Latest News

Thursday, December 29, 2016

တက်ညီလက်ညီအလုပ်လုပ်ရမယ့်အချိန်

တက်ညီလက်ညီအလုပ်လုပ်ရမယ့်အချိန်



မြန်မာနိုင်ငံသားတွေအားကြိုးမာန်တက် အလုပ်လုပ်ကြရမယ့်အချိန်ကို ရောက်ပါပြီ။ မြန်မာနိုင်ငံ ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ ဘယ်သူ့ကိုမှ လက်ညှိုးထိုး အပြစ်ဖို့မနေဘဲ အားလုံးကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစား ကြရမှာဖြစ်ပါတယ်။ အတိတ်က ဒဏ်ရာတွေကို အပြစ်ဖို့နေရုံနဲ့ တိုးတက်ဖွံ့ဖြိုးမှုရှိ လာမှာမဟုတ်ပါဘူး။ နိုင်ငံတော်ဧ။်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံခရီးစဉ်မှာ လာမယ့်နှစ်(၂၀) အတွင်း မြန်မာနိုင်ငံက စင်ကာပူနိုင်ငံကို ကျော်တက်နိုင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီပြောကြားမှုအပေါ် ထိုင်ရာမထ ဝေဖန်သူတွေရှိခဲ့သလို မျက်စိစုံမှိတ်ထောက်ခံခဲ့ကြသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့မှုက မဖြစ်နိုင်တဲ့ကိစ္စတစ်ခုကို ရယ်စရာ မောစရာ လုပ်ပြောခဲ့တာ မဟုတ်ပါဘူး။ ဝေဖန်ပြစ်တင်သူတွေ ပြောနေသလို နတ်သမီး အိပ်မက်မက်နေတာလည်း မဟုတ်ဘူး။ မျက်စိစုံမှိတ်ထောက်ခံသူတွေလို ဘာမှမလုပ်ဘဲ ထိုင်ပြီး မင်းလောင်းမျှော်နေရုံနဲ့လည်း ရှိရင်းစွဲအခြေအနေက တက်လာမှာမဟုတ်ဘူးဆိုတာ သတိပြုဖို့ လိုပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ လူတစ်ဦးချင်းဝင်ငွေ(per capital income)အနည်းဆုံး နိုင်ငံလည်းဖြစ်သလို၊ တစ်မျိုးသားလုံး ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) လည်း အနည်းဆုံးမှာ ရှိနေတဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (Least development country) တစ်ခုသာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ဖို့ အားယူနေဆဲ နိုင်ငံလည်းဖြစ်တယ်။ အမှန်တကယ် အားသွန်ခွန်စိုက်လုပ်ရင် မြန်မာနိုင်ငံက စင်ကာပူနိုင်ငံကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ လက်ရှိဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်က ရုန်းထွက်နိုင်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီနေ့ အာရှထိပ်တန်း စင်ကာပူဆိုတာ လွန်ခဲ့တဲ့ ရာစုတစ်ဝက်လောက်က မြန်မာနိုင်ငံကို အတုယူအားကျခဲ့ရတဲ့ ကျွန်းနိုင်ငံလေးသာ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက သူတို့ခေါင်းဆောင် မြန်မာပြည်ကို အလည်အပတ် ရောက်လာတော့ နောင်နှစ်နှစ်ဆယ်အတွင်းမှာ မြန်မာနိုင်ငံကို အမီလိုက်မယ်လို့ ကြုံးဝါးခဲ့သတဲ့။ ရန်ကုန်တက္ကသိုလ်ဆိုတာ နိုင်ငံတကာ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ လာ ရောက်ပညာဆည်းပူးရာ ပညာရပ်ဝန်းကြီး။ မင်္ဂလာဒုံလေဆိပ်က အရှေ့တောင်အာရှမှာ အကြီးဆုံး၊ ဦးဝိစာရလမ်းက အာရှမှာ အလှဆုံးလမ်းဖြစ်ခဲ့ချိန်။ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံတွေထဲက ထိပ်တန်းနိုင်ငံ။အားကစားမှာလည်း အာရှအဆင့် ရွှေ တံဆိပ်တွေ၊ တံခွန်စိုက် ဒိုင်းဆုတွေ နှစ်စဉ် ယူနေချိန်။ သူ့ခေတ်သူ့အခါက အစစအရာ ရာထိပ်တန်းမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခဲ့တယ်ဆိုတာ သမိုင်းသက်သေပါပဲ။ စီမံခန့်ခွဲမှုအလွဲတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ အာဏာရှင်စနစ်ဆိုးက ပန်း ပန်ခဲ့ပြီး တိုင်းပြည်လည်း လှေလှော်ရင်း တက်ကျိုးခဲ့ရတယ်။ ပြည်သူတွေလည်းဖွတ်ကျောပြာစု ခရုဆန်ကျွတ် ဘဝရောက်ခဲ့ကြရတယ်။ အခုချိန်က ပြန်လည်ထူထောင်ရေးကာလကို ရောက်ခဲ့ပါပြီ။ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် မတူတာ တွေခွဲလုပ်၊ တူတာတွေ တွဲလုပ်ကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။

တကယ်တော့ စင်ကာပူက စတုရန်း ကီလိုမီတာ ၇၀၀ ကျော်လေးသာရှိတဲ့နိုင်ငံ ကျဉ်းကျဉ်းလေး။ ရန်ကုန်တိုင်းဒေသကြီးထက်တောင် သေးငယ်တယ်။ လူဦးရေကလည်း လေးသန်းကျော်သာရှိတယ်။ နည်းပညာအခြေပြု တန်ဖိုးမြှင့်ထုတ်ကုန်၊ ပညာ အခြေခံကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုကို အားပြုနေရတဲ့နိုင်ငံ၊ သဘာဝသယံဇာတ မယ်မယ်ရရ ဘာမှမထွက်ဘူး။ ဒီလို နိုင်ငံကို ရေခံမြေခံကောင်းပြီး သင်ယူတတ်လွယ်တဲ့ လူ့အဖွဲ့အစည်းက နှစ်နှစ်ဆယ်အတွင်း မကျော်ဖြတ်နိုင်ဘူးလား။ စင်ကာပူ အပါအဝင် ကမ္ဘာ့အရပ်ဒေသအနှံ့မှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား သန်းဂဏန်းရှိနေတယ်။ အဲဒီလူတွေထဲမှာ ပညာရပ်ကျွမ်းကျင် အရာထမ်း အမှုထမ်းတွေလည်းပါဝင်တယ်။ ကမ္ဘာ့လုပ်ငန်းခွင်အသီးသီးက မြန်မာတွေလုပ်ရည်ကိုင်ရည်ရှိပြီး အလုပ်ကို တန်ဖိုးထားကြတယ်လို့ နာမည်ကောင်းရကြတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေသန်းခေါင် စာရင်း ၂၀၁၄ ခုနှစ် စာရင်းတွေအရ အလုပ်လုပ်နိုင်သူ အသက်(၁၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ လူဦးရေအချိုး ၆၄ ဒသမ ၄ ရာခိုင်နှုန်းရှိနေတယ်။ အလုပ်အကိုင်ရရှိမှုနဲ့ လူဦးရေအချိုးမှာ အမျိုးသားများတွင် ၈၁ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီးများ တွင် ၄၈ ဒသမ ၄ ရာခိုင်နှုန်း အထိရှိပါ တယ်။ အလုပ်လုပ်နိုင်သော လူဦးရေဧ။် ၄ ရာခိုင်နှုန်းက အလုပ်လက်မဲ့များ ဖြစ်ကြ တယ်လို့ ဖော်ပြထားတယ်။

သန်ခေါင်စာရင်းမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအရ မြန်မာတွေ အလုပ်လုပ်ချင်ကိုင်ချင်စိတ်ရှိတယ်ဆိုတာ ဖော်ပြနေတယ်။ ၁၉၉၇ ခုနှစ်ထုတ် ဇွန်လ သင့်ဘ၀မဂ္ဂဇင်းမှာ 'မြန်မာတွေ ပျင်းသလား' ခေါင်းစဉ်နဲ့ ကာဗာစတိုရီတစ်ခု ဆရာကျော်ရင်မြင့်က ရေးသားခဲ့တယ်။ ဆရာကျော်ရင် မြင့်ရဲ့ အင်တာဗျူးမှာ လန်ဒန်တက္ကသိုလ် မြန်မာဘာသာဌာနကထိက ဂျွန်အိုကယ်လ်၊ သတင်းစာဆရာမကြီး လူထု ဒေါ်အမာ၊ သတင်းစာဆရာ လူထုစိန်ဝင်း၊ အာရှဓန ဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအိုက်ထွန်း၊ အင်္ဂလီကန် ခရစ်ယာန်အသင်းတော် သာသနာပိုင်ချုပ် အင်ဒရေ ဦးမြဟန်၊ စာရေးဆရာ ဒါရိုက်တာ ဦးသုခ၊ အဲဒီအချိန်က ပွဲစား၊ ကုန်သည်၊ စက်ပိုင်ရှင်များ၊ ကထိန်တော်အသင်းဥက္ကဋ္ဌ၊ လက်ဖက်လုပ်ငန်းရှင် အရီးတောင်း ဦးကျော်သိန်းစတဲ့ နယ်ပယ်စုံက လူတွေကို တွေ့ဆုံမေးမြန်းထားတယ်။ သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ အမြင်က "ငါမြင်တာ ပြောရရင် ပျင်းတော့ မပျင်းဘူး။ မပျင်းတဲ့အပြင် တို့လူတွေက အကင်းပါးတယ်။ လာဘ်မြင်တယ်လေ။ သူများနဲ့ ပခုံးခြင်းယှဉ်ကြည့်၊ နို့ပေမယ့် ဇွဲ မကောင်းဘူးကွ။ ရေရှည်ကျိတ်ကြ တာဝေးပြေးကြဆိုရင် အတော်များများက မရောက်တော့ဘူး။ ရေတိုပဲ။ ပြီးတော့ ဟုန်းခနဲ စိတ်လှုပ်ရှားလွယ်တယ်။ သွေးဆူတဲ့ လူမျိုးကိုး။ ဒါပေမဲ့ အမှတ်အတေး မရှိဘူး။ မေ့လွယ်ပျောက်လွယ် ခွင့်လွှတ်လွယ်တယ်။ တို့မှာ ကောင်းတာလည်းရှိရဲ့၊ မကောင်းတာလည်းရှိရဲ့။ တို့ဘာလို့ဒီလို စိတ်ထားမျိုးရှိလဲ သိလား။ တို့နိုင်ငံက အရင်တုန်းက ပေါများခဲ့လို့၊ ချမ်းသာခဲ့လို့။ ဇွဲတွေခံနိုင်ရည်တွေ နည်းတာက သိပ်ပြီး မဆင်းရဲခဲ့ဖူးလို့ ထင်တာပဲ။" လန်ဒန်တက္ကသိုလ် မြန်မာဘာသာဌာန အကြီးတန်းကထိက ဂျွန်အိုကယ်လ်က မြန်မာတွေကို အခုလို မှတ်ချက်ပြုတယ်။ "အလုပ်ဖြစ်စေချင်တဲ့နေရာမှာ မြန်မာက သိပ်အလုပ်လုပ်နိုင်တာပဲ။ အပင်ပန်းခံချင်တဲ့နေရာမှာလည်း သိပ်အပင်ပန်းခံနိုင်တာပဲ။ အလုပ်လုပ်ဖို့မလိုဘူးထင်တဲ့နေရာမျိုး မှာလည်း သိပ်ပစ်စလက်ခတ်နိုင်တာပဲ။" အဲဒါကတော့ နိုင်ငံခြားသားပညာရှင် တစ်ယောက် မြန်မာတွေအပေါ် မြင်တဲ့အမြင်ပါ။ ယေဘုယျအားဖြင့် မြန်မာတွေ မပျင်းပါဘူး။

ကျွန်တော်တို့အားလုံး တက်ညီလက်ညီ စိတ်ဝမ်းမကွဲဘဲလုပ်ကြရင် စင်ကာပူနိုင်ငံကို နှစ်နှစ်ဆယ်အတွင်း ကျော်တက်နိုင်ရမှာပေါ့။ နှစ်နှစ်ဆယ်ဆိုတာ ဘာမှမလုပ်ဘဲထိုင်နေသူတွေများရင် ဘာမှမဖြစ် နိုင်တဲ့အချိန်ကာလပါပဲ။ ဖြစ်ရမယ်လို့ တွက် ဆပြီး စနစ်တကျ စုပေါင်းလုပ်ကြရင်လည်း ဆယ်စုနှစ်နှစ်ခုဆိုတာ လုံလောက်တဲ့အချိန် ဖြစ်ပါတယ်။ ဘာမှမလုပ်ဘဲ ထိုင်နေရင် တော့ ဘယ်ဘုရားသခင်ကမှ ခင်ဗျားကို သနားလိမ့်မည် မဟုတ်ချေ။

ဘာမှဖြစ်မှာ မဟုတ်ပါဘူးလို့ တွေးထင်ထားရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဖြစ်ကိုဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချခဲ့ရင်လည်း ခင်ဗျား ဆုံးဖြတ်ထားတဲ့အတိုင်း ဖြစ်လာမှာပါ။
ဘာဖြစ်လို့လည်းဆိုရင် အရာရာဟာ စိတ်တန်ခိုးသတ္တိက စခဲ့တာမို့ပါပဲ။ မိတ်ဆွေက မြန်မာတွေ နှစ်နှစ်ဆယ်အတွင်းမှာ ကျော်တက်နိုင်မယ်လို့ထင်သလား။ မကျော်တက်နိုင်ဘူးလို့ထင်လား။ မိတ်ဆွေထင်တဲ့ အတိုင်းမှန်ပါလိမ့်မယ်။ မိတ်ဆွေက တိုင်းချစ် ပြည်ချစ်စိတ်ရှိတူ၊ အခြားနိုင်ငံတွေနည်းတူ ကိုယ့်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်လိုသူဆို ရင် ကိုယ့်လုပ်ငန်းကို ရိုရိုသေသေ လေးလေးစားစားလုပ်ပါ။ နိုင်ငံဖွံ့ဖြိုးဖို့ဆိုတာ ကိုယ့်မိသားစုကို ဖွံ့ဖြိုးအောင် အရင်လုပ်ရတာပါ။ မိသားစုဖွံ့ဖြိုးပါမှ ရပ်ရွာမြို့နယ် တိုးတက်မှာပါ။ ရပ်ရွာမြို့နယ် တိုးတက်ပြီဆိုမှဖြင့် တိုင်းနိုင်ငံ ပြည်အနှံ့ တိုးတက်ပြီပေါ့။ နိုင်ငံဖွံ့ဖြိုးတိုက်တက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဂုဏ်သိက္ခာရှိရှိ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာလက်မထောင်ချင်ရင် နယ်စပ်ဒေသက စစ်ပွဲတွေရပ်ရပါ့မယ်။ တိုင်းပြည်က စစ်ဒဏ်ပိလို့ မဖြစ်ပါဘူး။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံကြရပါ့မယ်။ ပညာနဲ့ အသက်မွေးဝမ်းကျောင်းနိုင်တဲ့ လူ့ အဖွဲ့အစည်းကို ထူထောင်ကြရပါ့မယ်။ နိုင်ငံတကာအဆင့်မီ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာချင်အောင် လုပ်ပေးရပါ့မယ်။

တစ်ဦးချင်း တစ်ယောက်ချင်း သာမက အစုအဖွဲ့နဲ့လုပ်တဲ့ လုပ်ငန်းတွေမှာ လည်း စွမ်းဆောင်ရည်တွေ ပြည့်မီနေရပါ့ မယ်။ သာမည ဆရာတော်ဘုရားကြီးရဲ့ အဆုံးမ စကားလေး မိတ်ဆွေတို့ကို ဓမ္မဒါန ဝေမျှလိုက်ပါရစေ။

ဥုံ မပျင်းနဲ့
နောင် မပျင်းနဲ့
ဘယ်တော့မှ မပျင်းနဲ့။

သန်းနိုင်ဦး
The Speaker News Journal အတွဲ ၁၊ အမှတ် ၎
(၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆-၂၁)

No comments:

Post a Comment