လှသော အန္တရာယ်များသော ၁၀ ချက်
မလေးရှားအကွက်က လှသလောက် အန္တရာယ်များတယ်။
၁) ဒေါ်အောင်ဆန်းစုကြည်ပေါ် နိုင်ငံတကာမီဒီယာ မီးမောင်းတအားထိုးချိန်မှာ သူက တိုက်ရိုက်စိန်ခေါ်လိုက်တဲ့အတွက် သူ့အပေါ်ပါ နိုင်ငံတကာ မီဒီယာ အာရုံရောက်သွားစေတယ်။
၂) ပြည်တွင်းမှာ အကျပ်အတည်း ရင်ဆိုင်နေရတဲ့အတွက် အာရုံပြောင်းဖို့ မြန်မာဟာ အကောင်းဆုံး နည်းလမ်းပဲ။ အမြတ်များပြီး အရှုံးနည်းတယ်။ မြန်မာက စိတ်ဆိုးရင်တောင်မှ မလေးရှားမှာ မြန်မာတွေ သိန်းနဲ့ချီ အလုပ်လုပ်နေကြတဲ့အတွက် ဓားစာခံ သဘောမျိုး ဖြစ်နေပြီး သိပ်မတင်းမာရဲလောက်ဘူး တွက်ပုံရတယ်။ နောက်တစ်ချက်က မြန်မာဆီကနေ မလေးရှားက ရစရာ နောင်သိပ်မရှိတော့ဘူးလို့ တွက်ပုံရတယ်။
၃) လူ့အခွင့်အရေး ကာကွယ်သူအဖြစ်ရော၊ အစ္စလာမ်အရေး ရှေ့တန်းက ထွက်ရပ်သူအဖြစ် ရိုးရိုးနိုင်ငံတကာမှာရော အစ္စလာမ် နိုင်ငံတကာလောကမှာရော ပြည်တွင်းမှာရော Champion ခေါင်းဆောင်အဖြစ် ပုံရိပ်ပေါ်လာစေတယ်။ နိုင်ငံတကာ မီဒီယာအချို့နဲ့ အင်တာဗျူးတဲ့ အခါမှာတော့ Killing two or Three birds with one stone ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် သုံးကောင် ပစ်တယ်လို့ ကျွန်တော် ပြောဖြစ်ပါတယ်။
၎) အပေါ်က သုံးချက်လုံးဟာ မလေးရှား ခေါင်းဆောင်ပိုင်း မဲရော ပုံရိပ်ရော တက်စေမယ့် အကျိုးတွေပါပဲ။ လှတဲ့အကွက်ပေါ့။ အန္တရာယ်က ဘာတွေရှိနိုင်လဲ။ အောက်မှာရေးပါ့မယ်။
၅) မလေးရှားမှာရော ဒေသတွင်းမှာပါ အစ္စလာမ် အစွန်းရောက်တွေ တစခန်း ပြန်ထလာနိုင်တယ်။
၆) ရခိုင်ကိစ္စ ပြေလည်ရေးထက် ပိုရှုပ်ထွေးသွားစေတယ်။ ဘက်တွေ ထပ်ပေါ်လာတဲ့အတွက် မှန်တာ၊ မှားတာ အရေးမကြီးဘဲ ကိုယ့်ဘက်မှန်ဖို့ ပိုပြီး အားစိုက်ကြလိမ့်မယ်။ ပြဿနာက ထင်တာထက် ပိုကြာသွားနိုင်တယ်။ ပြည်တွင်းမှာ ကိုယ့်အချင်းချင်း စည်းလုံးဖို့ ပိုကြိုးစားရလိမ့်မယ်။
၇) မလေး ထိပ်ဆုံးပုဂ္ဂိုလ်ပါ ပါဝင်တဲ့အတွက် မလေးရှား ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေအတွက် အန္တရာယ် သိပ်များသွားပြီ။ မြန်မာတွေကို တိုက်ခိုက်တာတွေ များလာရင် မလေးအစိုးရမှာ တာဝန်ရှိသွားပါပြီ။ မြန်မာဘက်က မလေးရောက် မြန်မာတွေအတွက် အစီအစဉ်တွေ ဆွဲထားဖို့ လိုပါတယ်။ ဒီတစ်ခါနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ဒီပြဿနာ မပြီးသရွေ့ ထပ်ခါထပ်ခါ ဖြစ်နေမှာပါ။ မလေးရှားက ပြန်လာသူတွေအတွက် မြန်မာပြည်တွင်းမှာ အလုပ်အကိုင်တွေ ဖော်ထုတ်ဖို့ စလုပ်သင့်ပါတယ်။
၈) အမေရိကန်နဲ့ တရုတ် လွန်ဆွဲပွဲမှာ သတိထား ရပ်တည်နေရတဲ့ အာဆီယံရဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲသွားနိုင်ပါတယ်။ မလေးရှားဟာ အာဆီယံ တည်ထောင်သူ ကနဦး ခြောက်နိုင်ငံမှာပါပြီး ခုလည်း ဦးဆောင်ဦးရွက် ပြုနေတဲ့နိုင်ငံ ကိုယ်တိုင်က ဒီလိုလုပ်ပြီဆိုရင် အာဆီယံရဲ့ ရည်မှန်းချက် ရပ်တည်မှုဟာ ချောက်ကမ်းပါးထိပ် ရောက်သွားပါပြီ။
၉) မြန်မာဘက်က လွတ်လပ်တဲ့ နိုင်ငံပီပီ ရပ်တည်ရမှာ ဖြစ်ပေမယ့် စိတ်အေးအေးထားပြီး တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ လက်ဝှေ့ပွဲမှာ တစ်ဖက် လက်ဝှေ့သမား ဆွတဲ့နောက် ဒေါသထွက်ပြီး လိုက်မိရင် ပွဲသိမ်းလက်သီးနဲ့ တွေ့သွားနိုင်ပါတယ်။
၁၀) စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့လိုက်တာဟာ အချိန်ကိုက် ဆောင်ရွက်ချက် ဖြစ်ပါတယ်။ အဲဒါမျိုး ဆောင်ရွက်ချက်တွေကို ပြည်ပမီဒီယာတွေက သိပ်မသိပါဘူး။ ကိုယ့်ဘက်က ဘာလုပ်နေတယ် ဆိုတာ နိုင်ငံတကာရော ပြည်တွင်းကပါ သိအောင် ချပြနိုင်ဖို့ အရေးကြီးပါတယ်။ “ကျွန်တော်တို့ မတရား ခံရတာပါ” ဆိုပြီး ကိုယ့်ဘာသာ အော်နေတာမျိုးက အလုပ်မဖြစ်လှပါဘူး။
မလေးအရေးက လေးလွန်းပါတယ်။
ဇေယျသူ
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment