Latest News

Monday, December 12, 2016

မိုးပြာဂိုဏ်း အယူဝါဒတွေ ထုတ်ဝေဖြန့်ချိရင် အရေးယူမယ်လို့ သာသနာရေးဝန်ကြီးပြော


မိုးပြာဂိုဏ်း အယူဝါဒတွေ ထုတ်ဝေဖြန့်ချိရင် အရေးယူမယ်လို့ သာသနာရေးဝန်ကြီးပြော

အဓမ္မ ဝါဒကြေညာထားတယ်ဆိုတာ သူတို့နိုင်ထက်စီးနင်း ဥပဒေမဲ့ အချိန်ကာလက လုပ်ခဲ့တာဖြစ်လို့ လက်မခံကြောင်း ပြောကြားပါတယ်။
 
ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာစာအုပ်တွေ၊ စီဒီခွေတွေနဲ့ တရားဓမ္မတွေကို မိုးပြာဂိုဏ်းကထုတ်ဝေဖြန့်ချိမယ်ဆိုရင် ဥပဒေနဲ့အညီ တရားစွဲဆိုမှာဖြစ်တယ်လို့  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားပါတယ်။

တရားစွဲပြီးတော့ ဗုဒ္ဓသာသနာတော် ထိန်းသိမ်းကာကွယ်ရေးဥပဒေများနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့  သူရဦးအောင်ကိုက ဒီဇင်ဘာ ၁၂ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမှာ  မီဒီယာတွေကို ပြောကြားခဲ့တာ ဖြစ်တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။


မိုးပြာဂိုဏ်းဟာ အစွန်းရောက် သဘောတရားတွေကို ထုတ်ဝေဖြန့်ချိတာကြောင့် ထေရဝါဒဗုဒ္ဓသာသနာရေးနဲ့ လုံးဝဆန့်ကျင်နေပြီး ယခင်က ထေရဝါဒကိုးကွယ်တဲ့ မြန်မာပြည်သူတွေကြား ဗုဒ္ဓသာသနာတော်နဲ့ပတ်သက်လို့ စိတ်ဝမ်းကွဲစရာ၊ တွေးတောစရာ ရိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သူရဦးအောင်ကိုက ပြောထားကြောင်းလည်း သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာ) ဂိုဏ်းမှ သာဝကတွေကိုယ်စား ဦးနေဝင်းက ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာစာအုပ်တွေ၊ စီဒီခွေတွေနဲ့ တရားဓမ္မတွေ ဟောကြားဆွေးနွေးခြင်းတွေကို ပြန်လည်ထုတ်ဝေဖြန့်ချိမှာ ဖြစ်တာကြောင့် ကန့်ကွက်လိုသူတွေရှိပါက ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း အများသိစေဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


အဆိုပါကြေညာချက်ပေါ် သာသနာရေးဦးစီးဌာနက ဒီဇင်ဘာ ၁၂ ရက်မှာ ကြေညာချက်ထုတ်ကာ ပြန်လည် တုံ့ပြန်ခဲ့ပြီး မိုးပြာဂိုဏ်းရဲ့ ကြေညာချက်ဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်အမှတ်(၉၅)၊ အပိုဒ် ၂ (ခ)၊ အပိုဒ်ခွဲငယ် (၂)နဲ့ ငြိစွန်းနေတာကြောင့် ပြန်လည်ရုပ်သိမ်းရန်၊ စာအုပ်၊ စီဒီခွေတွေ၊ ထုတ်ဝေဖြန့်ချိခြင်းမပြုရန်နဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်မှာဖြစ်ကြောင်း အသိပေး အကြောင်းကြားစာကို ဒီဇင်ဘာ ၆ ရက်က ဦးနေဝင်းထံပေးအပ်ခဲ့ရာ လက်မှတ်ရေးထိုး လက်ခံယူခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

မိုးပြာဂိုဏ်းတည်ထောင်သူ ဦးဉာဏကို  ထောင်ဒဏ်အနှစ် ၂၀ အပြစ်ပေးခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာကြောင်းသိရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တကယ့်ရည်ရွယ်ချက်က အဓမ္မ ဝါဒကြေညာထားတယ်ဆိုတာ သူတို့နိုင်ထက်စီးနင်း ဥပဒေမဲ့ အချိန်ကာလက လုပ်ခဲ့တာဖြစ်လို့ လက်မခံကြောင်းနဲ့  ဘယ်လိုပင် အဓမ္မဝါဒလို့ ကြေညာနေပါစေ ပစ္စုပ္ပန်ကမ္မဝါဒကို ဦးဉာဏဦးစီးတဲ့ ယုံကြည်ကိုးကွယ်သူတွေက ဒီဒဿနကိုပဲ ဆက်လက်ပြီးတော့ ပြန့်ပွားအောင် လုပ်ဆောင်နေမယ်ဆိုတဲ့ အကြောင်းရင်းပါပဲလို့ ဦးနေဝင်းက ပြောကြားထားကြောင်း သတင်းမှာ ရေးသားထားပါတယ်။

ထေရဝါဒဗုဒ္ဓဒေသနာတော် အဆုံးအမတွေကို မလိုက်နာဘဲ အတိတ်ဘဝ၊ အနာဂတ်ဘဝ၊ ၃၁ ဘုံနဲ့ သံသရာမရှိဆိုတဲ့ ရုပ်ဝါဒအယူကိုယူကာ ပိဋကတ်တော်သုံးရပ်နဲ့ အဋ္ဌကထာ၊ ဋီကာတို့ကို ဆန့်ကျင်ဝေဖန်ပြီး ပစ္စုပ္ပန်ကမ္မဝါဒကို ဟောကြားတဲ့ ဓမ္မဝိဟာရိအမည်ခံ ရှင်မိုးပြာ (ခေါ်) ရှင်ဉာဏရဲ့ ဟောပြောချက်တွေ၊ ရေးသားချက်တွေ၊ အင်တာနက်ပေါ်တင်ပြချက်တွေဟာ အဓမ္မဝါဒတွေဖြစ်ကြောင်း နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးတွေက ၂၀၁၁ နိုဝင်ဘာ ၁၅ ရက်မှာ ဆုံးဖြတ်ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, Shin Nyarna(Facebook)
 



No comments:

Post a Comment