Latest News

Thursday, December 29, 2016

ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်မှ အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် တွေ့ဆုံခြင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်မှ အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် တွေ့ဆုံခြင်း


ပြီးခဲ့သည့် နိုဝင်ဘာ ၂ဝ ရက်က AA, KIA, TNLA, MNDAA လက်နက်ကိုင် လေးဖွဲ့ ပူးပေါင်းထားသည့် မြန်မာပြည် မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ မူဆယ် ၁ဝ၅မိုင် ကုန်သွယ် စခန်းအား စစ်ဆင်ရေး စတင်ခဲ့သည်။ အဆိုပါ မဟာမိတ် အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင်နေသည်။ မြောက်ပိုင်းမဟာ မိတ်အဖွဲ့မှလည်း ထိုသို့ တွေ့ဆုံ ဆွေးနွေးရာတွင် တရုတ်နိုင်ငံအား သက်သေထားပြီး 'ဝ'ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ၏ ပူးပေါင်းမှုဖြင့် ဆွေးနွေးမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးရာတွင် ပါဝင်မည့်ကိစ္စများ၊ မကြာမီ ကျင်းပတော့မည့် တိုင်းနှင့်ပြည်နယ် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်မှ အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေ အား ရန်ကုန်တိုင်းမ် ဂျာနယ်မှ တွေ့ဆုံ မေးမြန်းထားပါသည်။

Q : ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ ဘယ်တော့လောက် တွေ့ဖြစ်မလဲ ခင်ဗျ။

■ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးပေါ်လစီက တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းနဲ့ သွားမယ်လို့ မူဝါဒ ချမှတ်ထားပါတယ်။ ဒီမူဝါဒ မပြောင်းမချင်းမှာ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းကို သွားမယ် ဆိုတဲ့ သဘောပါ။ တွေ့ဆုံ ဆွေးနွေးဖို့ ချက်ချင်း မဖြစ်နိုင်ရင် ဖြစ်နိုင်တဲ့ နည်းလမ်းက အလွတ်သဘော ဆွေးနွေးမှုတွေ ကနေ ပြန်စရတဲ့ အနေအထားရှိတယ်။ အလွတ်သဘော ဆွေးနွေး ပွဲတွေကနေပြီးတော့ ကျွန်တော်တို့ စသွားမှာပါ။ အဲဒီတော့ အလွတ် သဘော ဆွေးနွေးပွဲတွေမှာ စည်းကမ်း သတ်မှတ်ချက်တွေ အများကြီး မရှိပါဘူး။ နည်းလမ်းတွေ ရှာမယ်။ ရှာပြီးတော့မှ စားပွဲဝိုင်းဆွေး နွေးပွဲတွေမှာ တင်မယ်။ အဲဒီသဘောမျိုးကို ရည်ရွယ်ပြီးပြောတာ ဖြစ်ပါတယ်။ အခုထိတော့ ဘယ်နေ့ဘယ်အချိန်မှာ တွေ့မယ်ဆိုတာ ကို ကျွန်တော်တို့ဘက်က မရှင်းပြရသေးပါဘူး။

Q:  ဒီလိုတွေ့တဲ့ အခါမှာ တရုတ်နိုင်ငံအပြင် 'ဝ' ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) ကို သက်သေ ထားဖို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒါကိုရော ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ခွင့်ပြုမှာလား။

■ပေါ်လစီ ချမှတ်တာကတော့ အစိုးရရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ တပ်မတော်နဲ့ ညှိနှိုင်းပြီး ပေါ်လစီ ချမှတ်တယ် လို့ပဲ ကျွန်တော် တို့နားလည်တယ်။ ဒီပေါ်လစီ ပေးထားတဲ့ အတိုင်း ကျွန်တော်တို့က ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဒီပေါ်လစီ မပြောင်းမချင်း ပေးထားတဲ့ အတိုင်းပဲ ရှိမှာပါပဲ။ ကျန်တာကတော့ တကယ့်လက်တွေ့ ဆောင်ရွက်တဲ့ အပေါ်မှာ မူတည်ပြီး လုပ်နိုင်မယ့် အနေအထား ရှိပါတယ်။

Q : သူတို့ကို သက်သေထားဖို့ရော လိုအပ်ပါလား။ ဒါကိုရော ဦးလှ မောင်ရွှေ ဘယ်လိုသုံးသပ်ပါသလဲ။

■လက်တွေ့ကတော့ ကြိုးစားပြီးတော့ ဆောင်ရွက်နေတာ တွေ့ရတယ်။ ဒါနဲ့ပတ်သက်တဲ့ တိတိကျကျ ကျွန်တော်တို့ နိုင်ငံထဲမှာ ဆွေးနွေးမယ် ဆိုရင် ဘယ်လိုမျိုးပုံစံနဲ့ ဆွေးနွေးမယ်။ ပြင်ပမှာသွား ဆွေးနွေးမယ် ဆိုရင် ဘယ်လို ပုံစံမျိုးနဲ့ သွားဆွေးနွေးမယ် ဆိုတာတော့ တစ်ခုချင်းပေါ်မှာ မူတည် ပြီးတော့မှပဲ ကျွန်တော်တို့ရဲ့ လူကြီးတွေကပဲ ပေါ်လစီ ပေးမယ်လို့ ကျွန်တော် နားလည်တယ်။ ဒါပေမဲ့ အဓိက ရည်ရွယ်တာက ငြိမ်းချမ်းရေး ရနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးက ရေရှည် တည်တံ့ ခိုင်မြဲပြီး အားလုံး လက်ခံနိုင်တဲ့ လမ်းစဉ် အတိုင်းသွားဖို့ အဲဒီ ရည်ရွယ်ချက် ဘောင်ထဲမှာပဲ ရှိမှာပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာတော့ လိုအပ်တယ်၊ မလိုအပ်ဘူး ဆိုတာထက် နှစ်ဖက် ညှိနှိုင်းပြီး အဖြေရှာတာ ဖြစ်တဲ့အတွက် ညှိနှိုင်းပြီးသွားနိုင်ဖို့က အဓိကပဲ။ ပေးထားတဲ့ ဘောင်ထဲက ဖြစ်ရမယ်။ ဒါပေမဲ့ တရားသေ ဆုပ်ကိုင်ဖို့ထက် နှစ်ဖက် ယုံကြည်မှု ညှိနှိုင်း ပြီးတော့ သွားရဖို့ဆို တာက အဓိက ဖြစ်တယ်။

ညှိနှိုင်းလို့ရရင် အဆင်ပြေတယ်လို့ ပြောချင်တာပေါ့။
ဒါကတော့ ကျွန်တော်တို့ကို ပေါ်လစီပေးတဲ့ လူကြီးတွေက ဆုံးဖြတ်ပေးရမှာပေါ့။ ကျွန်တော်တို့က အလုပ်အဖွဲ့ ဖြစ်တဲ့အတွက် သူတို့ ပေါ်လစီ ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေ ထဲမှာပဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Q:  မြောက်ပိုင်း မဟာမိတ် အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်း သတ်မှတ်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ပယ်ချခဲ့တယ်။ ဒါပေမဲ့ ရှမ်းပြည် နယ်လွှတ်တော်က သတ်မှတ်လိုက်တယ်။ ဒီနှစ်ခုစလုံးမှာလည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တင်သွင်းခဲ့တာ ဖြစ်တယ် ဆိုတော့ တပ်မတော်ရဲ့ သဘောထားက ဘယ်လိုရှိမယ်လို့ ထင်ပါသလဲ။

■တစ်ဖက်မှာလည်း ပြဋ္ဌာန်းချက်တွေရှိတယ်။ တစ်ဖက်မှာ လည်း ကိုယ့်ရဲ့အယူအဆတွေလည်း ရှိမှာပါပဲ။ ပြဋ္ဌာန်းချက် ထဲမှာ ကိုယ့်ဘက်ကမှန်တယ်လို့ ယုံကြည်တဲ့ ကိစ္စတွေကို ဒီမှာရှိတဲ့ အဖွဲ့တွေက ဆောင်ရွက်ကြတယ်လို့ ကျွန်တော်အနေနဲ့ မြင်ပါတယ်။

Q :  နောက်တစ်ခုက တိုင်းနှင့်ပြည်နယ် နိုင်ငံရေး ဆွေးနွေးပွဲတွေ စတော့ မယ်လို့ သိရပါတယ်။ ဘယ်တော့ စလုပ်ဖြစ်မလဲ။ ဘယ်နေရာတွေ မှာ စလုပ်မှာလဲ ခင်ဗျ။

■အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ NCA စာချုပ် ရဲ့ ပြဋ္ဌာန်းချက်ထဲက အဆင့်တစ်ခုပါပဲ။ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ မဆောင်ရွက်နိုင်ခဲ့ဘူး။ အခု အစိုးရ လက်ထက်မှာ ကျွန်တော်တို့ အချိန်လည်း ရတယ်။ NCA အတိုင်းပဲ ပြန်ပြီးသွား ကြမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ လိုပါတယ်။ ဒါကလည်း တိုင်းရင်းသားတွေ တောင်းဆိုတာကို အကောင်အထည် ဖော်တာ ဖြစ်တဲ့အတွက် ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းရပ် တစ်ခုဖြစ်သလို လိုအပ်ချက်လည်း ဖြစ်တာပေါ့။ ဒါကြောင့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ အောက်တိုဘာက ၂၈၊ ၂၉ရက် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ကော်မတီ (UPDJC) အစည်းအဝေး ဆုံးဖြတ်ချက် ထဲမှာတော့ အဆင်သင့် ဖြစ်တယ်။ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား ဒေသတွေမှာ ဆောင် ရွက်မယ်လို့ ပြဋ္ဌာန်းထားတယ်။ ချက်ချင်း အဆင်သင့် ဖြစ်တဲ့ နေရာတစ်ခုက လူမျိုးအလိုက်ကို ကရင်ပြည်နယ်၊ ဘားအံမှာ လာမယ့် ဇန်နဝါရီလ ၁၈ ရက်ကနေ ၂၁ ရက် ကြားထဲမှာ ဆောင်ရွက်နိုင် အောင် အားလုံးပြင်ဆင်နေတယ်။ ဒေသအလိုက်ကိုတော့ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မှာ ဇန်နဝါရီ ၂၃၊ ၂၄၊ ၂၅ ရက်တွေမှာ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေတယ်။ CSO ဖိုရမ်ကို နေပြည်တော် မှာ ဒီလမကုန်ခင် လုပ်နိုင်ဖို့ ပြင်ဆင်နေတော့ ဇန်နဝါရီလထဲမှာပဲ ဒီသုံးခုက ဆောင်ရွက်မယ့် အနေအထား ရှိတယ်။

Q : အဆင်သင့်ဖြစ်တယ် မဖြစ်ဘူးဆိုတာကိုရော ဘယ်လိုသတ်မှတ် ထားပါသလဲ။

■အဆင်သင့်ဖြစ်တယ် မဖြစ်ဘူးဆိုတာကို ဘယ်လို ပြဋ္ဌာန်းထားလည်း ဆိုတော့ အစုတစ်စုချင်းကနေ ငါးဦး ပါလာတာ ဖြစ်တဲ့အတွက် အတွင်းရေးမှူးအဖွဲ့ ၁၅ ဦး ရှိပါတယ်။ သူတို့ကနေပြီးတော့ အဆို ပြုတဲ့ဟာတွေကို အတွင်းရေးမှူး အဖွဲ့တွေ ဆွေးနွေးကြမယ်။ ပြီးရင် အစုသုံးခုက ဒုဥက္ကဋ္ဌ သုံးယောက်ပါတဲ့ အဖွဲ့ကို တင်ပြမယ်။ သူ တို့ ဒုဥက္ကဋ္ဌတွေ ကြားမှာ ဆွေးနွေးပြီးလို့ သတ်မှတ်တဲ့ဟာကို အဆင်သင့် ဖြစ်တယ်လို့ သတ်မှတ်မယ် လို့ အောက်တိုဘာက ၂၈၊ ၂၉ ရက် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ကော်မတီ (UPDJC) အစည်းအဝေးမှာ ဆုံးဖြတ် ထားပါတယ်။

Q : အဆင်သင့် ဖြစ်တဲ့နေရာက သုံးခုရှိတယ် ဆိုတော့ ကျန်တဲ့ နေရာတွေ မှာရော ဘယ်နေရာတွေ အဆင်သင့် ဖြစ်တယ်ဆိုတာ သတ်မှတ်ပြီး ပြီလား။

■လောလောဆယ်တော့ ချက်ချင်းအဆင်သင့်ဖြစ်တာ သုံးနေ ရာဖြစ်တဲ့အတွက် ဒီဟာတွေပြီးသွားရင်တော့ နောက်ထပ် အဆင် သင့်ဖြစ်တဲ့နေရာတွေ ညှိနှိုင်း ဆောင်ရွက်နိုင်မယ် ဆိုရင် နောက်ထပ် ဆောင်ရွက်လို့ ရမယ့် အနေအထား ရှိပါတယ်။ နောက်ထပ် UPDJC အစည်းအဝေး ကိုတော့ အတွင်းရေးမှူးများ အဖွဲ့အနေနဲ့ တင်ပြထား တာက ဇန်နဝါရီလ ၉ ရက် နောက်ပိုင်း နေပြည်တော်မှာ ဆောင်ရွက်ဖို့ တင်ပြထားတယ်။ ကျွန်တော်တို့ အားလုံး ညှိနှိုင်းလို့ ရတဲ့ရက်မှာ နေပြည်တော်မှာ UPDJC အစည်းအဝေး တစ်ခု ဆောင် ရွက်နိုင်မယ့် အနေအထား ရှိတယ်။ အဲဒီမှာ နောက်ထပ် ဖြစ်ထွန်း တိုးတက်မှုတွေကို ဖော်ပြမယ်။ နောက်ထပ် အဆုံးအဖြတ် ပေးရမယ့် ကိစ္စတွေကိုလည်း အဆိုပြုမယ့် သဘော ရှိပါတယ်။

Q : နိုင်ငံရေး ဆွေးနွေးပွဲတွေက NCA လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့ ဒေသတွေမှာ မလုပ်ဘူး ဆိုတော့ အားလုံး ပေါင်းစည်းရေး အတွက် အဲဒီဒေသတွေမှာ လုပ်ဖို့ အစီအစဉ် ရှိလား။

■NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေကိုလည်း ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်ပြီးတော့ သွားနေပါတယ်။ ဒါပေမဲ့ သူတို့ တွေကလည်း ဃြဗ ထဲမှာ ဆွေးနွေး ညှိနှိုင်းတုန်း ကလည်း သူတို့ပါ နေတာပဲ။ ဒါကြောင့် သူတို့အနေနဲ့လည်း ဝင်ပြီးတော့ ညှိနှိုင်းဆွေး နွေးဖို့ လိုပါတယ်။ သူတို့ကိုယ်တိုင်လည်း လက်မှတ် ရေးထိုး။ ပြီးရင် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဆက်ပါဖို့ ပါပဲ။ သူတို့အနေနဲ့လည်း လက်မှတ် မထိုးဘူးလို့ ဘယ်တုန်းကမှ ကျွန်တော်တို့ကိုမ ပြောထားဘူး။ အထူးသဖြင့် UNFC အဖွဲ့တွေက သူတို့ လက်မှတ် ရေးထိုးမယ်လို့ ကျွန်တော်တို့ကို ပြောထားတယ်။ လက်မှတ် ရေးထိုးမယ်လို့ ပြောထားတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့လည်း ယုံကြည်မှု တည်ဆောက် ပြီးတော့ လက်မှတ် မြန်မြန် ရေးထိုးနိုင်ဖို့ ကြိုးစား ဆောင်ရွက် နေပါတယ်။

Q : လက်မှတ်ထိုးဖို့ရော ဘာတွေက ခက်ခဲနေတယ်လို့ ထင်ပါသလဲ။

■စိန်ခေါ်မှုကတော့ ယုံကြည်မှုတည်ဆောက်တဲ့ အလုပ်ပဲ။ ယုံ ကြည်မှုတည်ဆောက်တဲ့ အလုပ်က ပြောတော့ လွယ်တာ။ လက်တွေ့ လုပ်တော့ ပြောသလောက်တော့ မလွယ်ဘူး။ အဓိကကတော့ ယုံ ကြည်မှုတည်ဆောက်တဲ့ အလုပ်လို့ပဲ ကျွန်တော်ထင်တယ်။

Q : ဦးလှမောင်ရွှေအနေနဲ့ ဘာများဖြည့်စွက် ပြောကြားလိုပါသလဲ။

■၂ဝ၁၁ ခုနှစ်ကနေ ဒီငါးနှစ်တာကာလအတွင်းမှာ နိုင်ငံတ ကာက ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကျွန်တော်တို့ လေ့လာတယ်။ နိုင်ငံတကာက ပညာရှင်တွေနဲ့လည်း လက်လှမ်းမီသလောက် ဆွေး နွေးတယ်။ ကျွန်တော် နားလည်တာက ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ခရီးရှည်တယ်။ ဒီခရီးရှည်ကြီးကို တစ်ဆင့်ပြီး တစ်ဆင့်အောင်မြင်အောင် သွားနိုင်ဖို့လိုတယ်။ အရင် အစိုးရတုန်း က ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ် မတ်လ အထိ ကြိုးစားလုပ်ခဲ့ တယ်။ အခုအစိုးရလည်း ကြိုးစား ပြီးတော့ လုပ်မယ်လို့လည်း ကျွန်တော် နားလည်တယ်။ ဒါပေမဲ့ ဒီနေရာမှာ အဓိက လိုအပ်ချက်က ကျွန်တော့် အနေနဲ့ ပြောရရင် ယုံကြည်မှုတည်ဆောက်တဲ့ အလုပ် ရယ်၊ စဉ်းစားဆင်ခြင် တွေးခေါ်ဝေဖန်သုံးသပ်တဲ့ ဆုံးဖြတ်နိုင်တဲ့ လုပ်ကိုင် နိုင်စွမ်းတွေ၊ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု ဒီသုံးခုစလုံးက ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် နဲ့ တိုက်ရိုက် ချိတ်ဆက်မယ်လို့ ထင်တယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံသားတွေ အားလုံးက ဝိုင်းဝန်း ဖြည့်ဆည်းပေးမှ ကျွန်တော်တို့ အားလုံး လိုချင်တဲ့ ငြိမ်းချမ်းရေး မြန်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။

Q : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Sources; Yangon Media Group

No comments:

Post a Comment