုံးစွဲနေတဲ့ အဓိကသွင်းကုန်တစ်မျိုးကို ကန့်သတ်ချင်တာပဲဖြစ်ဖြစ် ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း ယိုယွင်းပျက်စီးနိမ့်ကျနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ အရည်အသွေးကို မြှင့်တင်ပေးဖို့လိုပါတယ်။ အရည်အသွေးကောင်းပြီး တစ်နိုင်ငံလုံးလွှမ်းခြုံထားတဲ့ လမ်းတံတားတွေပေါ်မှာ တိုင်းသူပြည်သားတွေက စိတ်လက်ချမ်းမြေ့စွာ ကားမောင်းပြီး သွားလာချင်တယ်ဆိုတာ NLD အစိုးရမမေ့ဖို့ လိုပါတယ်။            
Writer:
စည်သူအောင်
Eleven Media

No comments:

Post a Comment