Latest News

Friday, December 23, 2016

ထူးအိမ်သင် (ကိုငှက်) ရဲ့အငွေ့အသက်တွေ ခံစားနိုင်တဲ့ အလင်းဆိုင်

ထူးအိမ်သင် (ကိုငှက်) ရဲ့အငွေ့အသက်တွေ ခံစားနိုင်တဲ့ အလင်းဆိုင်


“အိုး တိတ်ဆိတ် ည… အလင်းဆိုင်လေးတစ်ခုရဲ့ ည… တေးတစ်ပုဒ်ကို ညည်းဆို ရင်း ဟိုးအတိတ်ကို သိပ်သတိရ… ”

ဂီတအနုပညာရပ်ဝန်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ အဆိုတော် ထူးအိမ်သင်ရဲ့ တေးသံက အခန်းငယ်ထဲမှ ပျံ့လွှင့်နေပါတယ်။ ပန်းရောင်နံရံတွေပေါ်မှာတော့ ထူးအိမ်သင်ရဲ့ ရုပ်ပုံ ပန်းချီကားချပ် တွေ၊ မြန်မာမှုအငွေ့အသက်ရရှိ စေတဲ့ ဆေး ရေးပန်းချီတွေ ချိတ်ဆွဲထားပါတယ်။ ပန်းချီကားတွေ ကြားမှာတော့ ကဗျာဆရာတွေကိုယ်တိုင် လက်မှတ်ရေးထိုးပေးထားတဲ့ လက်မှတ်နဲ့အတူ မှန်ဘောင်ချိတ်သွင်းထားတဲ့ ကဗျာစာရွက်ဖြူတွေကိုလည်း မြင်တွေ့ခံစားနိုင်ပါသေး တယ်။ မတူကွဲပြားတဲ့ ပန်းချီကားတွေ၊ ကဗျာတွေ၊ လက်မှုပစ္စည်းတွေစတဲ့ အနုပညာ ပစ္စည်းတွေကြားမှာထိုင်ပြီး ချို ပေါ့ကျ ကော်ဖီတစ်ခွက်ကို သောက်ရင်း ဆောင်းဘောက်ခ် ငယ်မှ ငြိမ့်ညောင်းစွာထွက်ပေါ် နေတဲ့ ထူးအိမ်သင်ရဲ့ တေးသွားလေးတွေကို နားထောင်ရတာ လည်း သည်နေရာရဲ့ ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။

သည်နေရာကတော့ ထူးအိမ်သင်ကို ရူးရူးသွပ်သွပ်နှစ်သက်တဲ့ မိသားစုကဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ လယ်ကနေတစ်နာရီကြာလောက် ကားစီးရင် ရောက်ရှိနိုင်တဲ့ မြောက်ဒဂုံမြို့နယ်က အလင်းဆိုင် Gallery Cafe  ဖြစ်ပါတယ်။

အမြင်ဆန်း အေးချမ်း

“မြန်မာမှုလေးတွေပေါ့၊ တခြားဆိုင်တွေဆိုရင် နိုင်ငံခြားရဲ့ အငွေ့အသက်တွေ အများကြီးပါတယ်လေ၊ ကြည်နူးမှုလဲရတယ်၊ တော်တော်အမြင်ဆန်းတယ်ပေါ့ နော်၊ အမြင်လေးတစ်ခုဆန်းတယ်၊ နောက်ပြီးတော့ ကိုယ့်ရဲ့ရပ်ရွာမှာ ပေါ့၊ ဒီဒဂုံမြောက်ပိုင်းလိုနေရာမျိုးမှာ ဒီလိုဆိုင်လေးကို တွေ့ရတော့လဲ တော်တော်ဝမ်းသာတယ်၊ များ သောအားဖြင့် မရှိဘူးလေ၊ မရှိတဲ့အတွက် ကိုယ့်ဒီနေရာ လေးမှာ မြို့ထဲကို သွားစရာမလိုဘဲ၊ အချိန်လဲ အများကြီးပေးစရာမလိုဘဲ ရောက်တာနဲ့တစ်ပြိုင်နက် တည်း မိသားစုကိုလဲ သူတို့ကိုလဲ ထူးထူး ဆန်းဆန်းလေးတွေ ပြလို့ရတာပေါ့”လို့ အလင်းဆိုင်ရဲ့ စားသုံးသူတစ်ဦးဖြစ်တဲ့ ဒေါ်သန်းသန်းညွန့်က ကော်ဖီသောက်ရင်း ပြောပါတယ်။

မြောက်ဒဂုံမှာ နေထိုင်ပြီး ထူးအိမ်သင်သီချင်းကို တစ်မိသားစုလုံးက ကြိုက်ကြတယ်ဆိုတဲ့ ဒေါ်သန်းသန်းညွန့်က အလင်းဆိုင်ကို သွားရင်လာရင်း မြင်တွေ့တာကြာ ပြီ ဖြစ်ပါတယ်။ ပန်းချီတွေ၊ အနုပညာတွေ ဝါသနာပါတဲ့ ဒေါ်သန်း သန်းညွန့်အနေနဲ့ ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်တစ်ခုတည်းနဲ့တင် နောက်တစ်ကြိမ်လာဖို့ ဒေါ် သန်းသန်းညွန့် စိတ်ကူးနေပြီ ဖြစ်ပါတယ်။

ဒေါ်သန်းသန်းညွန့်က“ဒီအပြင်အဆင်လေးကိုလဲ တော်တော် သဘောကျပါတယ်၊ ပထမတော့ ခဏလေးထိုင်ပြီး ပြန်မယ်ပေါ့နော်၊ ဒါပေမဲ့ ဆိုင်ထဲဝင်ပြီးတဲ့အချိန်မှာ မပြန်ချင်တော့ဘူး၊ အေးအေးဆေး ဆေးနေချင်တယ်ပေါ့နော်၊ အေး အေးဆေးဆေးလေးနေပြီးတော့ မိသားစုတွေလဲ ခေါ်လာချင်စိတ် ပေါက်တယ်၊ အဲဒါ အေးအေးဆေး ဆေးနေပြီးတော့ လျှောက်ကြည့်နေတာ”လို့ ပြောပါတယ်။

အလင်းဆိုင်ရဲ့အစ

“စီးပွားရေးအကျိုးအမြတ်အ နေနဲ့ ဆိုရင်တော့ တခြားလုပ်ငန်းတွေလဲ လုပ်တတ်ပါတယ်၊ ဒါက ဝါ သနာပါတာရယ်၊ သမီး စုထားတာတွေ ပြချင်တာရယ်၊ အခင်းအကျင်း အလှအပလေးတွေက မာမီသိမ်းရ တာ ခေါင်းမူးပါတယ်၊ သမီးက ခရီးသွားတိုင်းကြုံရတဲ့နေရာတိုင်းက ဝယ်လာတဲ့ Hand Made အဲဒါလေးတွေ ချပြချင်တာ၊ ဆိုင် နာမည်တွေရွေးတုန်းကလဲ အမေ့ အိမ်ထမင်းဆိုင်လေး ဖွင့်မလို့ပေါ့၊ Gallery နဲ့ တွဲလိုက်တော့ မလိုက်ဘူး ဝိုင်းစဉ်းစားကြတော့ နောက်ဆုံး အလင်းဆိုင်လို့ ထူးအိမ်သင် သီချင်းခေါင်းစဉ်လေး ယူပြီးတော့ ဖွင့်လိုက်တာ”လို့ အလင်းဆိုင်ကို တည်ထောင်သူတစ် ဦးဖြစ်တဲ့ ဒေါ်တင့်တင့်လှိုင်က ပြောပါတယ်။

သမီးဖြစ်သူ မအိနဲ့အတူ အ လင်းဆိုင်လေးကို ဖွင့်လိုက်တာ သုံးလကြာပြီ ဖြစ်ပါတယ်။ အရင်တုန်းက ဒေါ်တင့်တင့်လှိုင်နဲ့ သမီး ဖြစ်သူက အိမ်ခြံမြေလုပ်ငန်း လုပ် ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ် ပေါင်းများစွာ လုပ်ကိုင်လာတဲ့ မအိ အိမ်ခြံမြေလုပ်ငန်းက အိမ်ခြံမြေ ဈေးနှုန်းထိုးကျသွားတာကြောင့် ရပ်တန့်သလို ဖြစ်သွားပြီး အလုပ် မရှိသလောက် ဖြစ်သွားပါတယ်။

“အိမ်ခြံမြေနဲ့လဲကျသွားတယ်၊ သမီးကိုပြောတယ်၊ လဲကျသွားရင် ကျုံးထ၊ အခါ ၁၀ဝ လဲရင် အခါ ၁၀ဝကျုံးထ၊အသက်မထွက်မချင်း ဒီနည်းနဲ့မဟုတ် နောက်နည်းနဲ့ ကျုံးထ၊ သမီးကို အားပေးရင်းနဲ့ ဝိုင်းကူလုပ်တာ”လို့ ဒေါ်တင့်တင့် လှိုင်က ပြောပါတယ်။

သူက “ဒုက္ခဟာ ပျားရည်စက် လို ချိုတယ်ဆိုတဲ့ သီချင်လေးလို ပေါ့၊ထူးအိမ်သင်သီချင်း လူဆိုတာ မွေးတကည်းကဒုက္ခရှိမှာလေ၊ အဲ ဒါလေးတွေကို ဖြေရှင်းရင်းနဲ့ မပျင်း ရတော့ဘူးပေါ့”လို့ အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်တင့်တင့် လှိုင်က ပေါ့ပါးစွာ ပြောပါတယ်။

နှစ်ရှည်လများ စုဆောင်းထား တဲ့ ပန်းချီကားတွေ၊ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ရင်း ကျန်ရှိခဲ့တဲ့ ပုံစံ မျိုးစုံ စားပွဲဝိုင်းတွေ၊ ပုဂံ အစ ရှိတဲ့ မြို့တွေမှထွက်ရှိတဲ့ လက်မှုပစ္စည်းလေးတွေနဲ့ ဖွင့်လှစ်ထားတဲ့ အလင်းဆိုင်ကဖေးက အနုပညာ မြတ်နိုးသူတွေရဲ့ ဆုံရပ်လေးတစ်ခု ဖြစ်ဖို့ ကြိုးစားနေဆဲကာလဖြစ်ပါ တယ်။ လက်ရှိမှာတော့ နေရာအရပ်ရပ်က ထူးအိမ်သင်ရဲ့ ပရိသတ်တွေ ဆုံရာအရပ်လည်း ဖြစ်နေပါ ပြီ။ ဆိုင်ဖွင့်ခါစကနေပြီး နေ့စဉ်လိုလို လာရောက်စားသောက်တဲ့ စားသုံးသူတွေ အလင်းဆိုင်မှာ ရှိနေပါပြီ။ စားသုံးသူ မှာယူတဲ့ မြန်မာအစား အစာတွေကို ချက်ချင်းချက်ပြုတ်ပေးဖို့ လည်း အဆင်သင့် ဖြစ်အောင် ပြုလုပ်ထားတယ်လို့ ဒေါ်တင့်တင့်လှိုင်က ပြောပါတယ်။

သုံးလကြာသက်တမ်းအတွင်း မှာ လူသိများလာပြီး ရန်ကုန်မြို့က မဟုတ်တဲ့သူတွေလည်း အထူးတလည် စီစဉ်ပြီး လာရောက်တာ မျိုးတွေ ရှိနေတယ်လို့ ဆိုင်ရှင်ဖြစ်သူ ဒေါ်တင့်တင့်လှိုင်ကဆိုပါတယ်။
အပတ်စဉ် ဖျော်ဖြေဖပေးတဲ့ စင်တင်ဂီတမှာ လာရောက်သူတွေက အနုပညာသမားတွေဖြစ်တာကြောင့် ကိုယ်တိုင်သီဆိုသွားကြတာမျိုးလည်း ရှိပါတယ်။ လာရောက်စားသောက်သူတွေလည်း ကိုယ်တိုင်သီဆိုနိုင်ပါ တယ်။

အနုပညာနာမည်တွေ
စားပွဲဝိုင်းတွေရဲ့အမည်ကို ကဗျာဆရာတွေ နာမည်ဖြစ်တဲ့ “နေညိုညို” “ညိုပြာပိုင်” စတဲ့ ဆန်း ပြားတဲ့ အမည်တွေ ပေးထားပါတယ်။ ဒါကြောင့် ကတ္ထူစာရွက်ပေါ်မှာ တွေ့တဲ့ နာမည်လှလှလေးတွေက ကဗျာဆရာရဲ့နာမည်ဖြစ်သလို စားပွဲနံပါတ်တွေလည်း ဖြစ်ပါတယ်။

အစားအသောက်တည်ခင်းရာမှာ အသုံးပြုတဲ့ ဖန်ခွက်တွေကို ကြိမ်ထည်ခွက်ငယ်ထဲမှာ ထည့်သွင်းပြီး သုံးဆောင်နိုင်ပါတယ်။ ရေနွေးကရားအိုး၊ ပန်းကန်လုံးတွေကလည်း ကနုတ်ပန်းလေးတွေ စီခြယ်ထားတဲ့ ကြွေထည်ပစ္စည်းတွေ အသုံးပြုထားပါတယ်။ အလင်းဆိုင်လို့ နာမည်ပေးထားပေမဲ့ ဆိုင်ခန်းအတွင်းမှာ ထွန်းညှိအလှဆင်ထားတဲ့ မီးအပြင်အဆင်က သက်သောင့်သက်သာဖြစ်စေပါတယ်။

“ပန်းချီကားတွေကို တစ်လပြီးရင်၊ တချို့ဟာတွေ ဖြုတ်ရောင်းပြီးရင် အသစ်ပြန်တပ်တယ်၊ လာနေကျသူတွေက ထပ်ခါထပ်ခါ အမြဲ လာနေတာ၊ ကြာရင် ဒီပုံတွေဆို အမြင်ရိုးလာမယ်၊ ကဗျာတွေကလဲ ဆရာကြီးတွေ၊ ဆရာမကြီးတွေ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးထားတာကို ဘောင်ခတ်ပြီး ချိတ်ထားတာပေါ့၊ အများကြီးတော့ အ များကြီး၊ အားမနာတမ်း လိုက်ကြည့်လို့ရတယ်၊ ပစ္စည်းတွေကတော့ မြန်မာနိုင်ငံ အနယ်နယ်အ ရပ်ရပ်ကို သွားတိုင်းသ∑ားတိုင်း ပစ္စည်းတွေ ဝယ်ဝယ်လာတာ၊ ဆိုင် ထွက်မယ်လို့လဲ မရည်ရွယ်ပါဘူး၊ စားပွဲကုလားထိုင်တွေလဲ မာမီတို့ အိမ်က ပစ္စည်းတွေပဲလေ သည်မှာ အဆင်ပြေသလို သုံးနေတာပါ၊ အော်ဒါမှာထားတာတွေလဲ မဟုတ် ဘူး၊ အဲဒါကြောင့် ခုံတွေ စားပွဲတွေက အမျိုးမျိုး ဖြစ်နေတာပေါ့”လို့ ဒေါ်တင့်တင့်လှိုင်က ပြောပါတယ်။

အလင်းဆိုင် ဖြစ်တည်လာဖို့ ငွေကြေးအရင်းအနှီးအများကြီး မစိုက်ထုတ်နိုင်တာကြောင့် စိတ်ရှိသလို ပြင်ဆင်နိုင်ခြင်း မရှိသေးလို့ ဆိုပါတယ်။

၂၅ ရက်နေ့ရောက်တိုင်း ဆိုင်ဖွင့်တဲ့အထိမ်းအမှတ်အဖြစ်ဆိုင်မှာ ပန်းချီကားတွေ မဲဖောက်ပေးပါတယ်။ လာစားသုံးသူတွေရဲ့ ဖုန်းနံပါတ်ကို ယူထားပြီး ည၁၁းဝ၀ နာရီမှာ မဲဖောက်ပေးပါတယ်။

မြန်မာအငွေ့အသက်

တည်ခင်းရောင်းချတဲ့ အစားအသောက်တွေကလည်း မြန်မာ မိသားစုတွေ စားလေ့ရှိတဲ့ ငါးရံ့ ခြောက်၊ ခရမ်းသီးဖုတ်လိုမျိုး အစားအသောက်ပုံစံမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ မြို့ပြရဲ့ နေထိုင် ပြောင်းလဲမှုနဲ့အတူ လျှပ်စစ်မီးဖို၊ ဂက်စ်မီးဖို အသုံးများလာတာ ကြောင့် အဲသည်လို အစားအသောက်တွေက အချိန်ယူစီစဉ်ပြီး မလုပ်ချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။

စာအုပ်အဟောင်းစင်လေးမှာ ရှိတဲ့ စာအုပ်အစုံတွေကိုလည်း မြည်စမ်းဖတ်ကြည့်နိုင်သလို၊ သ ဘာဝဆန်တဲ့ အနုပညာပစ္စည်းတွေကြားက ကဗျာတွေကိုလည်း ဖတ်ရှုံနိုင်ပါတယ်။

“မာမီတို့ဆိုင်မှာ ရောင်းတာကရပ်ကွက်က အိမ်မှာ ချက်စားနိုင် တဲ့ဟာတွေလေ ဟင်းရံဟင်းခတ် ပေါ့၊ အဲဒါမျိုးကို တမင်တကာတ ခုတ်တရ  လာစားတယ်ဆိုတာက အမေတို့ရဲ့ မေတ္တာစေတနာနဲ့ ကောင်းကောင်းမွန်မွန် စားကြပါ စေဆိုတဲ့ စေတနာထားတဲ့အတွက်ကြောင့် လာစာရင်းနဲ့ အဆင်ပြေသွားတော့ နောက်လာစားဖြစ်ကြတာပေါ့”လို့ ဒေါ်တင့်တင့်လှိုင်က ပြောပါတယ်။

တစ်နေ့တာမွန်းကျပ်မှုတွေအတွက် အနားယူနိုင်တဲ့ ကဖေးဆိုင်လေးထဲမှာတော့ ထူးအိမ်သင် သီချင်းတွေ ပျံ့လွင့်နေဆဲ ဖြစ်ပါ တယ်။


Sources ; ကိုသက်ဖြိုး အောင်လေး / ကုမုဒြာ

No comments:

Post a Comment