Monday, December 26, 2016
စည်ပင်ပိုင် လမ်းနယ်နိမိတ်တွင် ဆိုင်များ ဆောက်လုပ်ခြင်း
စည်ပင်ပိုင် လမ်းနယ်နိမိတ်တွင် ဆိုင်များ ဆောက်လုပ်ခြင်း
ရန်ကုန်မြို့တော်ရှိ မြို့နယ်များ၌ စည်ပင်ပိုင် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်၍ ဆိုင်ခန်းများ ဆောက်လုပ်ခြင်း၊ ကားရပ်ရန် နေရာဦးခြင်းတို့အပေါ် ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူတို့၏ အမြင်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။
“ထိထိရောက်ရောက် အရေးယူမယ် ဆိုရင်တော့ ဘယ်သူမှ သွေးတိုးစမ်းရဲမှာ မဟုတ်ဘူး”
ဦးဇေယျာထွန်း (အငှားယာဉ်မောင်း)
ရပ်ကွက်ထဲမှာရှိတဲ့ စည်ပင်ပိုင် နယ်နိမိတ်မှာ ရှိတဲ့ ဆိုင်ခန်းတွေကို ဖျက်ခိုင်းနေတာတွေ၊ တချို့မြို့နယ်တွေမှာ လုပ်နေတာတွေ တွေ့ရတဲ့အတွက် ကားမောင်းရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အရင်ကဆို ဆိုင်တွေက လမ်းဘေးတစ်ဖက် တစ်ချက်စီတွေမှာ ဆိုင်တွေ ဆောက်ထားတဲ့အတွက် ကားလမ်းလေး လမ်းသွားလောက် လုပ်ထားပေးပေမယ့် လက်တွေ့သွားလို့ ရတာက နှစ်လမ်းလောက်ပဲ။ ကောင်းကောင်းသွားလို့ ရတယ်။ အဲဒါတွေက ဘယ်လိုတွေလဲ ဆိုရင် စည်ပင်ပိုင်နယ်မြေမှာ ဆိုင်ခန်းတွေ ဖွင့်တယ်။ အဲဒီဆိုင်တွေ ဥပမာ- ဘီယာဆိုင် ဖွင့်ထားတယ် ဆိုပါတော့။ အဲဒီဆိုင်ကို လာတဲ့ကားတွေက လမ်းဘေးတစ်ဖက် တစ်ချက်စီမှာ ရပ်ထားမယ်ဆို ကားလမ်းက ပိတ်မယ်။ အဓိက ကျွန်တော်တို့ မဖြစ်မနေ အမြဲဖြတ်နေရတာဆို Junction Square နားက ကားပွဲစားတန်းလမ်းလို နေရာမျိုးတွေမှာ လမ်းဘေးစည်ပင်နယ်နိမိတ်အထိ တက်ပြီး ဖွင့်ထားတဲ့ ဘီယာဆိုင်တွေ ရှိတယ်။ အဲဒီလိုဆိုင်တွေ ရှိနေတဲ့အတွက် ကားလမ်းတွေ ပိတ်တယ်၊ ပုံမှန် ၁၅ မိနစ်လောက် သွားရမယ့်လမ်းမှာ နာရီဝက်၊ တစ်နာရီတွေ ဖြစ်ကုန်တယ်။ အဲဒီလိုတွေကို ဥပဒေအတိုင်း လုပ်တာ ပိုကောင်းပါတယ်။ နောက်တစ်ခု ကျွန်တော်မြင်တာက စည်ပင်က လမ်းမပေါ်မှာ ရောင်းနေတဲ့ ဆိုင်တွေကို အရေးယူမယ် ဆိုရင်လည်း ယူပေါ့။ ဒါပေမဲ့ ဖျက်ထားပြီးသား နေရာတွေမှာ ထီးတွေနဲ့ ပြန်ရောင်းနေတာတွေ တွေ့ရတယ်။ အဲဒီတော့ ဆိုင်ခန်းတွေ ဖျက်လိုက်ရတာပဲ ရှိတာ။ ကားတွေကတော့ အရင်ပုံစံအတိုင်းပဲ ကျပ်နေဦးမှာပဲ။ ဒါကြောင့် လုပ်မယ်ဆိုလည်း ထိထိရောက်ရောက် လုပ်တာက ပိုကောင်းပါတယ်။ ရှေ့ကဖျက်၊ နောက်ကျ ပြန်ရောင်း ဆိုတာကြီးက အဆင်မပြေဘူး။ တချို့ဆို စည်ပင်လာမှ ပြေးတာမျိုးတွေက ခဏခဏ တွေ့နေရတာ။ ဈေးသည်တွေ အနေနဲ့လည်း လက်ရှိမှာ ကိုယ်တင်ထားတဲ့ အစိုးရက ချမှတ်တဲ့ ဥပဒေ ဖြစ်တဲ့အတွက် လိုက် နာသင့်ပါတယ်။ တချို့ဥပဒေတွေဆို ဒဏ်ငွေလောက်နဲ့ ပြီးသွားတော့ ပေါ့ပေါ့လေး သဘောထားနေတာမျိုးတွေ ရှိတယ်။ အဲဒီအတွက် ထိထိရောက်ရောက် အရေးယူမယ် ဆိုရင်တော့ ဘယ်သူမှ သွေးတိုးစမ်းရဲမှာ မဟုတ်ဘူး။
“ဒီလိုအခိုင်အခံ့ ဆောက်သည်အထိ ဖြစ်လာတာဟာ ဘာကြောင့်လဲ တွေးစရာ ရှိတယ်”
ဦးဇော်ထက်အောင် (ခရီးသွားပြည်သူ)
ရပ်ကွက်မှာရှိတဲ့ စည်ပင်ပိုင်နယ်မှာ ဆိုင်ခန်းတွေဆောက်ပြီး ရောင်းချနေတာနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိတာက ပြည်သူတစ်ယောက် အနေနဲ့ ပြောရရင် အစိုးရမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် စည်ပင်သာယာမှာ တာဝန်ရှိတာပေါ့နော်။ စည်ပင်သာယာရဲ့ တည်ဆဲဥပဒေကို မလိုက်နာတဲ့ ပြည်သူတွေအဖြစ် သတ်မှတ်မယ် ဆိုရင်တော့ ဒီလိုအခိုင်အခံ့ဆောက်သည်အထိ ဖြစ်လာတာဟာ ဘာကြောင့်လဲ တွေးစရာရှိတယ်။ ခုလိုတွေ ဖြစ်နေတဲ့အတွက် ပြည်သူတစ်ယောက် အနေနဲ့ သွားရေးလာရေး အဆင်မပြေတာတွေ ဖြစ်လာပါတယ်။ ဘယ်လိုအဆင်မပြေလဲဆို ပလက်ဖောင်းတွေမှာဆို လမ်းလျှောက်လို့ အဆင်မပြေဘူး။ အခုတော့ စီမံချက်ကြောင့် လသာ၊ တရုတ်တန်းဟာ အတော်လေး ရှင်းသွားပါပြီ။ တခြားမြို့နယ်တွေမှာတော့ တွေ့မြင်နေရသေးတယ်။ ဘာကြောင့် ကျန်နေသေးတယ်ဆိုတာ အစိုးရမင်းတွေပဲ သိပါလိမ့်မယ်။ လမ်းဘေးဈေးသည်ဆိုတာ နိုင်ငံတကာမှာ ရှိပါတယ်။ ဒါပေမဲ့ ဆိုင်ခန်းတွေ ဆောက်ပြီး ရောင်းချတာမျိုးလောက် အထိတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ လက်ရှိမှာလည်း ယာဉ်ကြောကျပ်တာတွေကို ဖြေရှင်းပေးဖို့က အစိုးရမှာပဲ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဆိုတာ စားဝတ်နေရေး ရုန်းကန်နေရလို့၊ ဒါတွေမတွေးနိုင်လို့ အခွန်ငွေ ပုံမှန်ဆောင်နိုင်အောင် ကြိုးစားပြီး ဒါတွေလုပ်ဖို့ အစိုးရရယ်လို့ သတ်သတ်မှတ်မှတ် လုပ်ပေးနိုင်မယ့် သူတွေကို မဲပေးခဲ့ကြပြီးပြီ။ သူတို့ဘက်ကလည်း ဒါတွေ လုပ်ပါမယ်လို့ ပြောပြီး မဲယူခဲ့ကြတာပဲ မဟုတ်လား။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ ပြည်သူတွေက အခက်အခဲကို ပြောပြမယ်။ အခွန်ကို ပုံမှန်ဆောင်မယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် မလုပ်ပေးနိုင်တာကို အကြံပေးတဲ့ သဘောပါပဲ။
“ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ သေသေချာချာ Survey ဆင်းပြီး လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်”
ဦးထက်ဉာဏ်ဖြိုး (ကိုယ်ပိုင်ယာဉ်မောင်း)
လမ်းဘေးက စည်ပင်ပိုင်နယ်နိမိတ်တွေမှာ ဆိုင်ခန်းတွေဆောက်ပြီး ဈေးရောင်းနေတဲ့အတွက် ကျွန်တော်တို့ကျ ကားရပ်တဲ့အခါ လမ်းဘေးမှာ ချရပ်လို့ မရဘူးပေါ့နော်။ နောက်ပြီး ရပ်ကွက်ထဲက ဘီယာဆိုင်လို ဟာမျိုးတွေဆို ပိုဆိုးတယ်။ သူတို့က လမ်းဘေးမှာ ဆိုင်ဆောက်ထားတဲ့အတွက် ဘီယာဆိုင်လာတဲ့ ကားတွေဆို ကားလမ်းဘေး တစ်ဖက်တစ်ချက်စီ ရပ်ထားတော့ ကားမောင်းရတာ ကားပိတ်တာပေါ့။ ယာဉ်ကြောက မရှည်သင့်ဘဲ ရှည်သွားတာမျိုး၊ လမ်းက မပိတ်သင့်ဘဲ ပိတ်သွားတာမျိုးတွေ ရှိပါတယ်။ နောက် အဲဒီလိုတွေ ဆိုင်ခန်းတွေ ဖွင့်ထားတဲ့အတွက် လူသွားလမ်းဆို ပျောက်သွားတယ်။ လူတွေကလည်း ကားလမ်းပေါ် တက်လျှောက်ရတာမျိုးတွေ ဆိုတော့ ယာဉ်ကြောက မပိတ်သင့်ဘဲ ပိတ်ကုန်တယ်တယ်။ နောက်တစ်ခု ဆိုးတာက ကားပါကင်နေရာ ဦးထားတဲ့သူတွေ ရှိတဲ့အတွက် အဆင်မပြေဘူး။ နောက်တစ်ခု ရှိတာက လမ်းမပေါ်မှာ ဈေးဆိုင်တွေ မရှိတော့ပေမယ့် လမ်းထဲတွေမှာ ဆိုင်တွေ ရှိနေသေးတယ်။ ဒါပေမဲ့ တစ်ခုရှိတာက နေရာတော့ကွာမယ်။ သင်္ဃန်းကျွန်းဘက်မှာ ဆိုရင်တော့ ဘီယာဆိုင်တွေ ဘာတွေသိပ်မရှိဘူး။ လက်ရှိမှာ ယာဉ်လမ်းကြောတွေ ရှင်းစေချင်တယ်ဆိုရင် စည်ပင်ပိုင်နယ်မြေမှာ ဆိုင်ခန်းတွေဖွင့်ပြီး ရောင်းတာတွေကို အရေးယူသင့်သလို ယာဉ်လမ်းကြောတွေ အရင်ကထက် ပိုချောင်လာဖို့ဆို အစိုးရအနေနဲ့ ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ သေသေချာချာ Survey ဆင်းပြီး လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။ လုပ်မယ်ဆို လုပ်နိုင်တာတွေက အများကြီးပါ။ ဒီလိုတွေ လုပ်ပေးတဲ့အတွက် အကုန်လုံးလည်း အဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။
ခိုင်ချယ်ရီထွန်း
Sources; The Voice
စည်ပင်ပိုင် လမ်းနယ်နိမိတ်တွင် ဆိုင်များ ဆောက်လုပ်ခြင်း
Reviewed by Ar Ti
on
12:07 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment